မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ကို သတိရသူတိုင်း ဂဠန်ဦးစောကို စိတ်နာကြသည်။ ဦးစောသည် ကိုလိုနီခေတ်နှောင်းပိုင်း ၏ ဗီလိန်ဖြစ် သည်။ အခုထိတိုင် ပြည်သူ များ၏ အခဲမကြေမှု အမုန်းဒါဏ်ကို ခံနေရ တုန်းပင်။ ထို့အတူ မြန်မာနိုင်ငံကို စက်မှုနိုင်ငံဖြစ်စေရန်ကြိုးပမ်းခဲ့သော ကနောင်မင်းသားကြီးကို သတိရသူတိုင်းကလည်း မြင်ကွန်း မင်းသားကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံကို ပျက်စီးစေခဲ့သူအဖြစ် သတ်မှတ်ကြသည်။
ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းမင်းတရား နတ်ရွာစံ ခါနီးတွင် ‘ငါသားကြီးများ အစဉ်အတိုင်းမင်းပြုရစ်’ ဟု မှာကြားခဲ့သည့် အတိုင်း သားတော်ကြီး နောင်တော်ကြီးမင်းက သူမင်းပြုပြီးနောက် ၊ ညီတော် ဆင်ဖြူရှင် မြေဒူးမင်းကို ဆက်ခံစေခဲ့သည်။ သို့သော်မြေဒူးမင်း က ဖခင်မှာသည့်အတိုင်း မလုပ်ပဲ သားတော်စဉ့်ကူးမင်းကို အိမ်ရှေ့အ ရာပေးခဲ့သည်။ ထို့နောက် ဖောင်စားကားမောင်မောင် ၊ ဘိုးတော်ဗဒုံမင်း ၊ ဘကြီးတော်စစ်ကိုင်းမင်း ၊ ပုဂံမင်း အသီးသီးနန်းတက်ခဲ့သော်လည်း အလောင်းမင်း တရား၏ စကားကို နားထောင်ခဲ့သူ မှာ နောင်တော်ကြီး မင်းတစ်ပါးသာရှိသည်။
ထိုအစဉ်အလာကို မင်းတုန်းမင်းက ပြန်လည်ပြုပြင်သည့်အနေဖြင့် ညီတော်ကနောင်မင်းသားကြီးကို အိမ်ရှေ့အရာပေးအပ်ခဲ့သည်။ သားတော်များက မကျေနပ်ကြ။ ကျေနပ် သည်ဖြစ်စေ မကျေနပ် သည်ဖြစ်စေ ကနောင်မင်းသားကြီး၏ အစွမ်းကိုသိပြီးဖြစ်၍ အားလုံးငြိမ် သက်နေကြရသည်။ ထိုသူများထဲ မပါသူတစ်ယောက်ရှိသည်။ မြင်ကွန်း မင်းသား ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကိုသာမက မင်းတုန်းမင်းကိုပင် မထီမဲ့မြင် ဆန့်ကျင်ရဲသူဖြစ်သည်။ မြင်ကွန်းမင်းသား သည် ရွှေရေးဆောင်မိဖုရားမှ ဖွား မြင်သော သားတော်ဖြစ်သည်။ ငယ်မည် မောင်မျိုးအေးဖြစ်ပြီး ဘွဲ့မှာသီလဝ ဖြစ်သည်။ မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟုခေါ်ပြီး သားတော်အကြီးဆုံး ၊ သတ္တိဗျတ္တိနှင့် စိတ်အထက်ဆုံးဖြစ်သည်။
