တရားဝင်နာမည်ကတော့ ကိုလံဘီယာသမ္မတနိုင်ငံဖြစ်ပြီး တောင်အမေရိကတိုက်ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ကိုလံဘီယာကို မြောက်ဘက်မှာ ကာရေဘီယံပင်လယ် ၊ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာတို့က ဝန်းရံထားပါတယ် ။ အမှန်တကယ်တော့ ကိုလံဘီယာရဲ့ ပိုင်နက်နယ်မြေအနည်းငယ်ဟာ မြောက်အမေရိကတိုက်ထဲပါဝင်နေတာဖြစ်ပြီး နိုင်ငံ ရဲ့အနောက်မြောက်ပိုင်းမှာဆိုရင် ပမားနားနိုင်ငံ၊ တောင်ဘက်မှာဆိုရင် အီကွေဒေါနဲ့ပီရှုး နိုင်ငံ၊ အရှေဘက်မှာဆိုရင် ဗင်နီဇွဲလားနိုင်ငံ၊အရှေတောင်ဘက်မှာဆိုရင်ဘရာဇီးနိုင်ငံ အနောက်ဘက်မှာတော့ ပစိဖိတ်သမုဒ္ဒရာတွေနဲ့ နယ်မြေချင်းထိစပ်လျက်ရှိနေပါတယ်။
ကိုလံဘီယာ ဆိုတဲ့နာမည်ကတော့ အမေရိကတိုက်ကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ စပိန်နယ်မြေရှာဖွေသူ Christopher Columbus ရဲ့နောက်ဆုံးစာလုံးကို ရယူပြီးဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း (၄၄၀ ၈၃၁) စတုရန်းကီလိုမီတာကျယ်ဝန်းပြီးနိုင်ငံရဲ့ (၈.၈) ရာခိုင်နှုန်းလောက်သာ ရေထုအဖြစ်ရှိနေပါတယ်။
ကိုလံဘီယာနိုင်ငံဟာ တိုင်းဒေသကြီး(၃၂)ခုလောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး မြို့တော် ကတော့ Bogota ဖြစ်ပါတယ်။ တောင်အမေရိကတိုက်မှာတော့ ဘရာဇီးနိုင်င်ံပြီးရင်တော့ ကိုလံဘီယာဟာ ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး (၂၀၁၉)ခုနှစ်စာရင်းအရ ဆိုရင်တော့ (၄၈၂၅၈ ၄၉၅)လောက်ရှိနေပြီး ကမ္ဘာပေါ်မှာဆိုရင်တော့ (၂၉)နိုင်ငံ မြောက်လူဦးရေ အများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ လူဦးရေသိပ်သည်းဆက တော့(၁)စတုရန်းမိုင်မှာ (၁၀၉.၄) ဦးနေထိုင်ကြပါတယ်။
ကိုလံဘီယာရဲ့တရားဝင်ရုံးသုံးဘာသာစကားကတော့ စပိန်ဘာသာစကားဖြစ်ပြီး Archipelago of San Andres ၊ Providencia နဲ့ Santa Catalina ဒေသတွေမှာဆိုရင်တော့ အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုကြပါတယ်။ ကိုလံဘီယာနိုင်ငံတွင်းမှာပဲ ဘာသာစကားပေါင်း (၆၈)မျိုးလောက်ကိုအသုံးပြုပြောဆိုကြတယ်လို့သိရပြီး နိုင်ငံလူဦးရေရဲ့ (၈၆)ရာခိုင်နှုန်းလောက်က လူဖြူနဲ့ Castizo Mestizo မျိုးနွယ်စုတွေဖြစ်ကြပြီး (၁၀.၆)ရာခိုင်နှုန်းကတော့ Afro-Colombian (သွေးနှောတွေပါပါဝင်) နဲ့ (၃.၄) ရာခိုင် နှုန်းလောက်ကတော့ Amerindian မျိုးနွယ်စုတွေဖြစ်ကြပါတယ်။
