ကာလကတ္တားသို့ ပထမဆုံး စေလွှတ်ခြင်းခံရသော ပညာတော်သင် ၅ ဦးအနက် မောင်ရွှေပင်မှာ နောင်အခါ ပန်းတဉ်းဝန်ထောက် ရာထူးခန့်အပ်ခြင်းခံခဲ့ရပါသည်။
မောင်ရွှေပင် ဘဝထုပ္ပတ်
မောင်ရွှေပင်၏ မိဘများမှာ ဦးခဲနှင့် ဒေါ်လှဦးတို့ဖြစ်ကြ၏။ မောင်ရွှေပင်ကို ၁၈၃၃ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု မှတ်ယူရပါသည်။ မိဘများမှာ သာမန်အရပ်သားများ ဖြစ်ကြသည်။ မောင်ရွှေပင်ငယ်စဉ်က အမေရိကန် သာသနာပြုများနှင့် ရင်းနှီးကျွမ်းဝင်သည့်အလျောက် အင်္ဂလိပ်စာပေကို စောစီးစွာပင် လေ့လာခွင့်ရရှိခဲ့သည်။ သို့ကြောင့်လည်း ပထမဆုံး ပညာတော်သင် အဖွဲ့တွင် မောင်ရွှေပင် လိုက်ပါခဲ့ရခြင်း ဖြစ်ဟန်တူပါသည်။
မောင်ရွှေပင်သည် လူငယ်လူရွယ်ဘဝ၌ပင် မမေဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည်။ သူက မမေနှင့် မောင်ဘကြီး ၊ မောင်ဘကြူဆိုသည့် သားနှစ်ယောက် ဖွားမြင်ပါသည်။ ပညာတော်သင် သွားရောက်ရချိန်ကတော့ မောင်ဘကြီးကို ဖွားမြင်ပြီးစအချိန် ဖြစ်သည်။
ပညာတော်သင် ကျောင်းသား
မောင်ရွှေပင်သည် မောင်ထွန်းအောင် ၊ မောင်ပေါက်ကျိုင်း ၊ မောင်ညွန့် ၊ မောင်ရွှေအိုးတို့နှင့် အတူ ၁၈၅၇ခုနှစ် နှစ်လယ်ခန့်တွင် ကာလကတ္တားသို့ ထွက်ခွာကြရသည်။ ထိုစဉ်က မောင်ရွှေပင်မှာ အသက် ၂၅နှစ်အရွယ်ခန့်သာ ရှိပါသေးသည်။ မောင်ရွှေပင်သည် ဒိုရေကန်ကောလိပ် (Dorenton College) တွင် အင်္ဂလိပ်ဘာသာစကားကို ဆည်းပူးလေ့လာရသည်။ သူသည် နဂိုကပင် အင်္ဂလိပ်ဘာသာ အခြေခံရှိ၍ များမကြာမီ၌ အခြားသိပ္ပံဘာသာရပ်များကို ဆက်လက်ဆည်းပူး လေ့လာခွင့်ရရှိခဲ့သည်။
မောင်ရွှေပင်သည် သင်္ချာနှင့် ရူပဗေဒဘာသာရပ်ကို အဓိကထား၍ လေ့လာခွင့်ရရှိခဲ့သည်။ ၁၈၅၈ခုနှစ်ကုန်ပိုင်းတွင် မောင်ရွှေပင်တို့ အဖွဲ့သည် ရန်ကုန်မှတစ်ဆင့် မန္တလေးသို့ ပြန်ကြရာ ၁၈၅၉ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြ၏။
အမြောက်ဗုံးပစ်နည်းစာတမ်း
မောင်ရွှေပင်သည် ရတနာပုံ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသောအခါ စာတမ်းနှစ်စောင် ဆက်သွင်းခဲ့ရာ ပထမဆုံးစာတမ်းမှာ ၁၈၅၉ခု မတ်လ ၂ရက်နေ့တွင် ဆက်သွင်းခဲ့သည့် အမြောက်ဗုံးပစ်နည်းစာတမ်းဖြစ်သည်။ ယင်းစာတမ်းကို