တစ်နေ့မင်းတုန်းမင်းကြီးက သားတော်ကြီးများစုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက် ‘ကိုင်း ငါ့သားများ ခမည်းတော်ကို ပွဲတော်ဟင်းများ ကိုယ် ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်ပြီး ဆက်သကြစမ်းပါ၊ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်’ ဟု ဆန္ဒမရှိသော်လည်း ချစ်ခင်သည့် ပရိယာယ်ဖြင့် မိန့်လျှင်သားတော်ကြီးများက ဘယ်ဟင်း ဘယ်လိုချက် တတ်ကြောင်းလျှောက်တင်ကြသည်။ မြင်ကွန်းမင်းသား အလှည့်တွင်မူ ‘မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါ ဘုရား’ ဟု လျှောက်တင်လျှင် မင်းတုန်းမင်းမှာ ‘ဟင်’ ဟုသာ တစ်လုံးတည်း ထွက်ပြီးမျက်နှာတော်ညို၍ အတွင်းတော်သို့ဝင်လေသည်။ မင်းတုန်း မင်းသည် အမဲသားဟင်းကို ဘယ်သောအခါမှ ပွဲတော်မတည်သလို နေပြည်တော်တွင် ကျွဲနွားများ မသတ်ရ မစားရဟု အမိန့်ထုတ်ထား သည်ကို သိသိရက်နှင့် လျှောက်တင်လိုက်ခြင်းဖြစ်သည်။ မြင်ကွန်း မင်းသားသည် ထိုသို့သောသူမျိုးဖြစ်သည်။
တစ်ခါကလည်း မင်းတုန်းမင်းက မိဖုရားများကို မုန့်ဖုတ်ခိုင်းလေသည်။ မိဖုရားများက မုန့်ဖုတ်ပြီး ဆက်သသည့်အခါ မင်းတုန်းမင်းက မုန့် အမျိုးမျိုးကို လက်နှင့်စမ်းသပ်နေတုန်း မုန့်တစ်မျိုးမှာ ဖဲ့မရ ဖြတ်မရ ဖြစ်နေသည်ကို သိသောအခါ မည်သူဖုတ်သည့်မုန့်လဲဟု လက်သည်ကို ရှာသည်။ လက်သည်မတွေ့သဖြင့် လွှင့်ပစ်ရာ ခွေးများပင် မစားကြ။ တရားခံမှာ စားစရာတွေရှိပါလျှက် မိဖုရားများကို မုန့်ဖုတ်ခိုင်းရ ပါမလား ဟု ဒေါပွနေသော မြင်ကွန်းမင်းသားပင် ဖြစ်သည်။ ဆင်သေ၏ သိုကြီးကို ဓားဖြင့်လှီးဖြတ်ကာ မုန့်သဖွယ်ကြော်ပေးလိုက်ခြင်းဖြစ်သည်။ မင်းတုန်း မင်းမှာ သိသော်လည်း ဘာမှမပြောပေ။
တစ်ခါကလည်း မြင်ကွန်းမင်းသားညီနောင်တို့ ဥယျာဉ်တော်ထဲတွင် ကစားလွန်ပြီး မိုးချုပ်သွားသည်။ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူလည်း မရှိဘဲဖြစ်နေရာ တံခါးအထွက် ကျုံးအနီး၌ မြက်စားနေသော ဘုရင်၏ မင်္ဂနွားဖြူတစ်ရှဉ်းလုံးကို ဖမ်းကာ ချက်ပြုတ်စားသောက် လိုက်သည်။ မင်းတုန်းမင်းသိသောအခါ အကျဉ်းချရန် ညီတော်ကနောင်မင်းသားထံအပ်သည်။ အိမ်ရှေ့မင်း သားကြီးက နှစ်ပတ်ချုပ်ပြီး ပြန်လွှတ်ပေးလိုက်သည်။ အိမ်ရှေ့စံအပေါ် မြင်ကွန်းမင်းသား၏ အငြိုးမှာလည်း ပိုပြင်းထန်လာခဲ့သည်။
