ကလေးတွေရဲ့ မေးခွန်းလို့ ပြောလိုက်ရသော်လဲ ငါ့အသက်နဲ့ လှမ်းကြည့်ပြီး ပြောလိုက်ရတာပါ။ တကယ်ဆိုတော့ လူပျိုပေါက် ကာလသားအရွယ်တွေ များပါတယ်။ ဆရာတော် ရှင်မဟာရဋ္ဌသာရရဲ့ လမ်းညွှန် ပညာရှာနည်းဖြစ်တဲ့ သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ ဆိုတဲ့ လင်္ကာလေးကို မင်းတို့လည်း တွေ့ဖူး ကြမှာပေါ့။ ဒီလိုပဲ သူများပြောတာ၊ ဆိုတာကို နားထောင်မှတ်သား ၊ ကိုယ်မသိတာ သူများကိုမေး လုပ်ကြရ တာကိုး။ ငါတို့လည်း ဒီလိုပဲ ဆည်းပူးခဲ့ကြရတာပဲ။ ဒီတော့ ငါက ကလေးတွေလို့ ဆိုခဲ့တဲ့ ကောင်လေး၊ ကောင်မလေး တွ မေးတာကိုလဲ တတ်အားသမျှ၊ ကိုယ်သိ သမျှပြန်ပြီးပြောခဲ့ရတာပါပဲ။ မဖြေတတ်၊ မပြောတတ်တာတွေလဲ ရှိသပေါ့ကွယ်။ အခုတော့ဖြင့် ငါပြော ခဲ့သမျှလေးတွေကို ပြန်ပြီးရေးလိုက်ရပါဦးမယ်။
နွားနောက်
မေး။ ။ ဆရာ နွားနောက် ဆိုတာကို ခဏခဏ တွေ့ရတယ်။ ချင်းပြည် နယ်မှာဆိုရင် နွားနောက် မွေးမြူရေး ခြံတောင် နိုင်ငံတော်က ဖွင့်ပေးထားတယ်လို့ သတင်းစာထဲမှာ တွေ့ရတယ်။ သတင်းဓာတ်ပုံ ကြည့်လိုက်တော့လဲ၊ ရိုးရိုးနွားတွေလိုပါပဲ။ ဘာကြောင့် နွားနောက်ခေါ်တာလဲ။ သူတို့ကနွားတစ်မျိုးလား။
ဖြေ။ ။ မင်းမေးမယ်ဆိုလဲ မေးစရာပဲ။ ငါလဲမင်းလိုပဲ ဝေ့လည်လည်ဖြစ် ခဲ့ဖူးပါတယ်။ မင်းက နွားနောက်လို့ အသံထွက်တယ်။ သူတို့က အထူးသဖြင့် မုဆိုးတွေက နွားလို့ မထွက်ဘူး။ နွားထီး၊ နွားမ၊ နွားသိုး ဆိုတာကို နထီး၊ နမ၊ နသိုးလို့ ထွက်ကြသလို နွားနောက်ကိုလဲ နနောက်လို့ အသံထွက်ကြတယ်။
ဘာကြောင့်နွားနောက်လို့ ခေါ်တာကို မေးကြည့်တော့ နွားနောက်၊ ရှေ့ ကျွဲလို့ ပြောတယ်။ ရှေ့ကကြည့်ရင် ကျွဲနဲ့တူတယ်။ နောက်က ကြည့်ရင် နွားနဲ့တူတယ်။ ဒါကြောင့် နွားနောက်၊ ရှေ့ ကျွဲလို့ ခေါ်ခဲ့ကြတာ။ အဲဒီက နွားနောက်ပဲ ကျန်ရစ်ခဲ့တာလို့ ပြောကြတယ်။ ဒီသတ္တဝါကို ကြည့်ပြီး ရှေ့ကမြင်တဲ့သူက ကျွဲလို့ပြော၊ နောက်ကမြင်လိုက်တဲ့သူက နွားပါပဲလို့ ငြင်းကြသလို ဆိုတာကို ဥပမာပေးထားတာတောင်ရှိတယ်။ ငါ မှတ်မိသလောက်တော့ ကင်းဝန် မင်းကြီး ရေးတဲ့ နေမိရကန်ထဲမှာ ထင်တာပဲ။
