Gibbs Quadski ဆိုတာ ကုန်း/ရေ နှစ်မျိုးစလုံးမှာ မောင်းနှင်နိုင်တဲ့ ATV(All-terrain vehicle) အမျိုးအစားယာဉ်ဖြစ်ပါတယ်။ ဒီလေးဘီးဆိုင်ကယ်တွေကို ကုန်း/ရေ ယာဉ်တွေကို တစိုက်မတ်မတ်ထုတ်လုပ်လာခဲ့တဲ့ နယူးဇီလန်နည်းပညာကုမ္ပဏီ Gibbs Sports Amphibians ကနေ ၂၀၁၂ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
4 Stroke အင်ဂျင်တပ်ဆင်ထားတဲ့ Quadski တွေဟာ လမ်းပေါ်မောင်းတဲ့ဆိုင်ကယ်ကနေ ရေပေါ်မောင်းယာဉ်အဖြစ်ပြောင်းလဲနိုင်တဲ့ တစ်ကိုယ်ရေသုံးယာဉ်တစ်မျိုးလည်းဖြစ်ပါတယ်။ ဒီယာဉ်တွေဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ တစ်နာရီကို ၄၅မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ကြပါတယ်။
Quadski တစ်စီးဟာ ကုန်းပေါ်သွားယာဉ်ကနေ ရေပေါ်မောင်းယာဉ်အဖြစ် ပြောင်းလဲဖို့ အချိန် ၅ စက္ကန့်ပဲလိုအပ်ပါတယ်။ ဒီလိုမြန်မြန်ပြောင်းလဲနိုင်ခြင်းကတော့ မြန်နှုန်းမြင့် ကုန်း/ရေ ပြောင်းနည်းပညာ (High Speed Amphibian technology) ကို အသုံးပြုထားလို့ဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းကိုတော့ အမေရိကန် မီချီကန်ပြည်နယ် Detroit မှာ အခြေစိုက်ထားတဲ့ စက်ရုံကနေ ထုတ်လုပ်တာဖြစ်ပြီး Quadski မတိုင်ခင်က ကုန်း/ရေ သွားကားအမျိုးအစားဖြစ်တဲ့ Gibbs Aquada ကို ထုတ်လုပ်ခဲ့ပါသေးတယ်။ ကုန်းပေါ်မောင်းနှင်နေရာကနေ ရေထဲမှာပြောင်းမောင်းနိုင်ဖို့အတွက် ခလုပ်တစ်ခုကိုပဲ နှိပ်ပေးဖို့လိုပါတယ်။ ခလုပ်နှိပ်လိုက်တဲ့အခါမှာ ဘီးတွေဟာ ယာဉ်ဘော်ဒီမှာကပ်သွားပြီး ရေယာဉ်အဖြစ်စတင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
အရွယ်အစားကိုပြောရမယ် ဆိုရင်တော့ အလျား ၁၁ပေနီးပါး ၊ အနံ ၅ပေခန့် နဲ့ အမြင့် ၄ပေကျော် ရှိပါတယ်။ မြေပြင်နဲ့တော့ ၉လက်မခန့်ပဲ လွတ်ပါတယ်။ ရှေ့ဘီးနောက်ဘီးအကွာအဝေးကတော့ ၆ပေပါ။ တစ်စီးလုံးရဲ့ အလေးချိန်ကတော့ ၁၃၃၃ပေါင် ဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ BMW ဆိုင်ကယ် K1300S မှာတပ်ဆင်ထားတဲ့ Motorrad’s 1.3-liter အင်ဂျင်ဖြစ်ပြီး 100kW ကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ RWD(Rear-wheel drive) အမျိုးအစားဖြစ်ပြီး ဘရိတ်အနေနဲ့ကတော့ 4 Wheel disc brake ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Quadski တွေဟာ ရေထဲမှာတော့ ၂နာရီကျော်ကြာအထိ မောင်းနှင်ဖို့ခွင့်ပြုထားပြီး မြေပြင်ပေါ်မှာတော့ ၃၇၀ မိုင်အထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ ဒီယာဉ်တွေကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့တာဖြစ်ပြီး ယခုအချိန်အထိလည်း အမေရိကန်ရဲ့မြို့ကြီးတချို့မှာ ဝယ်ယူရရှိနိုင်ပါသေးတယ်။ Quadski တစ်စီးရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄သောင်းခန့် ဖြစ်ပါတယ်။ Quadski တွေကတော့ တစ်ယောက်စီးယာဉ်တွေဖြစ်ပြီး Quadski XL ကတော့ နှစ်ယောက်စီးယာဉ်ဖြစ်ပါတယ်။
VIDEO
Discussion about this post