‘သက္ကရာဇ် ၁၂၂၀ ၊ တပို့တွဲလပြည့်ကျော် ၁၃ရက်နေ့ ၊ အိမ်ရှေ့အိမ်တော်လျောင်းတော်ဦးဆောင်တော်တွင် ပညာတော်သင် ငရွှေပင် ၊ အင်္ဂလိပ်ဘာသာ အမြောက်ဗုံးပစ်နည်း စနစ်တွက်ပုံ မာသေမာတိတ် စာအုပ်ငယ်ထွက်များကို မြန်မာပြန်ဆိုချက်ပါဘုရား’ ဟုခေါင်းစဉ် တပ်ထား၏။
ယင်းစာတမ်းမှာ အင်္ဂလိပ် သင်္ချာပညာရှှု် ဂရီဂိုရီ(Olinthus Gregory) (၁၇၇၄-၁၈၄၁)၏ စာအုပ်မှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မောင်ရွှေပင်သည် ယင်းစာအုပ်မှ ဘာသာပြန်ဆိုထားကြောင်းကို သူ၏စာတမ်း၌-
‘ထိုစာအုပ်ကို စီရင်ရေးသားထားသော အိုလင်းတပ်စေ ဂရေကရီ အမည်ရှိသော ဆရာနှင့် အင်္ဂလိပ်စစ်ဗိုလ် အများက တိုင်ပင်နှီးနှော စမ်းသပ်ကြရာ’ ဟူ၍ ထည့်သွင်းဖော်ပြထား၏။ စာတမ်းတွင် အမြောက်ဆံနှင့် အလျှင်(velocity) ကို ခန့်မှန်းနိုင်ရန် ပုံသေနည်း(၇)မျိုးအား ဖော်ပြထား၏။
ဘွိုင်လာအိုးလုပ်နည်းစာတမ်း
မောင်ရွှေပင်က ၁၈၅၉ခုနှစ် သြဂုတ်လ ၇ရက်နေ့တွင် ဘွိုင်လာအိုးလုပ်နည်းစာတမ်းကို ဆက်သွင်းခဲ့ပါသည်။ ယင်းစာတမ်းတွင် ဘွိုင်လာအိုး၏ စောက် နှင့် မြင်းကောင်ရေ ဆပ်စပ်ပုံ ၊ ဘွိုင်လာအိုး၏ ထိပ်ဝအကျယ် ၊ ခေါင်းတိုင်အ၀ ၊ ရေပိုက်အချင်း မှအစ တွက်ချက်ပုံ ပုံသေနည်းများကို ဖော်ပြထားသည်။ သို့သော် ဤဘွိုင်လာအိုးလုပ်နည်းကို သာမန်စကားပြေဖြင့် ရေးသားပြုစုနည်းမဟုတ်ပဲ သံပေါက်လင်္ကာဖြင့် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။
ဥပမာအားဖြင့် စာပိုဒ်(၂) ဘုံပါမြင်းအား သံပေါက်လင်္ကာတွင်
“မြင်းတစ်စီးအား လုပ်လိုငြား ၊ စောက်ကားဆယ့်ငါးလက်မ။
၎င်းထက်ဝက် ၊ အချင့်တွက်၊ မပျက်သိအပ်စွ။
လက်မသုံးစီ ၊ တိုးကာညီ ၊ စောမီ သိအပ်လှ”
ဟူ၍ ဖြစ်သည်။ ဤတွင် ဘုံပါဟူသည်မှာ ဘွိုင်လာအိုးကို ဆိုလိုခြင်းဖြစ်သည်။ တစ်စီးမြင်းအားဆိုသည်မှာ 1hp(horse power) ကို ဆိုလိုပါသည်။
သံတော်ဆင့် မောင်ရွှေပင်
မောင်ရွှေပင်သည် စာတမ်းနှစ်စောင် ဆက်သွင်းပြီး မကြာမီကာလ၌ မင်းလှရာဇာကျော်ထင်ဘွဲ့ဖြင့် တောစောက်ရွာစား သံတော်ဆင့် ရာထူး ခန့်အပ်ခံရ၏။ မောင်ရွှေပင်သည် ကောင်းနိုးရာရာ အင်္ဂလိပ်စာအုပ်များမှ ထုတ်နုတ်လျက် ဘာသာပြန်ဆိုကာ စာတမ်းများ ဆက်လက်ပြုစုခဲ့ရာ၌ ၁၈၆၀ခုနှစ် သြဂုတ်လ ၂၈ရက်နေ့တွင် အင်္ဂလိပ်မြင်းများအကြောင်း ၊ ၁၈၆၃ခုနှစ်တွင် လက်တွေ့ကွန်ပါရေးနည်းစာတမ်းတို့ကို ပြုစုပြီးစီးခဲ့သည်။
