ကလေးတွေရဲ့ မေးခွန်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တာတွေကို ပြန်ပြီး စစ်ကြည့်မယ်ဆိုရင် တိုလီမိုလီ ဝေါဟာရတွေ ဖြစ်နေကြောင်း တွေ့ကြရပါလိမ့်မယ်။ ဘာကြောင့် ဒါတွေကို ရေးနေရသလဲ။ ဘယ်လိုအကျိုးကျေးဇူး ရှိမှာလဲလို့ မေးစရာ ရှိပါတယ်။ တချို့ လူငယ်တွေ သိချင်နေတဲ့ ဝေါဟာရ လေးတွေကို သိရတော့ သို့မဟုတ် စဉ်းစားကြရတော့ ပျော်စရာ ကောင်းတာပေါ့ကွယ်။ ငါကိုယ်တိုင်က ဝေါဟာရ စူးစမ်းတတ်သူ၊ လေ့လာသူ ပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ သို့သော်လဲ ခရီးသွားဟန်လွဲ ဆိုသလို စဉ်းစားမိတာလေးတွေကို ပြန်ပြောရတာကိုတော့ဖြင့် ဝါသနာ ပါမိတာ အမှန်ပါပဲ။ မင်းတို့မှာလဲ ဒီလို တောက်တိုမယ်ရ တိုလီမိုလီလေးတွေ ရှိနေရင် ဈေးကွက်ဂျာနယ် ကတစ်ဆင့် ပြောပြကြစမ်းပါ။ ကဲ- ဒီတစ်ပတ်တော့ဖြင့်-
တံခွန်စိုက်
”ဆရာရေ တံခွန်စိုက်ဆိုတာကို ကျွန်တော်တို့အားလုံး သုံးနေကြတာပဲ။ ကမ္ဘာ့ဘောလုံးပွဲ တံခွန်စိုက် ဖလား ဆိုတာတွေကို ခဏခဏ ပြောသံ ကြားနေရတယ်။ ကျွန်တော်တို့ သိနေတာက ဘုရားတံခွန်တိုင်၊ တံခွန် ကုက္ကားဆိုတာတွေကို သိနေကြတာ။ တံခွန်စိုက် (ချန်ပီယံ)ဆိုတာ ဘာကြောင့် သုံးကြတာလဲ”။
”အေးကွ။ ငါလဲစဉ်းစားမိခဲ့တာ ခပ်ငယ်ငယ်ကတည်းက ဆိုပါတော့။ တံခွန်ဆိုတာမှာ ကြက်လျှာဆိုတာ ရှိသေးတယ်။ သုံးထောင့် ချွန်တံခွန်လေးပေါ့။ နောက်ပြီး ရဲတံခွန်၊ အောင်တံခွန်ဆိုတာတွေ ရှိသေးတယ်။ အလံတွေပေါ့။ တကယ်ဆိုတော့ အလံဆိုတာ မြန်မာစကား မဟုတ်ဘူးကွ။ အာရဗီစကား။ မြန်မာရဲ့ တံခွန်နဲ့ အတူတူလို့ပဲ ဆိုနိုင်ပါလိမ့်မယ်။
”တံခွန်စိုက်ဆိုတာရဲ့ ရင်းမြစ် သုံးစွဲပုံကို တွေ့ခဲ့ဖူးတာက ငါမှတ်မိသလောက် ဆရာနန္ဒရေးတဲ့ သံနှင့် သွေးဆိုတဲ့ ဝတ္ထုကြီးထဲမှာလို့ ထင်မိတာပဲ။ လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ထိုး သတ်ကြတယ်။ အားလုံးမှာ ဗိုလ်စွဲတဲ့ လက်ဝှေ့သမားရဲ့ သျှောင်ထုံးမှာ ကြက်လျှာတံခွန်လေးစိုက်ထားတယ်လို့ သိရတယ်။ အဲဒီလို သျှောင်မှာ တံခွန် စိုက်ထားလိုက်တာက ဗိုလ်တောင်းတဲ့ သဘောပဲ။ ဗိုလ်တောင်းတယ် ဆိုတာက ယှဉ်ချင်သေးရင် ထွက်ခဲ့ကြလို့ စိမ်ခေါ်လိုက်တာပါပဲ။ ချဲလင်း လုပ်တာပေါ့ကွယ်။
”နောက်တစ်ခု တွေ့ဖူးတာ ရှိသေးတယ်။ လွတ်လပ်ရေးနေ့ နွားလှည်းပြိုင်ပွဲမှာ တွေ့ခဲ့ရတာပါ။ နွားလှည်းတွေ ပြိုင်ကြပြီး အားလုံးမှာ ပထမရတဲ့ ပထမစွဲတဲ့ လှည်းထမ်းပိုး ထိပ်လှည်းစည်းခုံးပေါ်မှာ ကြက်လျှာ တံခွန်လေး ထူထားတာကို တွေ့လိုက်ခဲ့ဖူးတယ်။ တံခွန်စိုက်ပဲပေါ့။
”ခုမှ သတိရလာလို့ မေးလိုက်ရဦးမယ်။ မင်းတို့ ရေချိန်ဆိုတာကို ကြားဖူးကြလား”
ရေချိန်
”ကြားဖူးတယ်ဆရာ။ ရေချိန် မကိုက်သေးဘူး။ ရေချိန်ကိုက်သွားပြီ ဆိုတာမျိုးတွေပေါ့။ အထူးသဖြင့် အရက်သောက်တဲ့ လူတွေသုံးကြတဲ့ စကားပဲ။ သေသေချာချာတော့ မသိပါဘူး။ ရေချိန်အကြောင်းကို ပြောပြပါဦးဆရာ”
”ဒီလိုကွယ့်။ မင်းတို့ခေတ်မှာတော့ Stop Watch လို့ ခေါ်တဲ့ အချိန်တိုင်း နာရီတွေ ရှိလာကြပြီ။ အဲဒီလို နာရီပစ္စည်းတွေ မပေါ်မီကတော့ ရေချိန်ကို အသုံးပြုပြီး အချိန်ကာလ ကြာရှည်မှုကို ရေချိန်နဲ့ တိုင်းကြရ တယ်။
”လှည်းပြိုင်ပွဲအကြောင်းကို ပြောပြဦးမယ်။ မြင်းပွဲမှာ မြင်းပြိုင်တယ်ဆိုပါစို့။ ပြိုင်ပွဲဝင်မြင်းတွေ အား လုံး ပြိုင်ပြီး ကွင်းထဲမှာ ပြေးကြရ တာ။ လှည်းပြိုင်ပွဲဆိုရင်အဲဒီ ပြိုင်ပွဲဝင် နွားလှည်းတွေ စုပြုံပြီး တစ်ပြိုင်တည်း ပြေးကြဖို့ ပြိုင်ကွင်းဘယ်မှာ ရှိနိုင်ပါ့မလဲ။ ဒီတော့လမ်းကြောင်း တစ်ခုတည်းမှာပဲ နွားလှည်းတွေ တစ်လှည့်စီပြေးရတယ်။ ပြေးတဲ့ အချိန်ကို ဘယ်လောက်ကြာတယ်ဆိုတာ ရေချိန်နဲ့ မှတ်ပြီးပြိုင်ရတာ။