ကိုလံဘီယာနိုင်ငံဟာ စပိန်တွေလက်ထဲကနေ (၁၈၁၀)ခုနှစ် ဂျူလိုင်(၂၀)ရက်နေ့ကတည်းကလွတ်လပ်ရေးရရှိခဲ့ပြီး နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုတော့ (၁၈၁၉) သြဂုတ်လမှသာ ပြန်လည်ရရှိခဲ့ပါတယ် ။ ကိုလံဘီယာမှာလက်ရှိအသုံးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ (၁၉၉၁)ခုနှစ် ဂျူလိုင်(၄)ရက်နေ့ကအသစ်ပြင်ဆင်ရေးသားခဲ့ပါတယ်။ အုပ်ချုပ်ရေးကတော့ တပြည်ထောင် ပါတီစုံ သမ္မတစနစ်ဖြစ်ပါတယ်။ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်(၂)ရပ်ထားရှိပြီး နိုင်ငံရဲ့လက်ရှိသမ္မတကတော့ ကိုလံဘီယာဒီမိုကရတ်တစ်ဗဟိုပါတီက အသက်(၄၃) နှစ်အရွယ်သာ ရှိသေးတဲ့ Ivan Duque Marquez ဖြစ်ပါတယ်။
လက်တင်အမေရိကနိုင်ငံတွေအနက်မှာတော့ ကိုလံဘီယာဟာတစ်ခုတည်းသောနေတိုး အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး UN ၊ WTO ၊ OAS ၊ Pacific Alliance နဲ့ Mercosur စတဲ့နိုင်ငံ တကာအသင်းအဖွဲ့တွေရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်လည်းရှိနေပါတယ်။ ကိုလံဘီယာဟာ ကမ္ဘာပေါ်မှာဆိုရင် Biodiversity ( အပင်နဲ့တိုရိစ္ဆာန်ကွဲပြားခြားနားမှု)ဒုတိယအမြင့်ဆုံး နိုင်ငံအဖြစ်ရပ်တည်နေပြီး တောင်အမေရိကတိုက်ကနိုင်ငံတွေအတွင်းမှာလည်း အတ္တလန္တိတ်နဲ့ ပစိဖိတ်ကမ်းခြေ(၂)ခုစလုံးကိုပိုင်ဆိုင်ထားတဲ့နိုင်ငံအဖြစ်လည်းရှိနေပါတ တယ်။
ယခု ကိုလံဘီယာနိုင်ငံရှိရာနေရာမှာ အစောဆုံးအခြေချနေထိုင်ခဲ့ကြသူတွေကတော့ Mesoamerica နဲ့ Caribbean မျိုးနွယ်စုတွေဖြစ်ကြပြီး Andes နဲ့ Amazon မြစ်ဝှမ်း တွေ မှာနေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။ သမိုင်းမှာဆိုရင် Paleoindian ကာလ( ဘီစီ ၈၀၀ ကနေ ၁၈၀၀၀)အတွင်းက လူသားတွေရဲ့ရုပ်ကြွင်းတွေအနုလက်ရာတွေကို Bogota မြို့ရဲ့အနောက်တောင်ဘက် (၆၂)မိုင်အကွာ Magdalena Valley မှာရှိတဲ့ Pubenza နဲ့ El Totumo သမိုင်းဝင်နယ်မြေအတွင်းကနေ တူုးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါအပြင် အမေရိကတိုက်မှာ တွေ့ရတဲ့ ပထမဆုံးသောအိုးလုပ်ငန်းလို့ဆိုရမဲ့ ဘီစီ (၅၀၀၀) ကနေ (၄၀၀၀)ကာလအတွင်းက အိုးလုပ်ငန်းခွင်တစ်ခုကို ကိုလံဘီယာက San Jacinto မှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။
