တောင်အာဖရိက ဆယ်ကျော်သက်လူငယ်တစ်စုဟာ လေယာဉ်တစ်စီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးတဲ့နောက် မြို့တော် ကိတ်တောင်းကနေ အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့အထိပျံသန်းမယ့် ခရီးစဉ်ကို စတင်နေခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နမ်မီဘီးယားနိုင်ငံ Luderitz မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တောင်အာဖရိကနေ အီဂျစ်ခရီးစဉ်အတွက် အချိန် ၆ပတ်ကြာမြင့်မှာဖြစ်ပြီး မိုင်ပေါင်း ၇၄၅၅မိုင်ကို ပျံသန်းရမှာဖြစ်ပါတယ်။
U-Dream Global လို့ခေါ်တဲ့ အာဖရိကလူငယ်တွေကို စိတ်အားတက်ကြွစေမယ့် ဒီအစီအစဉ်ကို စတင်အကောင်အထည်ဖော်သူကတော့ အသက် ၁၇နှစ်အရွယ်ကျောင်းသူလေး Megan Werner ဖြစ်ပါတယ်။ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ပါဝင်လိုသူတွေကို ဖိတ်ခေါ်ခဲ့တဲ့အခါမှာတော့ လူငယ်ပေါင်း ၁ထောင်ကျော် လာလျှောက်ကြပါတယ်။ အဲဒီထဲကမှ အသင့်တော်ဆုံး အယောက် ၂၀ ကို ဒီအစီအစဉ်အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“ဒီအစီအစဉ်ကိုလုပ်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီး တကယ်လုပ်ရင် တကယ်ဖြစ်နိုင်တယ် ဆိုတာ အာဖရိက ကလူတွေကို ပြသချင်လို့ဖြစ်ပါတယ်” လို့ခေါင်းဆောင်ဖြစ်တဲ့ Megan Werner က ဆိုပါတယ်။
ဒီအဖွဲ့မှာ ရွေးချယ်ခံရတဲ့ လူငယ် အများစုဟာ လေယာဉ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံမရှိကြပဲ တချို့ဆိုရင် အပြင်မှာ လေယာဉ်ကို တကယ်မမြင်ဖူးတဲ့သူတွေတောင် ပါဝင်ပါတယ်။ ဒါကြောင့် သူတို့ဟာ လေယာဉ်တည်ဆောက်ခြင်းနဲ့ ဆိုင်တဲ့အကြောင်းတွေ ၊ တည်ဆောက်ရာမှာ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေ ၊ engineering drawing ဖတ်တာတွေ စတာတွေကို အပြင်းအထန်လေ့လာသင်ယူခဲ့ကြရပါတယ်။
လေယာဉ်တည်ဆောက်တယ် ဆိုပေမယ့် သူတို့ဟာ လေယာဉ်ကိုယ်ထည်ကိုသာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အင်ဂျင်ပိုင်း ၊ လျှပ်စစ် နဲ့ အီလက်ထရောနစ်ပိုင်းတွေကိုတော့ ကျွမ်းကျင်ပညာရှင်များက ကူညီတပ်ဆင်ပေးခဲ့ကြတာဖြစ်ပါတယ်။ တည်ဆောက်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ တောင်အာဖရိက လေယာဉ်စက်ရုံကနေ ကူညီပေးခဲ့ပါတယ်။
လေယာဉ်ကိုယ်ထည်ချည်းပဲ တည်ဆောက်တပ်ဆင်တယ်ဆိုပေမယ့် လွယ်တော့မလွယ်ကူခဲ့ပါဘူး။ အစိတ်အပေါင်း ထောင်နဲ့ချီပြီးတော့ တိကျမှန်ကန်အောင် တပ်ဆင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့လိုက် အားသွန်ခွန်စိုက်ကြိုးစားခဲ့ပြီးတဲ့နောက် ရက်သတ္တပတ် ၃ပတ်ကြာမြင့်တဲ့အချိန်မှာတော့ ဒီလူငယ်အဖွဲ့ဟာ လေယာဉ်ငယ်တစ်စီးကို အောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ကြပါတယ်။