အင်္ဂလိပ်မြင်းများအကြောင်း စာတမ်းမှာ ပုရပိုက်ရေစီးနှစ်ဆယ်(ချပ်ရေ၂၀) ရှိပြီး စာအုပ်စာတမ်း ၅၀ ကို ကိုးကားလျှက် ရေးသားပြုစုထားခြင်း ဖြစ်ပါသည်။ ယင်းစာတမ်းတွင် မြင်းများစတင်ပေါ်ပေါက်ရာဒေသ ၊ မြင်း၏ အသက်ခန့်မှန်းပုံ ၊ သွားလာလှုပ်ရှားပုံ ၊ မြင်းကောင်းတို့၏ လက္ခဏာ ၊ အသုံးပြုပုံ ၊ မြင်းများကို ယဉ်ပါးလာအောင် လေ့ကျင့်ပုံများကို ဖော်ပြထား၏။
လက်တွေ့ကွန်ပါရေးနည်း စာတမ်းတွင်မူ စက်ဝိုင်းခြမ်းပုံ အုတ်ခုံးရေးဆွဲနည်းအပါအဝင် ဂျီသြမေတြီ ဆောက်လုပ်ချက်(၁၀၅) ခုကို ပုံနှင့်တကွ ရှင်းလင်းဖော်ပြထား၏။ ဤစာတမ်းတွင် ဤလစ်ပစ်(Elipse) ပါရေပိုးလား(Paraboler) ၊ ဟိုက်ပါပိုးလား(Hyperbola) စသည့် ပုံသဏ္ဍာန်များကိုလည်း မိတ်ဆက်ပေးထား၏။ ဤစာတမ်း၌
‘လက်တွေ့ ကွန်ပါရေးနည်းကျမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ အိမ်ရှေ့မင်းအား ဆက်သသော သံတော်ဆင့် တောဆောက်ရွာစွား မင်းလှရာဇာ ကျော်ထင်ဘွဲ့ခံ မောင်ရွှေပင်’
ဟု တွေ့ရှိရပေရာ မောင်ရွှေပင်မှာ ထိုစဉ်က သံတော်ဆင့်ရာထူးဖြင့် အမှုထမ်းလျက်ရှိကြောင်း သိရှိရလေသည်။
၁၈၇၁ခုနှစ် UK သို့သွားသော ပထမဆုံးမြန်မာ သံအဖွဲ့ UK သို့ရောက်စဉ် ရိုက်ကူးထားသောပုံပါ။ ဝိတိုရိယ ဘုရင်မကြီးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ချုပ်ဆိုရန် ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဝဲမှယာ … နေမျိုးမင်းဒင်သူရိန် မောင်ခြိမ့် ( အတွင်းရေးမှုး )
– ဖန်ချက် ဝန်ထောက် မဟာမင်းကျော်ရာဇာ မောင်ရွှေဦး
– ဝန်ကြီးချုပ် ကင်းဝန်မင်းကြီး ( အဖွဲ့ခေါင်းဆောင် )
– ပန်းတဉ်း ဝန်ထောက် မဟာမင်းလှ ကျော်ထင် မောင်ရွှေပင် (ကလာကတ္တား တွင်ပညာသင်ခဲ့သူ )
– Major A.R. Mac Mahon ( မန္တလေး ဗြိတိသျှ ကိုယ်စားလှယ် ဟုထင်ရသူ )
– Edmund Jones ( မြန်မာ ကောင်ဆယ် ၊ ရန်ကုန် ) ( ၂ ဦးစလုံး မြန်မာလို အထူးကျွမ်းကျင်သူ )
ပန်းတဉ်းဝန်မှ ဝန်ထောက်ရာထူးသို့
မောင်ရွှေပင်သည် ၁၈၆၄ခုနှစ်ခန့်တွင် ပန်းတဉ်းဝန်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံရပါသည်။ မောင်ရွှေပင်သည် စက်ဆရာ ဦးထွန်း နှင့် အတူ ဘင်္ဂလားသို့ စက်ပစ္စည်းများဝယ်ယူသွားရောက်ရာ ၁၈၆၄ခုနှစ် ဖော်ဖော်ဝါရီလတွင် ပြန်လည်ရောက်ရှိလာစဉ် ပန်းတဉ်းဝန်ရာထူး ရရှိခဲ့ခြင်းဖြစ်သည်။ ကနောင်မင်းသားလုပ်ကြံခံရပြီးနောက် ၁၈၆၇ခုနှစ် မတ်လတွင် ပန်းတဉ်းဝန် ဦးရွှေပင် ရန်ကုန်သို့ ရောက်ခဲ့သေးသည်။ ရန်ကုန်အရေးပိုင်း ဖယ်ရာထံသို့ အင်္ဂလန်ဘုရင်မထံ ပေးပို့မည့် မင်းတုန်းမင်း၏ ရာဇသံနှင့် လက်ဆောင်များ လာပို့ခြင်းဖြစ်သည်။