(၁၄၉၉)ခုနှစ်ရောက်ချိန်မှာတော့ စပိန်တွေရဲ့ကိုလိုနီနယ်မြေအဖြစ်သိမ်းယူခြင်းကို ခံခဲ့ရပြီး အခြားတောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ကိုလံဘီယာ၊ဗင်နီဇွဲလား၊အီကွေဒေါ၊ ဘရာဇီးအနောက်မြောက်ပိုင်းဒေသ၊ပမားနားနိုင်ငံတို့ပါဝင်တဲ့ နယူးဂရင်းနေးဒါး နယ်မြေ တွေအဖြစ်ပေါင်းစပ်အုပ်ချုပ်ခြင်းကိုခံခဲ့ရပါတယ်။ (၁၆)ရာစုအတွင်းမှာတော့ ဥရောပ သားတွေဟာ အာဖရိကက ကျွန်တွေကို တောင်အမေရိကကိုအလုံးအရင်း သွတ်သွင်း လာကြပြီး သူတို့ရဲ့ကုန်ထုတ်လုပ်ငန်းတွေကိုမြှင့်တင်လာခဲ့ကြရာမှ အာဖရိကတော်တော် များများဟာ ကိုလံဘီယာနိုင်ငံတွင်း ပျံနှံ့ဝင်ရောက်လာပါတော့တယ်။
(၁၈၁၉)ခုနှစ်မှာတော့ ကိုလံဘီယာဟာ စပိန်တွေထံကနေလွတ်လပ်ရေးရယူနိုင်ခဲ့ပြီး (၁၈၃၀)ရောက်ချိန်မှာတော့ ကိုလံဘီယာနယ်မြေအတွင်းမှာပါဝင်နေတဲ့ ယခုအီကွေဒေါ နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ခွဲထွက်သွားခဲ့ကြပါတယ်။ ယင်းနောက်မှာတော့ ယခုပမားနားနိုင်ငံဟာ ကိုလံဘီယာနဲ့ပူးပေါင်းပြီး နယူး ဂရင်းနေးဒါးသမ္မတနိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့ပါတယ်။ (၁၈၅၈)ခုနှစ်မှာတော့ ဂရင်း နေးဒင်းကွန်ဖက်ဒရေးရှင်းနိုင်ငံ၊ (၁၈၆၃)မှာကိုလံဘီယာပြည်ထောင်စုအနေနဲ့ ဖက်ဒရယ်စနစ်ကိုအသုံးပြုပြီး အုပ်ချုပ်ခဲ့ကြပါတယ်။
(၁၈၈၆)ခုနှစ်မှာတော့ ကိုလံဘီယာသမ္မတနိုင်ငံအဖြစ်ကြေငြာခဲ့တဲ့နောက်ပိုင်းမှာတော့ ပနားမားတူးမြောင်းဖောက်လုပ်ရာမှာ အမေရိကန်ပြည်ထောင်စုကိုပေးချေရမဲ့ လျော် ကြေးငွေကိစ္စနဲ့ပတ်သက်ပြီး (၁၉၀၃)ခုနှစ်မှာတော့ ပနားမားဟာသီးခြားနိုင်ငံတစ်ခုအဖြစ်ခွဲထွက်သွားခဲ့ပြန်ပါတယ်။
တောင်အမေရိကတိုက်က သက်တမ်းအရင့်ဆုံးပါတီတွေဖြစ်တဲ့ (၁၈၄၈)ခုနှစ်ကတည် ထောင်ခဲ့တဲ့ ကိုလံဘီယာလစ်ဘရယ်ပါတီ နဲ့ (၁၈၄၉)ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတတီတွေရဲ့ပြိုင်ဆိုင်မှုကလည်း နိုင်ငံတွင်းအဓိကရုဏ်းတွေကိုသာမက ရက်တစ်ထောင်စစ်ပွဲ( ၁၈၉၉-၁၉၀၂)ခုနှစ်အထိဖြစ်ပွားခဲ့တဲ့သမိုင်းတွေရှိခဲ့ပါတယ်။ ဒါအပြင် (၁၈၆၄)ခုနှစ်ကနေစတင်ပြီး အစိုးရနဲ့ နယ်မြေလက်နက်ကိုင်တို့အကြားစစ်ပွဲ များစွာဖြစ်ပွားခဲ့ပြီး တရားမဝင်ဘိန်းရောင်းဝယ်ရေးလုပ်ငန်းတွေကြောင့် (၁၉၈၀) နောက်ပိုင်းမှာဆိုရင် စစ်ပွဲတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။
(၂၀၀၀)ပြည့်နှစ်နောက် ပိုင်းတွေမှာတော့ ကိုလံဘီယာပြည်တွင်းစစ်တွေဟာ သိသိသာသာလျော့ကျသွားခဲ့တာ ကိုတွေ့ရပါမယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအစဉ်ပြုလုပ်နေပေမဲ့ ယနေ့အချိန်ထိ တော့ ကိုလံဘီယာအစိုးရတပ်တွေနဲ့ ဒေသလက်နက်ကိုင်တွေအကြား မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး တိုက်ပွဲတွေကတော့မကြာခဏဖြစ်ပွားနေဆဲဖြစ်ပါတယ်။