”ရေချိန်ဆိုတာ ငါမှတ်မိသလောက်ပြောရရင် မင်းတို့သိတဲ့ ပြဒါးတိုင်လိုပါပဲ။ လက်သန်းလောက်ရှိတဲ့ ဖန်ပြွန်ချောင်းလေးပေါ့။ အဲဒီမှာ ပြဒါးတိုင်လိုပဲ အမှတ်အသားတွေ ပါတယ်။ ဆိုပါစို့ကွယ်။ အမြင့်ဆုံး ၁ဝဝ ကနေပြီး အနိမ့်ဆုံး သုညအထိ ဆိုပါတော့။ အဲဒီအထဲမှာ ရေကို ၁ဝဝ အထိ ထည့်ထားတယ်။ အောက် ဘက်က ပိတ်ထားတယ်။ လှည်းကို တာလွှတ်ဒိုင်က တာလွှတ်ကြောင်း အလံကို ရိုက်ပြလိုက်တယ်။ ဒါမှမဟုတ် သေနတ်ဖောက်လိုက်တယ်။ ဒီတော့ ပန်းဝင်ဒိုင်က ဖန်ပြွန်က ရေကို ဖွင့်ချလိုက်တယ်။ ရေကတစ်ပေါက်ချင်း ခပ်သွက်သွက်ကလေး ကျနေတယ်။ လှည်းဘီးက ပန်းတိုင်စည်းကို နင်းမိချိန်မှာ ရေချိန်ကိုပိတ် လိုက်တယ်။ ရေချိန်အမှတ် ၁ဝမှာ ပန်းဝင်တယ်ပေါ့။ နောက်လှည်း တစ်စီးက ရေချိန်အမှတ် ၂ဝ ပန်း ဝင်တယ်ဆိုရင် အဲဒီလှည်းက ပိုပြီးမြန်လို့ပေါ့။
”ဒီတုန်းက မြင်းသမားတွေ ပြိုင်မြင်းပိုင်ရှင်တွေကလဲ ဂျော်ကီကို အစီးခိုင်းပြီး ကိုယ့်မြင်းရဲ့ ပြေးအားကို ရေချိန်နဲ့တိုင်းကြတယ်လို့ ကြားဖူးတယ်။ ရေချိန်တက်လာရင် ပြေး အားမြန်တာပေါ့။ ရေချိန်ကျသွားရင် ပြေးအားနှေးသွားတာပဲပေါ့။
”မင်းတို့ပြောတဲ့ ယမကာ သမားတွေ ရေချိန်မကိုက်သေးဘူး။ ရေချိန်ကိုက်နေပြီ ဆိုတာတွေက အဲဒီ ရေချိန်ကလာတဲ့ စကားတွေပေါ့ကွာ”
ဆက်ရက်မင်းစည်းစိမ်
”ဆရာရယ် ယမကာ ဝေါဟာ ရတွေကိုဆိုက်လာလို့ ဆက်ပြီးမေး ပါရစေဦး။ ယစ်ထွေတဲ့လူတွေကို ဆက်ရက်မင်းစည်းစိမ်ခံနေတယ်လို့ ပြောတတ်ကြတယ်။ အဲဒါဆရာရယ်။ အရက်နဲ့ဆက်ရက်က ဘယ်လို ဆက်စပ်နေလို့လဲ”
”အေး၊ အဲဒါကတော့ ပြောရမှာ ခပ်ခက်ခက်ပဲဟေ့။ နိပါတ်တော် ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးတာက မုဆိုးတစ်ယောက်က တောလည်ရင်း သစ်ပင်တစ်ပင်ရဲ့ ခြေရင်းမှာ ငှက်တွေ အတော်များများ လဲကျနေတယ်။ သေနေတာလဲ မဟုတ်ဘူး။ ဒါနဲ့ပဲ စူးစမ်းကြည့်လိုက်တော့ အဲဒီ သစ်ပင်ကြီးရဲ့ ခွဆုံသစ်ခေါင်းထဲ ရေတွေ ဝပ်နေတာကို တွေ့ရတယ်။ ပန်းပွင့်ပန်းငုံတွေလဲ ရေထဲမှာ အနည်ထိုင်နေတယ်။ ငှက်တွေက ဒီရေကို သောက်မိလို့ ဒီလိုဖြစ်ကုန်ကြတာလို့ ရိပ်မိတာနဲ့ သူပါသောက်ကြည့်လိုက်တယ်။ သူလဲငှက်တွေလို ယစ်မူး လာတာပေါ့။
