ဒီတခါတော့ ကုန်းမြေ ၊ ရေထဲ နဲ့ လေထဲမှာ အမြန်ဆုံးသွားနိုင်တဲ့ သတ္တဝါတွေအကြောင်းကို ဝေမျှလိုက်ပါတယ်။ ကုန်းမြေပေါ်မှာ အမြန်ဆုံးကတော့ အားလုံးသိထားကြတဲ့အတိုင်း ချီတာကျားသစ်တွေ ဖြစ်ပါတယ်။ သိပ္ပံအမည် Acinonyx jubatus ဖြစ်တဲ့ ချီတာတွေကို အာဖရိကတိုက် နဲ့ အီရန်နိုင်ငံ အလယ်ပိုင်းဒေသတွေမှာ အများဆုံး နေထိုင်ကျက်စားကြပါတယ်။ ရှည်လျားတဲ့ ခြေထောက် ၊ အမြီးတွေကို ပိုင်ဆိုင်ထားတဲ့ ချီတာတွေဟာ အလွန်ပေါ့ပါးပြီး သူတို့ရဲ့အမြန်နှုန်းကြောင့် ကျော်ကြားကြပါတယ်။
ချီတာတွေဟာ ခန္ဓာကိုယ်အလျား ၃ပေခွဲကနေ ၅ပေ ဝန်းကျင်ရှိတတ်ပြီး အလေးချိန်အားဖြင့် ပေါင် ၅၀ ကနေ ၁၄၀ ဝန်းကျင်အထိ ရှိတတ်ပါတယ်။ သေးငယ် လုံးဝန်းတဲ့ဦးခေါင်း ၊ တိုတဲ့နှာခေါင်း ၊ မျက်လုံးအောက်ကနေ နှာခေါင်းတလျှောက် ပါးစပ်နားအထိ ပါတတ်တဲ့ အမည်းစင်းတွေက သူတို့ရဲ့ထူးခြားချက်တွေဖြစ်ကာ အမျိုးအစား ၅ မျိုးရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာပေါ်မှာ ကျားသစ်ကောင်ရေဟာ ၇၁၀၀ ခန့်သာ ကျန်ရှိတော့ပါတယ်။ ကုန်းမြေပေါ်မှာ အမြန်ဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရပြီး တနာရီကို ၇၅မိုင်ထိ အမြန်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအမြန်နှုန်းနဲ့ အကြာကြီးတော့ ပြေးနိုင်ခြင်း မရှိပဲ စက္ကန့် ၂၀ ကနေ ၃၀ စက္ကန့် ဝန်းကျင်အထိသာ ပြေးနိုင်ပါတယ်။
ရေထဲမှာ အမြန်ဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ရွက်လွှင့်ငါး Sailfish တွေဖြစ်ပါတယ်။ ဒီငါးတွေရဲ့ သိပ္ပံအမည်က Istiophorus ဖြစ်ပြီး ကမ္ဘာအနှံ့ကပင်လယ်တွေရဲ့ အေးမြတဲ့အပိုင်းမှာ ကျက်စားလေ့ရှိပါတယ်။ အရောင်ကတော့ အပြာရောင် နဲ့ မီးခိုးရောင်တွေရှိတတ်ပြီး ထူးခြားချက်ကတော့ ရွက်သဏ္ဍာန် ငါးဆူးတောင်တခု ပါရှိနေတာပါ။ နောက်ထပ် သူ့ရဲ့ထူးခြားချက်ကတော့ အလွန်ရှည်ပြီး ချွန်တဲ့ နှုတ်သီးပါရှိတာပါ။ ဒီငါးတွေမှာ albicans နဲ့ platypterus ဆိုပြီး အမျိုးအစား ၂မျိုး ရှိပါတယ်။