သဘာဝပထဝီဝင်အရဆိုရင်တော့ ကိုလံဘီယာတစ်နိုင်ငံလုံးကို အပိုင်း(၆)ပိုင်းလောက် ခွဲခြားသတ်မှတ်ရပါမယ်။ အီကွေဒေါ၊ဗင်နီဇွဲလားတို့နဲ့ အတူ အင်ဒီးတောင်တန်းတွေဟာ လည်း နိုင်ငံရဲ့ဒေသအတွင်းကျရောက်နေတာကြောင့် တောင်တန်းဒေသတွေရှိသလို ပမားနား၊အီကွေဒေါနိုင်ငံတွေနဲ့အတူပစိဖိတ်ကမ်းခြေဒေသ၊ ပမားနား နဲ့ဗင်နီဇွဲလား တို့နဲ့အတူကာရေဘီယံကမ်းခြေဒေသ၊ Llanos လို့သိကြတဲ့ အပူပိုင်းမြတ်ခင်းပြင်ဒေသ၊ အမေဇုံမိုးသစ်တောဒေသ နဲ့အတ္တလနစ်နဲ့ပစိဖိတ်သမုဒ္ဒရာတွင်းက ကျွန်းတွေပါဝင်တဲ့ ကျွန်းစွယ်ဒေသတွေကိုပိုင်ဆိုင်ထားပါတယ်။
နိုင်ငံရဲ့အဓိကမြစ်ကြီးတွေကတော့ Magdalena ၊ Cauca ၊ Guaviare ၊ Atrato ၊ Meta ၊ Putumayo နဲ့ Caqueta မြစ်တို့ ဖြစ်ပါတယ်။ Orinoco နဲ့ အမေဇုံမြစ်တွေဆိုရင် ကိုလံဘီယာနိုင်ငံကို ပီရှုးနဲ့ဗင်နီဇွဲလား နိုင်ငံတွေနဲ့အဓိကနယ်မြေပိုင်းခြားရေးမျဉ်းတွေအဖြစ်တည်ရှိနေကြတာဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံနယ်မြေဒေသရဲ့ (၁၂.၇၇)ရာခိုင်နှုန်းဖြစ်တဲ့ (၁၄ ၂၆၈ ၂၂၄) ဟတ်တာ လောက်ဟာ နိင်ငံရဲ့ သစ်တောထိန်းသိမ်းရေးနယ်မြေဖြစ်တဲ့ National Park System အတွင်းမှာပါဝင်နေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကိုလံဘီယာရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဟာ အတော်ကိုခရီးရောက်နေတယ်လို့ဆိုရပါမယ်။ ဒါအပြင်ရေချိုသယံဇာတထိန်းသိမ်းဖော် ဆောင်ရာမှာလည်း ကိုလံဘီယာဟာ မြင့်မားတဲ့ရလဒ်ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။
ကိုလံဘီယာ ရဲ့ရာသီဥတုကတော့ အဓိကအားဖြင့် အပူပိုင်းဒေသရာသီဥတုမျိုးဖြစ်ပြီး ပင်လယ်ရေပြင်အထက်တည်ရှိတဲ့နေရာကိုမူတည်ပြီး အပူချိန်နဲ့အအေးလှိုင်ကျရောက် မှုကွဲပြားပါတယ်။ နိုင်ငံရဲ့(၈၂.၅)ရာခိုင်နှုန်းလောက်ဟာ အပူပိုင်းဇုံအတွင်းကျရောက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၃ ၁၂၃) မြင့်မားတဲ့နေရာတွေမှာဆိုရင်တော့ အပူချိန်ဟာ ရေခဲမှတ်အထိကျဆင်းပြီး ရေခဲမြစ်တွေ ရေခဲပြင်ကျယ်ကြီးတွေအထိဖြစ် ပေါ်လေ့ရှိပါတယ်။ ကိုလံဘီယာ နိုင်ငံရဲ့မြို့ပြအများစုကတော့ အင်ဒီးတောင်တန်းဒေသ မှာတည်ရှိနေတာဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံဟာသဘာဝအရင်းအမြစ်ပေါများကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ပြီး အဓိက တင်ပို့ကုန်ကတော့ လောင်စာဆီ၊ ရေနံ၊သစ်သီးသစ်ဥ၊သကြား၊စိုက်ပျိုးသီးနှံ၊ အစား အသောက်၊ပလတ်စတစ်၊အသား၊သစ်တောထွက်ပစ္စည်း၊ဓာတုဗေဒပစ္စည်းတွေဖြစ်ပါ တယ်။ ဒါအပြင် ယာဉ်အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း၊ပရိဘောဂ၊အထည်အလိပ်၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေအပြင် စစ်လက်နက်တွေအထိ ထုတ်လုပ်ရောင်းချနိုင်တာ ကိုတွေ့ရပါတယ် ။