ဒီမှာတင် အရသာတွေ့ပြီး ပန်းပွင့်၊ ပန်းငုံတွေကို စုပြီး စိမ်ရင်းက စိမ်ရည်ဖြစ်လာတာပေါ့ကွယ်။
”ပန်းပွင့်ဝတ်ရည်က ငှက်တွေကို ယစ်စေတတ်သလား မသိဘူး။ မင်းတို့ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေ စုမိလို့ စကားများနေကြရင် လက်ပံပင် ဆက်ရက်ကျနေတဲ့ အတိုင်းပဲလို့ ပြောတတ်ကြတယ်။ ဟုတ်လား။ ဆက်ရက်ဆိုတာ အလွန်ကို စကားများတဲ့ ငှက်မျိုးလို့ ထင်မိတာပဲ။ လက်ပံဝတ်ရည်ကလဲ နည်းနည်းယစ်စေသလား မသိဘူး။ လက်ပံဝတ်ရည် သောက်လိုက်တော့ ဆက်ရက်တွေက စကားပိုပြီးများတော့တာပေါ့ကွာ။
”နောက်ပြီး ဦးပုညရဲ့ ဝိဇယမင်းသား ပြဇာတ်ထဲက စာတစ်ပုဒ်ကိုလဲ သတိရမိပြန်တယ်။ ဝိဇယမင်းသားကို ပြည်နှင်ဒဏ်ပေးပြီး ပင်လယ်ကြော မျှောလိုက်လို့ သီဟိုဠ်ကျွန်း ရောက်လာတဲ့အခါ ဝိဇယမင်းသား မြည်တမ်းတဲ့ စကားက ဗျာကြွယ်ညှိုးအောင် ရှိုရိုးမြှောင်က၊ ဖိုးခေါင်ရင့်ကြည်၊ ပန်းဝတ်ရည်နှစ်၊ သောက်မူးယစ်လို့၊ ချစ်စရာ သူ့ကိုယ်နဲ့၊ ခုလိုများမြည်တော့၊ ပြည်တော်ကို လွမ်းလှချည်ရဲ့ ငယ်ကျွန်များတဲ့။ ဒါက ငါမှတ်မိတဲ့ ဝိဇယပြဇာတ်က စာကို ရွတ်ပြလိုက်ရတာ။ တခြားကဗျာ စာပေတွေမှာလဲ ဝတ်ရည်နဲ့ မူးယစ်ကြောင်း တွေ့ရတတ်ပါတယ်။
”ဒီတော့ ဆက်ရက်မင်း စည်းစိမ်ဆိုတာ ပန်းဝတ်မှုန်စိမ်ရည်နဲ့ ဇိမ်ခံမိန်းမောနေတာကို ပြောတယ်လို့ ထင်မိတာပဲ”
”နောက်ပြီး သူတို့ပြောတတ်ကြတဲ့ ပုလင်းတူဘူးဆို့ ဆိုတာ”
”ဟာ-အဲဒါက ဘာဆိုင်လဲကွ။ Friend to Friend သူငယ်အချင်းချင်းတွေပဲကွ။ ဖရင့်တူ ဖရင့်လို့ ပြောတာပါ။ နောက်တော့ ဖရင်းက ပုလင်းဖြစ်သွားပြီး ပုလင်းတူပုလင်း။ နောက်တော့ ပုလင်းတူ ဘူးဆို့လို့ အပြောင်အပြက် ပြောကြတာတွေပါ။
”ကဲ-ထားလိုက်တော့၊ ငါပြောခဲ့တဲ့ တံခွန်စိုက်တို့၊ ရေချိန်တို့၊ ဆက်ရက်မင်းစည်းစိမ်တို့ ဆိုတာတွေဟာလဲ ငါ့ဘာသာ မှန်းဆပြောရတာကိုးကွယ့်။ မှားနေရင်၊ တိမ်းနေရင်လဲ လှမ်းပြီး စာရေးကြပေါ့ကွာ”