ဒါပေမယ့် ဒီကောင်တွေက ရိုင်းတယ်။ ကျွဲလို၊ နွားလို ခိုင်းလို့ မရဘူး မဟုတ်လား။ ဒါနဲ့ မုဆိုးတွေကို မေးကြည့်တော့ သူတို့ ပြောတာက ”ဘယ်ခိုင်းလို့ ရမလဲ။ သူတို့က တောကျွဲနဲ့ တောနွားစပ်ပြီး မွေးလာတဲ့ကောင်တွေ။ ပြောင်နဲ့စိုင် စပ်ပြီး ကျထားတဲ့ ကောင်တွေဆရာရဲ့။ ပြောင်ကို တောကျွဲလို့ခေါ်တာပဲ။ စိုင်ကို တောနွားလို့ ခေါ်တာပဲ။ ဒီတော့ နွားနောက်က တောရိုင်းသတ္တဝါ သက်သက်ပဲ။ အခု သူတို့ မွေးထားတာက အသားစားဖု့ိ သက်သက်ပဲ။ ချင်းပြည်နယ်မှာလဲ အသားစားဖို့ သက်သက်ပဲ မွေးကြတာပါ။ အဲဒါ ငါကြားဖူးနားဝရှိသမျှ ပြန်ပြောခဲ့တာပါပဲ။ မှားတာရှိရင်၊ ဖြည့်စွက်ချင်ရင် လှမ်းပြီး စာရေးလိုက် ကြပေါ့ကွယ်။
ဆေးဝါး
မေး ။ ။ ဆရာ ဆေးဝါးဆိုတာကို ကျွန်တော်တို့ နားလည်ကြပါတယ်။ ဒါပေမယ့် ဆေးဆိုတာက ထားပါတော့။ ဝါးက ဘာဖြစ်လို့ ပါလာတာလဲ။ ဆေးဝါးထုတ်လုပ်ရေးလို့ဝါးကို ထည့်ပြီး ဘာကြောင့်ရေးတာလဲ။ ဝါးက ဘာအဓိပ္ပာယ်ရှိလို့လဲ။
ဖြေ ။ ။ အေးကွယ့်၊ မေးထိုက်တဲ့ မေးခွန်းပါပဲ။ ငါလဲ စဉ်းစားမိသမျှလေးကို တစ်ခါက ရေးခဲ့ဖူးသေးသလား မသိဘူး။ ကောင်းကောင်းမမှတ် မိတော့ဘူး။ ထားလိုက်ပါတော့လေ။
ဟိုး ရှေးခေတ်က ငါတို့မှာ ပုလင်းတွေ ဘာတွေမရှိကြဘူး။ ဒီတော့ ပုလင်းလိုနေရာမျိုးမှာ ဝါးကို သုံးခဲ့ကြရတယ်။ ဝါးကလဲ ငါတို့ တိုင်းပြည်မှာ ထီးရိုးဝါး၊ မျှင်ဝါး၊ ကြသောင်းဝါး၊ ဝါးပိုးဝါး စသည်အားဖြင့် အရွယ်မျိုးစုံ အထူအပါးမျိုး စုံရှိတယ်။ ဒီတော့ ဝါးကျည်တောက် အရွယ်မျိုးစုံ ရနိုင်တာပေါ့။ ဆေးကို သင့်ရာသင့်ရာ ဝါးကျည်တောက် ကလေးတွထဲမှာထည့်ပြီးဖေါ့ဆိုနဲ့ပိတ် ထားတာပေါ့။ အဲဒီဆေးဝါးကျည် တောက်ကလေးတွေကို အိတ်ထဲ ထည့်ပြီး သယ်ယူကြတယ်။ ဆေးဆရာ တစ်ယောက်ကို သွားပင့်ပြီဆိုရင် ဆရာက ဆေးဝါးလေးတွေ ထည့်ထားတဲ့ ဆေးအိတ်ကိုလွယ်ပြီး လိုက် လာတာကိုး။ ဆေးဝါးမပြည့်စုံဘူး ဆိုတာက သူလိုချင်တဲ့ဆေးပါမလာဘူးလို့ပြောချင်တာပေါ့။
ပထမစပြီး သုံးခဲ့တာက ဆေး ထည့်တဲ့ဝါးကျည်တောက်ကိုစွဲပြီး သုံးခဲ့တာပဲ။ နောက်တော့ ဆေးနဲ့ဝါး ကိုခွဲလို့မရတော့ဘူး။ ဥပမာ- ဆေးထုတ်လုပ်ရေး ဆိုပါတော့။ ဘာဆေး ထုတ်လုပ်တာမှန်း မသိတော့ဘူး။ အိမ် သုတ်တဲ့ဆေးလား၊ ဆေးလိပ်သောက် တဲ့ ဆေးရွက်ကြီးလား ဆိုတာမျိုး ဝေဝါးနိုင်တယ်။ ဒါကြောင့် ဆေးနဲ့ဝါးဟာ တွဲဘက်ဖြစ်သွားပြီ။ ခွဲလို့မရတော့ဘူး။
ဆေးလိပ်ဝါး