ကိုလံဘီယာ ရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေကတော့ အမေရိကန် ပြည်ထောင်စု၊တရုတ်ပြည်သူသမ္မတနိုင်ငံ၊ အီးယူနဲ့ အခြားလက်တင်အမေရိကနိုင်ငံတွေ ဖြစ်ကြပါတယ်။ ကိုလံဘီယာ နိုင်ငံဟာ ဆင်းရဲချမ်းသာမှုနှုန်းအတော်ကို ကွာခြားမှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး (၂၀၁၇)ခုနှစ်က DANE ရဲ့အချက်အလက်တွေအရဆိုရင် နိုင်ငံလူဦး ရေရဲ့ (၂၆.၉)ရာခိုင်နှုန်းလောက်ဟာ ကမ္ဘာစံနှုန်းအဖြစ်သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေ မှုမျဉ်းရဲ့ အောက်ကိုကျရောက်နေခဲ့တယ်လို့ဖော်ပြခဲ့ပြီး နိုင်ငံလူဦးရေရဲ့ (၇.၄)ရာခိုင်နှုန်း ဟာ အလွန်အမင်းဆင်းရဲနေတယ်လို့ဖော်ပြမှုတွေအရ သိရပါတယ်။ (၂၁၀၉)ခုနှစ်အ တွက် ကိုလံဘီယာရဲ့ GDP ခန့်မှန်းတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၇၉၁.၉၉၅) ဘီလီယံအထိရှိနေခဲ့ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့နှစ်စဉ်ဝင်ငွေကတော့ အမေရိကန် ဒေါ်လာ (၁၅ ၇၁၉) ဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံရဲ့တရားဝင်သုံးတဲ့ငွေကြေးအမျိုးအစားကတော့ ပီဆိုဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာဟာ ၃ ၄၄၂.၅၂ ပီဆိုနဲ့တန်ဖိုးအားဖြင့် တူညီပါတယ်။
လူမျိုးနွယ်စုအများအပြား သွေးနှောအများအပြားရှိပေမဲ့ ကိုလံဘီယာနိုင်ငံလူဦးရေရဲ့ (၇၀)ရာခိုင်နှုန်းဟာ ကတ်သလစ်ဘာသာဝင်တွေဖြစ်ပြီး ပရိုတက်စတင့်ဘာသာဝင် (၁၆.၇) ရာခိုင်နှုန်း၊ ဘာသာမဲ့ (၄.၇)ရာခိုင်နှုန်း၊ ဘုရားကိုယုံကြည်မှုရှိပေမဲ့ တိတိကျကျဘာသာမရှိသူ (၃.၅)ရာခိုင်နှုန်း၊ Adventism (၁.၈)ရာခိုင်နှုန်း နဲ့အခြားဘာသာကိုးကွယ်သူ (ဝ.၂) ရာခိုင်နှုန်းအထိရှိနေတာကို (၂၀၁၀)ခုနှစ်စစ်တမ်းတွေအရ တွေ့ရပါတယ်။
ကိုလံဘီယာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ အချက်အလက်တွေကတော့
(၁) အမေဇုံသစ်တောရဲ့ (၆၀)ရာခိုင်နှုန်းဟာ ဘရာဇီးနိုင်ငံ၊(၁၃)ရာခိုင်နှုန်းဟာ ပီရှုးနိုင်ငံ အတွင်းပါရှိနေပြီး ကိုလံဘီယာ နိုင်ငံအတွင်းမှာတော့ (၁၀)ရာခိုင်နှုန်းအထိပါဝင်နေတာ ဖြစ်ပါတယ်။