မပြုံးဘဲနဲ့ ဝါးလုံးခွဲရယ်ချင်
မေး ။ ။ ”ဆရာ- မပြုံးဘဲနဲ့ ဝါး လုံးခွဲရယ်ချင် ဆိုတဲ့စကားသုံးကို စာတွေထဲမှာ တွေ့ရတတ်တယ်။ ရှေး ခေတ်ဝတ္ထုတွေမှာဆိုရင် ပိုလို့တောင် တွေ့ရတတ်ပါသေးတယ်။ ဝါးလုံးခွဲ တာနဲ့ရယ်တာ ဆက်စပ်လို့မရဘဲဖြစ် နေတယ်။ ဘယ်လိုလဲဆရာ”
ကျွန်တော်ကလည်း ရယ်မော လိုက်မိပါတယ်။ ပြီးမှ-
ဖြေ ။ ။ အေးကွ၊ ငါလဲ ငယ်ငယ်ကတည်းက ကြားခဲ့ဖူးပါတယ်။ အားရပါးရ ရယ်တာကိုဆိုလိုကြောင်းတော့ သိသပေါ့ကွယ်။ ဒါပေမယ့် ဝါးလုံးခွဲနဲ့ ဆက်စပ်လို့ကို မရခဲ့ဘူး။ ငါသိလာရပုံကို ပြောရရင် ရယ်စရာ တော့အကောင်းသား။ ဒုတိယကမ္ဘာ စစ်ကြီးပြီးလို့တော ကျေးလက်တွေ ဆီပြေး လွှားရှောင်တိမ်းရာက မြို့ထဲ ပြထဲပြန်ဝင်လာကြတော့ မြို့က ပြာပုံ ဖြစ်နေပြီ။ ဒီတော့ ကိုယ်အိမ်ကိုယ့် ယာကို ကိုယ့်ဘာသာကိုယ်ဆောက် ကြရတာကိုး။ ကိုယ့်ဘာသာကိုယ် ဆိုသော်လဲ အချင်းချင်း ဝိုင်းဝန်းပြီး ဆောက်ကြရတာပေါ့လေ။ သစ်ကြီး ဝါးကြီးမဟုတ်ဘဲ သစ်ငယ် ဝါးငယ် နဲ့ ယာယီဆောက်ကြရတာကိုး။ ဒီ တော့မှ ဝါးလုံးခွဲသံကို သေချာကြား ခဲ့ရဖူးတာပါ။
ဒီလိုကွယ့်။ ဝါးမှာအဆစ်တွေ ရှိတာတော့ မင်းတို့သိပြီးသားပဲ။ ဒီအဆစ်တွေကို တစ်ဆစ်စီခွဲနေတာ မဟုတ်ဘူး။ ဝါးလုံးအဖျားဘက်ကို ဓားနဲ့တစ်ချက် ထက်ခြမ်းဟလိုက်တယ်။ တစ်ဆစ်လောက် ခွဲလိုက်တယ်။ ဝါးလုံးက ထက်ခြမ်းဟ သွားပြီပေါ့။ ဒီတော့ တစ်ခြမ်းကို ခြေနဲ့နင်း နောက်တစ်ခြမ်းကို လက်နဲ့ဆွဲ ပြီးမလိုက်တော့ ဝါးဆစ်တွေတောက် လျှောက်ပြုတ်ပြီး ကွဲသွားကုန်တော့တာပဲ။ ဝါးလုံးဆိုတာက အခေါင်းပွ မဟုတ်လား။ အဆစ်တွေထဲမှာ လေကခိုနေသေးတာကိုး။ ဒီတော့ ခွမ်းခနဲ့ တစ်ချက်မြည်မဟုတ်တော့ဘဲ ဆက်တိုက် စက်သေနတ်ပစ်လိုက်သလို ခွမ်း၊ ခွမ်း မြည်သွားလိုက်တာ ဟိန်းသွားတာပဲ။