ပြောရင်းမှ သတိရလာ ပြန်တယ်။ ရှေးခေတ်က ဆေးလိပ်ဝါး ဆိုတာလဲ ရှိသေးတယ်။ ငါလဲ ဂျပန် ခေတ်ကမှ သေချာမြင်ဖူးခဲ့တာပါ။ ငါတို့မြန်မာတွေက များသောအားဖြင့် ဆေးပေါ့လိပ်ကို သောက်ကြတယ် မဟုတ်လား။ ဒီတော့ စီးကရက်တို့ ဘာတို့လို တစ်ဆက်တည်း ကုန်သွားအောင် သောက်ကြတာ မဟုတ်ဘူး။ တစ်ပိုင်းတစ်စလောက်မှာ ခဏရပ် ထားတတ်ကြတယ်။ ဒီအခါမှာ ဆေးလိပ်အခေါင်း ထွက်မသွားအောင် ဝါးကျည်တောက် ကလေးထဲကို တစ်ပိုင်းလျှိုပြီး ထားတတ်ကြတယ်။ ဆေးလိပ်မီးကလဲ အလိုလို ငြိမ်းသွားတာပေါ့။ နောက်တစ်ခါ သောက်ချင်ပြန်တော့လဲမှ ဆေးလိပ်ကိုထုတ်၊ မီးညှိ ပြီးသောက်ပြန်တယ်။
ဒီခေတ်မှာတော့ သနပ်ဖက် ဆေးလိပ်ကို သောက်ကြတယ်။ အညာဘက်မှာတော့ဖြင့် ပြောင်းဖူး ဖက်ကိုသောက်ကြတာ ဒီနေ့တိုင်ပါပဲ။ ပြောင်းဖူးဖက်လိပ် ဆိုတာက အတုတ်ကြီးပဲ။ လုံးပတ်သုံးလက်မ လောက်ရှိမယ် ထင်တယ်။ အဲဒီဆေး လိပ်ညှိပြီး သောက်စမှာ အရသာမရှိလှဘူး။ တစ်မီးသတ်ပြီး ပြန်ညှိ သောက်လိုက်မှအရသာရှိလာတာ။ ဒီတော့ ဆေးလိပ်ကျည်တောက်ထဲထည့်ပြီးမီးသတ်ထားလိုက်တယ်။ အဲဒီကျည်တောက်(ဆေးလိပ်ဝါး)ကို တရိုတသေ ထားတာ။ ကလေးတွေ ဘာတွေဆော့ကြလို့ ဆေးလိပ်ဝါးကို တိုးမိတိုက်မိပြီး ဆေးလိပ်အခေါင်း ထွက်သွားရင် သိပ်စိတ်ဆိုးကြတာပဲ။ ဆိုရိုးစကားလေးတစ်ခုတောင် ရှိခဲ့ဖူးသေးတယ်။
”စပါး-စကုဖျတ်၊ မယားတစ်ခုလပ်၊ ဆေး-တမီး သတ်”တဲ့။ အဲဒီခေတ်က စကုဗျတ် ဆန်ဆိုတာ ဒီခေတ်ပေါ် ဆန်းမွှေးတို့၊ ဘာတို့လို အလွန်နာမည်ကြီးခဲ့တယ်လို့ပြောကြတယ်။
ဆေးဘူး
မေး ။ ။ ဆေးဝါးကိုနားလည်ပါပြီ ဆရာ။ ဒါပေမယ့် ဆေးဘူးလို့လဲခေါ် တာရှိသေးတယ်မဟုတ်လား။
ဖြေ ။ ။ အေး-ဟုတ်တယ်။ ငါသိ သလောက်တော့ ဘူးသီးကပါလာ တာပါပဲ။ ဟိုရှေးခေတ်က ဘူးသီး ခြောက်ကိုလဲ အရည်ထည့်စရာအဖြစ် သုံးကြသေးတာကိုး။ ဒီခေတ်ကျိုက် ထီးရိုးပွဲတော်ကရတဲ့ လည်ပင်းသိမ် ဘူးသီးမျိုးတွေပေါ့။ ခြောက်သွားတဲ့ အခါမှာ အပေါက်ကလေးဖောက် (နားထွင်း)ပြီး အထဲက အစေ့တွေကို ထုတ်ပစ်တယ်။ ပြီးတော့မှ ရေဘူး၊ ဆီဘူးအဖြစ်သုံးကြရတယ်။ ဆေးမှာ လဲအရည်ကျတော့ အဲဒီလိုပဲ ဘူးသီး ခြောက်မှာထည့်ကြတယ်လို့ယူဆရတာပဲ။
ခုမှသတိရလာလို့ပြောလိုက်ရဦးမယ်။စောစောကပြောခဲ့တဲ့ဆေးလိပ်တိုထည့်တဲ့ ဆေးလိပ်ဝါး ကို ဆေး လိပ်ကျည်တောက်၊ ဆေးကျည် တောက်လို့လဲ ခေါ်ကြတယ်။ ကျည်ဆိုတာက တစ်ဘက်ပိတ်ပြွန်ကို ခေါ်တာမဟုတ်လား။ မင်းတို့ ဒီနေ့သုံး နေကြတဲ့ သေနတ်ကျည်ဆန်ဆိုတာ အဲဒီကလာတာပဲ။ ဒီအရင်က သေနတ်တွေ အမြောက်တွေ ပစ်ပုံပစ်နည်းက သေနတ်ပြောင်းဝနေပြီး ယမ်းမှုန့်တွေထည့်၊ နောက်ပြီးမှ အမြောက်ဆန်၊ သေနတ်ဆန်ကိုထည့်ပြီး ယမ်းကိုမီးရှို့လိုက်ရတာကိုး။ ရှေးခေတ် ရာဇဝင် ရုပ်ရှင်ကားတွေထဲမှာ တွေ့ကြဖူးမှာပေါ့။ နောက်မှယမ်းရော၊ အဆန်ရောထည့်ထားတဲ့ ကျည်ဆန်ပေါ်လာတာ။ တစ်ဘက်ပိတ်ပြွန်နဲ့ လုပ်ထားတဲ့ သေနတ်ဆန်ပေါ့။ ဒါကို ကျည်ဆန်လို့ ခေါ်ကြတာပဲ။ ခုတော့ဖြင့် ကျည်လို့ပဲ ခေါ်နေကြပြီ မဟုတ်လား။