ငြိုးပင်ငြိုးသော်လည်း ကနောင်မင်းသားကြီးက အပြစ်မယူ။ တကယ်တော့ ကနောင်မင်းသားကြီးမှာ မြင်ကွန်းမင်းသား၏ ဦးရီးတော်ဖြစ်သလို ယောက္ခမလည်းဖြစ်သည်။ မြင်ကွန်းမင်းသား၏ မိဖုရားမှာ ကနောင် မင်းသားကြီး၏ သမီးတော်ဖြစ်သည်။ မြင်ကွန်းညီနောင်တို့ ပုန်ကန်မည့် အကြောင်းကို မိဖုရားက သိရှိပြီးနောက် ကနောင်မင်းသားကြီး ထံ လျှို့ဝှက်စွာသံတော်ဦးတင်ခဲ့သည်။ ထိုအကြောင်း မြင်ကွန်းမင်းသား သိသွားသောအခါ “အဖေကိုလင်ထက်ပိုချစ်တဲ့ သတ္တဝါမ ၊ သွားမြဲလမ်း ကိုသွားတော့” ဟုကြိမ်း ဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ်ထည့်ထောင်းပြီး သတ်ပစ်လိုက်သည်ဟု ဆိုသည်။ အလွန်ရက်စက်တဲ့ မြင်ကွန်းမင်းသားပါပေ။ ကနောင်မင်း သားကြီးမှာ သမီးဖြစ်သူ အသတ်ခံရမှန်းသိသော်လည်း ဆူပူမူများမဖြစ်စေလိုသဖြင့် တခါတရံဖြစ်သည်ဟုယူဆကာ အေးအေးဆေးဆေး နေခဲ့လေသည်။ သို့သော် ကနောင် မင်းသားကြီးအထင်မှားခဲ့သည်။
၁၈၆၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ယာယီလွှတ်တော်အနီး၌ ကနောင် မင်းသားကြီးရှိသည် ဝန်ကြီးများနှင့် တိုင်းရေးပြည်ရေးဆွေးနွေးနေသည်။ ထိုအချိန်တွင် မြင်ကွန်းညီနောင်နှစ်ဦးသည် ကနောင်မင်းသားကြီးရှိရာသို့ “ဦးရီးတော်ဘုရား ကယ်ပါဘုရား” ရန်ဖြစ်ယောင်ဆောင်ကာ အပြေး ဝင်လာကြသည်။ ကနောင်မင်းသားကြီးက ရန်ဖြစ်နေသည် အထင်နှင့်ဖြန်ဖြေဖို့ကြိုးစားပြီးမှ လုပ်ကြံရန်လာကြောင်း သိလိုက်ရသည်။ ဓားတော်ကို ယူဖို့ကြိုးစားစဉ်မှာပင် လုပ်ကြံခံလိုက်ရသည်။ မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကြီးကိုသာမက မင်းတုန်းမင်းကိုပါ လုပ်ကြံဖို့ အစီ အစဉ်ရှိသည်။ သို့သော် မင်းတုန်းမင်းမှာ ကံအားလျှော်စွာ လွတ်မြောက် သွား ခဲ့သည်။ ကနောင်မင်း သားကြီးနှင့်အတူ အားကိုးရသည့် ဝန်ကြီး များစွာကျဆုံးခဲ့သော မြင်ကွန်းမြင်းခုံတိုင်အရေးအခင်းပင်။
ကနောင်မင်းသားတပ်များနှင့် ဘုရင့်တပ်များ ပူးပေါင်းတိုက်သည့်အခါ မြင်ကွန်းမင်းသားတပ်များ အရေးနိမ့်ပြီး ဘုရင်ပိုင် ရေနန်းစကြာ သင်္ဘောနှင့် မလွန်အရပ်သို့ စုန်ပြေး သွားခဲ့သည်။ ထို့နောက် အင်္ဂလိပ်လက်အာက် သို့ ခိုလှုံသွားခဲ့သည်။ အင်္ဂလိပ်တို့က အစိုးရဆန့်ကျင်ရေးခေါင်းဆောင်အဖြစ် ရန်ကုန်တွင်ထားရှိသည်။ သီပေါမင်းကို ဖယ်ရှား အစားထိုးရန် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သဘောထားခဲ့သည်။ သို့ရာတွင် အင်္ဂလိပ်တို့သည် မြင်ကွန်းမင်းသားနှင့် ပြင်သစ်တို့ အဆက်အသွယ်ရသွားမည်စိုး၍ ရန်ကုန်မှတစ်ဆင့် အက်ဒမန်ကျွန်း(ကပ္ပလီကျွန်း) သို့ ပို့လိုက်သည်။ ထိုမှတဖန် မိုင် ၆၀ဝ ခန့်ကွာဝေးသည့် အိန္ဒိယပြည်သို့ပို့ကာ ကာလကတ္တားနှင့် ပူနားမြို့တို့တွင် နေခဲ့ရပြန်သည်။