အဲဒီအချိန်မှာ အိမ်တွေကလဲ ဟိုအိမ်ဒီအိမ် တစ်ပြိုင်တည်းဆောက် နေကြတာဆိုတော့ ဝါးလုံးခွဲ သံတွေဟာ တခွမ်းခွမ်း မြည်နေတော့တာပဲ။ ငါလဲ အဲဒီအသံတွေကို ကြားရတော့မှ ဝါးလုံးခွဲ ရယ်သံဆိုတာ ဒါမျိုးကို ပြောတာပါလားလို့ သဘောပေါက် ခဲ့ရပါတယ်။ ရယ်လိုက်တာများ ဝါးလုံးခွဲလိုက်သလိုပဲ ဆိုတာလဲ သဘော ပေါက်သွားခဲ့တယ်။ ဝါးဟားဟား ဆိုတာ ဝါးလုံးခွဲတာပေါ့ကွာ။
နှာခေါင်းကျည်ပွေ့ တွေ့မယ်
မေး ။ ။ ”ဆရာ၊ နှာခေါင်းကျည် ပွေ့တွေ့မယ်လို့ ပြောတတ်ကြပါတယ်။ ဒီလိုအတိုင်းသာဆိုရင် ဒုက္ခရောက်လိမ့်မယ်လို့ ဆိုလိုကြောင်းကိုတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုပြောတာလဲ ဆိုတာ…”
ဖြေ ။ ။ ”အေး- အဲဒါကိုတော့ ငါခပ်ငယ်ငယ်က ပုံပြင်လေးတစ်ခု ဖတ်ခဲ့ဖူးတယ်။ ပုံပြင်ဆိုကတည်းက တကယ့်ဖြစ်ရပ် မဟုတ်ဘူးဆိုတာတော့ နားလည်ထားရမှာပေါ့ကွယ်။ ဒီလို ကွယ့်-
”တစ်ခါက လူတစ်ယောက်က တစ္ဆေမကြောက်ဘူးလို့ သူ့အပေါင်း အသင်းတွေကိုပြောပြီး အလောင်းအစားနဲ့ သချုႋင်းမှာသွားအိပ်သတဲ့။ ညသန်းခေါင်လောက်ကျတော့ တစ္ဆေ လေးငါးကောင်က ရောက်လာပါလေရော။ ဒီတော့ သူကလဲ တစ္ဆေတွေ ကြားထဲကို တစ္ဆေယောင်ဆောင် ဝင်သွားပြီး သူတို့နဲ့အတူ မီးလှုံနေဆိုကိုး။ ဒီတော့ တစ္ဆေတစ်ကောင်က ”ဟေ့- လူစော်နံတယ်ကွ”လို့ ပြောသတဲ့။ ကျန်တဲ့တစ္ဆေတွေကလဲ ”ဟုတ်တယ်ဟေ့၊ လူစော်နံတယ်” လို့ပြောသတဲ့။ ဒါနဲ့ပဲ တစ္ဆေတစ်ကောင်က တစ္ဆေတွေနံပါတ်စဉ်ရေ မယ်ဆိုပြီးရေတော့ ဒီကောင်လူပဲဆို ပြီးတွေ့သွားတာပေါ့။ ဒီမှာတင်ဝိုင်းပြီး သူ့နှာခေါင်းကို ဆွဲလိုက်ကြတာ နှာခေါင်းက အရှည်ကြီး ဖြစ်သွားပါလေရော။ မနက်လင်းလို့ အိမ်ပြန် ရောက်တော့ ပုံပျက်ပန်းပျက်နေတဲ့ သူ့နှာခေါင်းကြီးကြောင့် အပြင်မထွက် ဝံ့တော့ဘူးပေါ့လေ။ သူ့သူငယ်ချင်း ကအိမ်လာပြီး အဖြစ်အပျက်မေးတော့ သူက အားလုံးကိုပြန်ပြောပြတယ်။