အခေါက်ရွှေ
မေး ။ ။ တစ်ခုမေးချင်တာ ရှိသေးတယ်ဆရာ။ ရွှေနဲ့ပတ်သက်တာပါ။ ရွှေဈေးတွေပြောရင်း အခေါက်ဈေး၊ အခေါက်ရွှေလို့ ပြောတတ်ကြတယ်။ ကျွန်တော်တို့က အခေါက်ဆိုရင် ဝက်သားခေါက်ချည်းပဲမြင်နေကြတယ်။အဲဒါရှင်းပြပါဦးဆရာ။
ဖြေ ။ ။ အေး-ဟုတ်တယ်။ မင်းတို့ လို လူငယ်အတော်များများက အခေါက်ဆိုတာကို မသိကြတော့ဘူး။ တို့ငယ်ငယ်တုန်းကတော့ သတင်းစာ ထဲမှာ ရွှေဈေးနှုန်းသတင်းမှာ ပုရပိုဒ် ခေါက်ရွှေ လို့ အပြည့်အစုံထည့်ရေး တယ်။ ခုတော့ဖြင့် ပုရပိုဒ်ခေါက်လို့ မပြောကြတော့ဘူး။ အခေါက်လို့ပဲ ပြောကြတော့တယ်။ ဒီတော့ရင်းမြစ် ကပျောက်သွားတော့တာပေါ့။
ဒီလိုကွယ့်၊ ရွှေတို့၊ ခဲတို့၊ ကြေး နီတို့ဟာ ဘာသတ္တုမှ မရောနှောဘဲ သန့်စင်နေရင် အလွန်ပျော့ပျောင်းတယ်။ မင်းတို့ဝိုင်ယာကြိုး ကြေးနီလေးတွေကို ကြည့်ပါလား။ ဘယ်လောက် ပျော့ပြောင်းသလဲ။ အဲဒီလိုပဲ ရွှေစစ်လာရင်
အလွန်ပျော့တယ်။ ဒီတော့ အပြားခတ်ထားပြီး ပုရပိုဒ် ခေါက်သလို မင်းတို့ခေတ် တရုတ် ယပ်တောင်ခေါက်သလို ဘယ်ပြန် ညာပြန်ခေါက်ထားလေ့ရှိတယ်။ အဲဒါ ကြောင့် ပုရပိုဒ်ခေါက်လို့ ခေါ်ခဲ့ကြတာ။ ခုတော့အတိုချုပ်ပြီးအခေါက်လို့ခေါ်ကြတာပေါ့။
အဲဒါတွေက ငါမှတ်သားဖူးသလောက် ရေးခဲ့တာတွေပါပဲ။ မှားတယ်ထင်ရင်၊ ပိုပြီးကောင်းတဲ့ အယူအဆ ရှိရင်လဲ ငါ့ဆီကို စာရေးလိုက်ကြပါ။ သုတ ကောင်းမှုပြုတဲ့ သဘောပေါ့။
ဒေါင်းတောက်
မေး။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေး ကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ။
ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ် အဖြေကို သိလာရတယ်။ ငါက စာပေဟောပြောပွဲတွေသွားရင်း တော ခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။
ငါမှတ်မိ သလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထား ဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ် အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့ မှောင်ရီပျိုးလာတာပဲ။ အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက် ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။ ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူ
ရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး။ ဒေါင်းတောက်နေတာပါ”တဲ့။
ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန် အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ ဆရာရယ်”တဲ့။ ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အား တောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့ ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။ အဲဒါကို ဥပမာပေးပြီး ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။
စဉ်းစားကြည့်တော့ ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက် အောင်လို့ ပြောနေ ကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့ ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ-ဒေါင်းတောက်တာကို နားလည် ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ။
”အိုးဝေလို့ တွန်တာပေါ့ ဆရာ”
”မင်းကြားဖူးသလား”
”မကြားဖူးဘူးဆရာ”
”အေး-ဟုတ်လိမ့်မယ်။ ဘယ် ကြားဖူးမလဲ။ တောကြီးမြိုင်ကြီးထဲ မှာ ဆိုရင်တော့ တောလုံးဟိန်းသွား အောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲ မြည် နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ် လို့ပြောကြတယ်။
”ကြောင်ကြီးတော့ ညွတ်ဆိုတာက”
”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။ လူပျိုကြီးတော့ ဇွတ်တဲ့။ မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”
”ဟာ- ဆရာကလဲ ထားပါ တော့။ အပျိုကြီးတော့ကော”
”အပျိုကြီးတော့ ရွှတ်တဲ့”
”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”
”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင်လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”
”ဆရာကတော့ ပေါက်တတ် ကရတွေ စုံနေအောင်ပြောတာပဲ”
”အေးလေကွာ၊ ငါက ထွင် တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”
”မှတ်မိပါတယ်ဆရာ။ ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”
”ဟကောင်ရ ဒေါင်းတောက်တော့ကော”
”မှတ်မိပါတယ် ဆရာရဲ့”
အောင်သင်း
Discussion about this post