ပန်းတဉ်းဝန် ဦးရွှေပင်သည် ၁၈၆၇ခုနှစ် စက်တင်ဘာလအတွင်း နေပြည်တော်သို့ လာရောက်သည့် အင်္ဂလိပ်သံအဖွဲ့အား မလွန်မြို့မှ သွားရောက်ကြိုဆိုခဲ့ရသေးသည်။ ထို့နောက် ၁၈၇၀ခုနှစ် မေလတွင် အင်္ဂလန် နှင့် ပြင်သစ်နိုင်ငံများသို့ သံတမန်ရေးရာ ကိစ္စရပ်များ လေ့လာရန်သွားရောက်ခဲ့ရသည်။ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာပြီးနောက် ၁၈၇၂ခုနှစ် ဇန်နဝါရီလတွင် ဦးရွှေပင်ကို မဟာမင်းခေါင် မင်းထင်ဘွဲ့ဖြင့် ဝန်ထောက်ရာထူးသို့ တိုးမြှင့်ပေးလိုက်လေသည်။
ဒုတိယဇနီး
ဦးရွှေပင်သည် ဝန်ထောက်ရာထူးဖြင့် အမှုထမ်းရွက်စဉ် အင်္ဂလန်နိုင်ငံသွား ကင်းဝန်မင်းကြီး၏သံအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါခဲ့ရသည်။ တစ်နှစ် နှင့် နှစ်လအကြာ တွင်နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မကြာမီ ဦးဘိုးမောင်၏ သမီး မရွှေပုံနှင့် လက်ဆက်လိုက်ပါသည်။ ထိုစဉ်က ပထမဇနီး ဒေါ်မေ နှင့် သား မောင်ဘကြီး ၊ မောင်ဘကြူ တို့ ရှိနေဆဲဖြစ်သည်။
ဘဝနိဂုံး
ပန်းတဉ်းဝန်ထောက် ဦးရွှေပင်သည် အသက်လေးဆယ်ကျော်အရွယ် ၁၈၇၆ခုှနှစ်ခန့်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သူကွယ်လွန်သောအခါ သူပိုင်ပစ္စည်းများနှင့် ပတ်သတ်၍ အမွေမှုတစ်မှုဖြစ်ပွားခဲ့သည်။ ပထမဇနီး သားနှစ်ယောက် နှင့် ဒုတိယဇနီးက တစ်ဖက် ၊ မိဘများက တစ်ဖက် အမွေရလိုမှုဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ယင်းအမှုကို ၁၈၇၇ခုနှစ်မေလ တွင် စတင်စစ်ဆေး၍ ၁၂ဇူလိုင် ၁၈၇၈ခုနှစ်တွင် ဆုံးဖြတ်ချက် ချခဲ့သည်။ ၎င်းဆုံးဖြတ်ချက်အရ ကွယ်လွန်သူ ပန်းတဉ်းဝန်ထောက် ဦးရွှေပင်ပိုင် ပစ္စည်းများအား ဆိုင်ရာ ပုဂ္ဂိုလ်များက ခွဲဝေရရှိကြလေသည်။ ယင်းပစ္စည်းများထဲတွင် ပန်းတဉ်းဝန်ထောက် ဦးရွှေပင်ပိုင် စာအုပ်စာတမ်းများလည်း ပါဝင်ပါသည်။ ဦးရွှေပင်သည် နိုင်ငံခြားမှ ရတနာပုံနေပြည်တော်သို့ ပြန်လာခဲ့စဉ်က စာအုပ်စာတမ်း အမြောက်အများ ဝယ်ယူလာခဲ့ဟန်ရှိသည်။
ဆရာတင်နိုင်တိုး၏ ကုန်းဘောင်ခေတ်နှောင်း မြန်မာပညာတော်သင်များ စာအုပ်မှ စိတ်ဝင်စားတဲ့ သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်ရိုက်တင်ထားခြင်းဖြစ်ပါသည်။
Discussion about this post