ဒီမှာတင် သူငယ်ချင်းဖြစ်သူက ငါကြိုးစားကြည့်ဦးမယ်ကွာလို့ ပြောပြီးသချုႋင်းကို သွားပြန်တယ်။ ညသန်းခေါင်လောက် ရောက်တော့ ခါတိုင်းလိုပဲ တစ္ဆေတွေစုဝေးရောက် လာကြ ပြန်တယ်။ အဲဒီလို စုဝေးကြတော့ လူစော်နံတယ်လို့ဖြစ်လာကြ ပြန်ပါ လေရော။ ဒီတစ်ခါမှာတော့ သူငယ်ချင်း ဖြစ်သူရဲ့ အတွေ့အကြုံကို သိပြီးသား ဖြစ်နေလေတော့ ဒုတိယလူက သူကပဲစပြီး အမှတ်စဉ်ကို ရေးလိုက်ပြန်တယ်။ ဒါပေမယ့် သူက သူ့ကိုယ်သူကို ချန်ပြီး လက်ညှိုးထိုး ရေပြရင်း ထင်နေကြလို့ပါကွာ။ လူမပါပါဘူးလို့ ပြောပြလိုက်တယ်။ ဒီတော့မှ တစ္ဆေတွေက ခါတိုင်းလိုပဲ စပ်မိစပ်ရာ စကားပြောကြတာပေါ့လေ။ ခဏရှိတော့မှ အဲဒီသူငယ်ချင်းက ”ခုမှပြောရဦးမယ် မနေ့ညက နှာခေါင်းကို ငါတို့ဝိုင်းဆွဲလွှတ်လိုက်တဲ့ လူတော့ ဘယ်လိုဖြစ်နေမလဲ မသိဘူး” လို့ပြောလိုက်တယ်။ ဒီတော့ တစ္ဆေတစ်ကောင်က အိမ်ထဲက အိမ်ပြင်ထွက်ဝံ့မှာ မဟုတ်တော့ဘူးပေါ့ကွာ” လို့ပြောတယ်။ ဒီတော့ နောက်တစ်ကောင်က ဆက်ပြီးပြောတယ်။ ”အဲဒီလူက မောင်းစင်က မောင်းခွက်ပေါ်မှာ ပက်လက်လှန်ပြီးနေ၊ မောင်းတုံးကိုမြှောက်၊ အဲဒီမောင်းကျည်ပွေ့နဲ့ သူနှာခေါင်းကို အသာတို့လိုက်ရင် နှာခေါင်းက တိုဝင်သွားပြီး နဂိုအတိုင်း ဖြစ်သွားမှာပေါ့ကွာ”လို့ ပြောသတဲ့။
”ဒီတော့မှ သူငယ်ချင်းက မှတ်သားထားလိုက်ပြီး မိုးလင်းခါနီး တစ္ဆေတွေ အစုခွဲပြန်ကြတော့မှ သူက အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့ရဲ့သူငယ်ချင်း နှာခေါင်းကို တစ္ဆေတွေ ပြောတဲ့အတိုင်း မောင်းကျည်ပွေ့နဲ့ တို့လိုက်တာနဲ့ နှာခေါင်း ကတိုဝင်ပြီး ပင်ကိုအတိုင်း ပြန်ဖြစ် သွားသတဲ့။
”ဒါကြောင့် ရှေ့နောက် မစဉ်းစားဘဲ ထင်ရာမြင်ရာတွေကို လုပ်တတ်တဲ့ လူကိုတွေ့ရင် ဒီကောင်ကတော့ နှာခေါင်းကျည်ပွေ့ တွေ့တော့မှာပဲလို့ ပြောတတ်ကြပါတယ်။
”အဲဒါ ငါကြားဖူးတဲ့ နှာခေါင်း ကျည်ပွေ့ ပုံပြင်ပါပဲဗျား။ တစ်ခြား လူကြီးသူမ တွေကိုလဲ မေးကြည့်ကြ ဦးပေါ့ကွယ်”
ဆရာအောင်သင်းရဲ့-ကလေးတွေရဲ့မေးခွန်း မှ
Discussion about this post