(၂) တစ်ပတ်ကိုအမေရိကန်ဒေါ်လာသန်း(၄၂၀)လောက်ဝင်ငွေရှိသူ၊သမီးငယ်လေးရဲ့ အအေးဒဏ်ကိုကာကွယ်ဖို့ အမေရိကန်ဒေါ်လာ(၂)သန်းကိုမီးရှိုပြီး မီးလှုံစေသူလို့ လူသိများတဲ့ ကမ္ဘာကျော်မူးယစ်ရာဇာကြီး Pablo Escobar ဟာလည်း ကိုလံဘီယာနိုင်ငံသား ဖြစ်ပါတယ်။
(၃) ကမ္ဘာပေါ်မှာဆိုရင် ကိုလံဘီယာဟာ မြ ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး အရည် အသွေးအကောင်းဆုံးသော green gemstone တွေဟာလည်း ကိုလံဘီယာ တစ်နိုင်ငံ တည်းမှာပဲ အတွေ့များပါတယ်။ ကိုလံဘီယာနိုင်ငံမှာ မြကျောက်ထုတ်လုပ်မှု မိုင်းပေါင်း (၁၅၀)လောက်တည်ရှိနေပါတယ်။
(၄) ကမ္ဘာကျော်ပေါ့ဂီတကြယ်ပွင့် ရှကီးယား၊ ရီရယ်တောင်ပံကစား ဂျိမ်းရိုဒရီဂွတ်၊ ဂျူဗီ တောင်ပံကစားသမား ကွာရာဒိုတို့ဟာလည်း ကိုလံဘီယာနိုင်ငံသားတွေဖြစ်ကြပါတယ်။
(၅) ကိုလံဘီယာဟာ ချစ်စရာဓလေ့များစွာကိုပိုင်ဆိုင်ထားတာဖြစ်ပြီး သူတို့ရဲ့ဓလေ့စကားတစ်ခုကတော့ တေးဂီတသံကြားရင် ကလိုက်ပါဆိုတာ ပဲဖြစ်ပါတယ်။
(၆) သဘာဝပထဝီဝင်အရကြည့်မယ်ဆိုရင် ကိုလံဘီယာ ရဲ့နယ်မြေတွေရဲ့တည်ရှိမှုတွေ ကအတော်ကိုထူးခြားပါတယ်။ ကိုလံဘီယာဟာအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပမားနား၊ အီကွေဒေါ၊ ပီရှုး၊ဘရာဇီး၊ဗင်နီဇွဲလားတို့နဲ့ ကုန်းမြေပိုင်းမှာသာမက ရေပြင်ပိုင်းမှာပါ တစ်သားတည်းလိုလို ဆက်စပ်တည်ရှိနေတာဖြစ်ပါတယ် ။
(၇) ကိုလံဘီယာနိုင်ငံရဲ့မြို့တော် Bogota ဟာဆိုရင် အင်ဒိတောင်တန်းတွေပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၂၆၄၀)လောက်မှာ တည်ရှိနေတာကြောင့် အီကွေဒေါက Quito နဲ့ ဘိုလစ်ဗီးယားက La Paz မြို့တို့ပြီးရင် ကမ္ဘာပေါ်မှာတတိယ အမြင့်ဆုံးမြို့တော်ကြီးအဖြစ်တည်ရှိနေပါတယ်။
(၈) ကိုလံဘီယာ ဟာစပိန်စကားပြောနိုင်ငံတွေအနက်မှာတော့ ဒုတိယမြောက်လူဦးရေ အများဆုံးနိင်ငံဖြစ်တဲ့အပြင် ကမ္ဘာလှည့်ခရီးသည်တွေကတော့ ကိုလံဘီယာကို တောင် အမေရိကရဲ့ဝင်ပေါက် ( gateway of South Ameruca)လို့တင်စားခေါ်ဆိုကြပါတယ်။
(၉) သမိုင်းသုတေသီတွေကတော့ လူသားမျိုးနွယ်တွေဟာ ကိုလံဘီယာနိုင်ငံအတွင်း ကို လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀၀)လောက်ကတည်းက ဝင်ရောက်နေထိုင်ခဲ့ကြတယ်လို့ တွေ့ ရှိချက်တွေအရ အတည်ပြုပေးခဲ့ပါတယ်။
(၁၀) ကိုလံဘီယာနိုင်ငံဟာ ဘရာဇီးနဲ့ ဗီယက်နမ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာ့ကော်ဖီတင်ပို့မှု တတိယမြောက်အများဆုံးနိုင်ငံအဖြစ်လည်းရှိလို့နေပြန်ပါတယ်။
Discussion about this post