အင်္ဂလိပ်တို့က စိတ်မချ၍ ဗာရာဏသီမြို့သို့ ထပ်မံပို့ကာ အကျယ်ချုပ်ဘဝဖြင့် နေခဲ့ရသေးသည်။ ၁၈၈၂ခုနှစ် ဒီဇင်ဘာလ ၄ ရက် ညနေတွင် မြင်ကွန်းမင်းသားသည် ဒိုဘီကုလားအဘိုးကြီးအသွင်ရုပ်ဖျက်လျှက် ဗာရာဏသီမှ ထွက်ပြေးကာ ပြင်သစ်တို့နှင့် ဆက်သွယ်ခိုလှုံခဲ့သည်။ ထိုမှ ပြင်သစ်ပြည် ပါရီသို့ခိုးထွက်ရန်ကြံစည်ပြန်သည်။ ပြင်သစ်တို့က သိရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းကို ထပ်ပို့ခဲ့သည်။ ထိုမှ အိန္ဒိယပြည် ပွန်ဒီချယ်ရီ ထိုနောက် ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံမြို့ ( ယခုဟိုချီမင်းမြို့) တွင်နေခဲ့ရပြန်သည်။
ထိုအချိန်အထိ မြင်ကွန်းမင်းသားသည် ထီးနန်းပြန်ရဖို့ လက်မလျှော့သေး။ ဆရာတော်ဦးဥတ္တမ ဆိုင်ဂုံကိုရောက်သည့် အချိန်တွင်လည်း “အရှင်ဘုရား ၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး” ဟု လျှောက်ရာ ဆရာတော်က “ဒကာကြီး၊ ခဲတစ်လုံးရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည်မဟုတ်ပေ” ဟု ပြန်မိန့်ရာ မြင်ကွန်းမင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။
မြင်ကွန်းမင်း သားကြီးသည် ထိုသို့ တိုင်းတစ်ပါးလက်အောက်ခံဘဝဖြင့် ဘဝတစ်လျှောက်လုံးစိတ်မချမ်းမြေ့စွာနေထိုင်ရင်း ၁၉၂၁ ခုနှစ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဟိုချီမင်းမြို့၌ ကွယ်လွန်ခဲ့သည်။ အာဏာကို မက်မိပြီး မိုက်မိုက်ကန်းကန်းလုပ်မိသဖြင့် တိုင်းပြည်အတွက် လည်း မကောင်းခဲ့သလို သူအတွက်လည်း မကောင်းခဲ့။ တိုင်းပြည်အကျိုးကို မကြည့်ပဲ ကိုယ့်အကျိုးကိုသာ ကြည့်တတ်သူများသည် ရာဇဝင်၏ ဗီလိန်များသာ ဖြစ်လာပေလိမ့်မည်။
ကိုးကား
ဒဂုန်ခင်ခင်လေး – မြင်ကွန်းညီအစ်ကိုနှင့် ပန်းတိမ်မင်းသားပုန်ကန်မှု
မောင်ကြည်သန့် – အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ
သန်းဝင်းလှိုင် – ၂၀ ရာစုမြန်မာ့သမိုင်း
Discussion about this post