ဒီနေရာဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရဲ့ Phnom Penh မှာရှိတဲ့ Tuol Sleng ဆိုတဲ့ပြတိုက်ဖြစ်ပါတယ်။ Tuol Sleng ဆိုတာကတော့ အဆိပ်ပင်တွေနဲ့ပြည့်နှက်နေတဲ့တောင်လို့ အဓိပ္ပါယ် ရပါတယ်။ မူလကတော့ Chao Ponhea Yat အထက်တန်းကျောင်းဖြစ်ခဲ့ပြီး ကျောင်းသားများမကြာခဏ ကိုယ့်ကိုကိုယ် သတ်သေတာတွေ သရဲတစ္ဆေ ဝင်ပူးတာတွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်1970 ဝန်းကျင် ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလမှာ အကျဉ်းထောင် အဖြစ် အသုံးပြုခဲ့ပြီး အကျဉ်းသားပေါင်း ၂၀၀၀၀ ခန့်ကိုထားရှိခဲ့ပါတယ်။
ဒီနေရာကို ခမာနီအစိုးရလက်ထက် (၁၉၇၅-၁၉၇၉) မှာ ညှဉ်းပန်းနှိပ်စက် တဲ့စခန်း အဖြစ်အသွင်ပြောင်းခဲ့ပြီး လူပေါင်း၁၂၀၀၀ခန့်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ ဘယ်လောက်တောင်များလိုက်သလဲဆိုရင် အဲဒီတုန်းကသွေးကွက်တွေဟာ ကြမ်းပြင်ကို ယခုတိုင်စွန်းထင်း စေပြီး သွေးညှီနံတောင်မပျောက်သေးဘူးလို့ သွားရောက်ခဲ့ဖူးသူများကဆိုပါတယ်။ ကမ္ဘောဒီးယား မှာ ဒီလိုလူသတ်ကွင်းပေါင်း ၃၀၀ခန့် ရှိတယ်လို့သိရပါတယ်။ လူပေါင်းများစွာကို အဆက်မပြတ် ရက်ရက်စက်စက်သတ်ဖြတ်တဲ့အတွက် လူသတ်စက်(Killing machine) လို့တင်စားခေါ်ဝေါ်ကြပါတယ်။
ဒီလိုရက်စက်မှု့တွေရဲ့ အဓိကတရားခံကတော့ ပိုပေါ့ (Pol Pot) နဲ့ သူ့ရဲ့ ခမာရု (Khmer Rouge) တွေရဲ့ ကွန်မြူနစ်ပါတီ နိုင်ငံ ပြန်လည်ထူထောင်ရေးစီမံကိန်းကြောင့်ဖြစ်ပါတယ်။ ဒီအစိုးရလက်ထက်မှာ လူပေါင်း ၁.၇ သန်းခန့် (နိုင်ငံလူဦးရေ၏၂၁ရာခိုင်နှုန်း)သေကြေခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးလူသတ်ကွင်းအဖြစ်လည်း နာမည်ကြီးပါတယ်။ ကလေး လူကြီး လူငယ် မရွေးဟာ ဒီနေရာမှာ နည်းပေါင်းစုံနဲ့အသတ်ခံခဲ့ကြရပါတယ်။ ဒီနေရာမှာ မီးရှို့သတ်ခြင်း ၊ရေနှစ်သတ်ခြင်း၊ လက်သည်းခွံကို ပလာယာဖြင့်ခွာခြင်း၊ လည်ပင်းကိုတံစို့ဖြင့်ရိုက်သတ်ခြင်း စတဲ့အလွန်ရက်စက်တဲ့နည်းတွေကိုသုံးခဲ့ပါတယ်။ ကမ္ဘာမှာတော့ဒီဖြစ်ရပ်ဟာ Former Security Prison 21(S-21)လို့ နာမည်ကြီးပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီနေရာကိုပြတိုက်အဖြစ်ပြောင်းလဲခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်ပုံတွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ လူဦးခေါင်းခွံအရိုးတွေ၊ အသုံးအဆောင်ပစ္စည်း တွေကိုပြသထားပါတယ်။ ဝိညာဉ် တွေကိုမကြာခဏမြင်ရတာတွေ၊ သေကြောင်းကြံမှုတွေဖြစ်တာ၊ တချို့ စိတ်နောက်သွားတာတွေ ဒီနေရာမှာထပ်ဖြစ်ခဲ့ပါတယ်။
တစ်ယောက်တည်း မသွားသင့်တဲ့နေရာဖြစ်ပြီး သွားပြီးသူတိုင်းကတော့ အော်ဂလီဆန်စရာနေရာ၊ ကြောက်စရာ အကောင်းဆုံးနေရာ၊ ကြေကွဲကျောချမ်းဖွယ် နေရာဟုသုံးသပ်ကြပါတယ်။ ဒီပြတိုက်ရဲ့ အဝ မှာ မူလကဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသားတွေအတွက် စည်းကမ်းချက်တွေကိုရေးထားပါတယ်။ မေးသမျှမေးခွန်းတွေကို ချက်ချင်းဖြေပါ၊ မလိမ်မညာမလှည့်စားနဲ့ ၊ သိထားတာတွေကိုဖုံးကွယ်ဖို့ မကြိုးစားနဲ့ ၊ အမိန့်မရမချင်းမလှုပ်မယှက်ထိုင်နေပါ ၊ နှိပ်စက်တဲ့အခါ မငိုရ ၊ အထက်ပါအချက်တွေကို မလိုက်နာပါက ကြိမ်ဒါဏ်ရိုက်ခံရနိုင်သလို ၊ လျှပ်စစ်နဲ့ရှော့ရိုက်ခြင်းတွေကိုခံရမှာဖြစ်ပါတယ်။
Discussion about this post