“တည်ဆောက်ပြီးတဲ့ လေယာဉ်ကိုကြည့်ပြီး ငါတို့လုပ်နိုင်ခဲ့ပါလားလို့ မယုံမကြည်နိုင်လောက်အောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ သူ့ကို ကျမရဲ့ကလေးလို ခံစားရတယ်။ အရမ်းချစ်ဖို့ကောင်းတယ်” လို့ ဒီတည်ဆောက်မှုအဖွဲ့မှာ ပါဝင်တဲ့ အသက် ၁၅နှစ်သာရှိသေးတဲ့ ကျာင်းသူလေး Agnes Keamogetswe Seemela က ပြောပါတယ်။
သူတို့တည်ဆောက်ခဲ့တဲ့ လေယာဉ်ဟာ လူ ၄ယောက် စီးနင်းနိုင်တဲ့ လေယာဉ်ငယ်ဖြစ်ပြီး Sling 4 အမျိုးအစားလေယာဉ်ဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် Megan Werner အပါအဝင် လူငယ် ၆ဦးမှာ လေယာဉ်မောင်းလိုင်စင်ရှိကြပါတယ်။ ကျောင်းသားတွေအတွက် အသက် ၁၅နှစ်မှာ လေယာဉ်မောင်းဖို့ကို ခွင့်ပြုထားပြီး ကိုယ်ပိုင်လိုင်စင်ကိုတော့ အသက် ၁၇နှစ်မှာ ရရှိတာဖြစ်ပါတယ်။ ငွေရောင် လေယာဉ်တောင်ပံ နှစ်ဖက်မှာ အာဖရိကမြေပုံ နဲ့ ကူညီပေးခဲ့ကြတဲ့ စပွန်စာကုမ္ပဏီတံဆိပ်တွေကို တပ်ဆင်ထားမှာဖြစ်ပြီး အဖွဲ့ဝင် ပိုင်းလော့ ၆ယောက်က အလှည့်ကျမောင်းနှင်သွားမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေချည်းပဲ ဖြစ်တဲ့အတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ တကယ့်ပညာရှင်တွေမောင်းနှင်တဲ့ နောက် Sling 4 က လိုက်လံပံပိုးပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ၆နာရီခွဲကြာ မောင်းနှင်ပြီးတဲ့နောက် နမ်မီးဘီးယားနိုင်ငံမှာ နားခဲ့ပြီး ဇင်ဘာဘွေ ၊ မာလာဝီ ၊ တန်ဇန်းနီးယား ၊ ကင်ညာ ၊ အီသီယိုးပီးယား နဲ့ အီထရီးယားနိုင်ငံတွေမှာ ထပ်ပြီးနားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ အီဂျစ် ကိုင်ရိုကို မောင်းနှင်မှာ ဖြစ်ပြီး အပြန်ကိုတော့ လမ်းကြောင်းပြောင်းပြီး ပျံသန်းမှာပါ။
သူတို့ရဲ့ အပြန်လမ်းမှာတော့ ယူဂန်ဒါ ၊ ရဝမ်ဒါ ၊ ဇမ်ဘီးယား နဲ့ ဘော့ဆွာနာနိုင်ငံတွေကနေ ဖြတ်သန်းမှာဖြစ်ပါတယ်။ သူတို့ရဲ့ခရီးစဉ်တလျှောက်မှာ လူငယ်တွေကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမယ့် စကားဝိုင်း နဲ့ ဆွေးနွေးခန်းတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီလူငယ်လေးတွေရဲ့ အောင်မြင်မှုဟာ အာဖရိကရဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက လူငယ်တွေရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပြီး တိုက်တွန်းအားပေးခဲ့လို့သာ လူငယ်တွေဟာ အခုလိုစွမ်းဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
VIDEO
Ref :
BBC – South African teens attempt Cape-to-Cairo in homemade plane
Face Africa – Meet the 20 South African teenagers who are building an aircraft to fly them across Africa
Discussion about this post