ငါးကြီးမျိုးဖြစ်ကာ အရွယ်ရောက်ပြီး ရွက်လွှင့်ငါးတွေဟာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလျား ၅ပေ ခန့်ရှိတတ်ပေမယ့် အကြီးဆုံးကောင်တွေကတော့ ၁၀ပေ ခန့်အထိ ရှိကာ အလေးချိန် ပေါင် ၂၀၀ ဝန်းကျင်အထိ ရှိတတ်ပါတယ်။ ဒီငါးတွေဟာ ရေထဲမှာ ကူးခတ်တဲ့အခါ အမြန်ဆုံးနှုန်းက ၁ နာရီကို ၇၈မိုင် ဖြစ်ပေမယ့် ပုံမှန်အားဖြင့်တော့ ၁နာရီကို ၁၆မိုင်ကနေ ၂၂မိုင်အထိ အမြန်နှုန်းနဲ့သာ ကူးခတ်လေ့ရှိပါတယ်။ သူတို့ရဲ့လှုပ်ရှားမှု အလွန်မြန်ရခြင်းအကြောင်းကတော့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကြောင့်လို့ သိရပါတယ်။ ရေထဲမှာ ဒုန်းကျည်တစင်းလို သွားနိုင်ရုံသာမက ရေပြင်ထက်လေပေါ်ကိုလည်း ခုန်တက်သွားနိုင်ကြပါတယ်။ (တချို့ကတော့ Black marlin ငါးကို အမြန်ဆုံးအဖြစ်သတ်မှတ်ကြပေမယ့် အများစုကတော့ Sailfish ကိုသာ ရွေးချယ်ထားကြပါတယ်)
လေထဲမှာအမြန်ဆုံး (သို့) ကမ္ဘာပေါ်မှာ အမြန်ဆုံးသတ္တဝါအဖြစ် သတ်မှတ်ခံထားရတာကတော့ Peregrine ပယ်ရီဂရင်းသိမ်းငှက် ဖြစ်ပါတယ်။ သူတို့ရဲ့ သိပ္ပံအမည်က Falco peregrinus ဖြစ်ပြီး အန္တာတိကတိုက်ကလွဲလို့ ကမ္ဘာပေါ်က တိုက်ကြီး ၆ တိုက်လုံးမှာ တွေ့နိုင်ပါတယ်။ အမျိုးအစားပေါင်း ၁၉မျိုးခန့် ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
ခန္ဓာကိုယ်အလျား ၁၄လက်မ ကနေ ၁၉လက်မခန့်အထိသာ ရှိပြီး တောင်ပံအကျယ် ၃ပေ ကနေ ၃ပေခွဲခန့်အထိ ရှိကာ အလေးချိန်ကတော့ အများဆုံးအနေနဲ့ ၅၆အောင်စ အထိသာ ရှိတတ်ပါတယ်။ အသားစားငှက်ဖြစ်ပြီး နက်ပြာရောင်ရှိကာ သူတို့ရဲ့ပျမ်းမျှသက်တမ်းကတော့ ၁၇ နှစ်ခန့် ဖြစ်ပါတယ်။
ဒီငှက်တွေဟာ ပုံမှန်ဆိုရင်တော့ ၁နာရီ မိုင် ၃၀ ဝန်းကျင်နှုန်းနဲ့သာ ပျံသန်းလေ့ရှိကြပါတယ်။ သားကောင်နောက်ကို လိုက်တဲ့အခါမှာတော့ သူတို့ရဲ့အမြန်နှုန်းက ၁နာရီ မိုင် ၇၀ ခန့်ဖြစ်သွားပြီး အမြင့်ကနေ သားကောင်ကို သုတ်ဖို့ ထိုးဆင်း(high-speed dive) တဲ့ အမြန်နှုန်းကတော့ မိုင် ၂၀၀ ဝန်းကျင်အထိ ဖြစ်သွားပါတယ်။ National Geographic ရုပ်သံရဲ့ အဆိုအရတော့ ဒီသိမ်းငှက်ရဲ့ မှတ်တမ်းတင်ထားသမျှ အမြန်ဆုံးနှုန်းကတော့ ၁နာရီကို ၂၄၂ မိုင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အမြန်ဆုံးငှက်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
Discussion about this post