ကိုဆိုဗိုရဲ့တရားဝင်နာမည်ကတော့ ကိုဆိုဗိုသမ္မတနိုင်ငံဖြစ်ပြီး ဘောလ်ကန်ကျွန်းဆွယ်ရဲ့ အလယ်မှာတည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကိုဆိုဗိုဟာ (၂၀၀၈)ခုနှစ်၊ ဖေဖော်ဝါရီလရောက်ချိန်မှသာ ဆားဘီးယားနိုင်ငံကနေ လွတ်လပ်ရေးရယူနိုင်ခဲ့တာဖြစ်လို့ ကမ္ဘာ့သက်တမ်းအနုဆုံးနိုင်ငံစာရင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
ဧရိယာစတုရန်းမိုင်(၄၂၀၃)မိုင်သာရှိပြီးကမ္ဘာ(၁၇၁)နိုင်ငံမြောက်အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ ကိုဆိုဗိုရဲ့လူဦးရေဟာ (၂၀၁၉)ခုနှစ်စာရင်းတွေအရ (၁ ၈၀၉ ၂၈၀) လောက်သာရှိပြီး လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၄၁၁.၈)ယောက် နေထိုင်ကြတယ်လို့သိရပါတယ်။
နိုင်ငံရဲ့မြို့တော်ကတော့ Pristina ဖြစ်ပြီး ဆားဘီးယားနဲ့ အယ်ဘေးနီးယားဘာသာစကား တွေကို တရားဝင်ဘာသာစကားအဖြစ်အသုံးပြုပါတယ်။ နိုင်ငံဧရိယာစုစုပေါင်းရဲ့(၁)ရာ ခိုင်နှုန်းလောက်ကသာ ရေထုဖြစ်ပြီး ယူရိုကိုတော့နိုင်ငံရဲ့တရားဝင်ငွေကြေးအဖြစ်အသုံး ပြုပါတယ်။ နိုင်ငံရဲ့အရှေမြောက်ဘက်မှာဆိုရင် ဆားဘီးယားနိုင်ငံ၊ အရှေတောင်ဘက် မှာဆိုရင် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၊အနောက်တောင်ဘက်မှာဆိုရင် အယ်ဘေးနီးယားနိုင်ငံ၊ အနောက်ဘက်မှာဆိုရင် မွန်တီနီဂရိုးနိုင်ငံတွေနဲ့ နယ်မြေချင်းထိစပ်တည်ရှိလို့နေပါတယ်။
၁၄ ရာစုအတွင်းကတော့ ကိုဆိုဗိုဒေသဟာ ဆာဘီးယားဘုရင့်နိုင်ငံရဲ့ ယဉ်ကျေးမှုထွန်းကားရာ အဓိကနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဆာဘီးယားဘုရင်တွေဟာ Prizren နဲ့ Skopje မြို့တို့ကို တလှည့်စီမြို့တော်အနေနဲ့သတ်မှတ်ခဲ့ကြပါတယ်။ (၁၅)ရာစုကနေ (၂၀)ရာစုအတွင်းမှာတော့ ကိုဆိုဗိုနိုင်ငံဟာ အော်တိုမန်အင်ပါယာရဲ့အုပ်ချုပ်မှု အောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။ ကိုဆိုဗို ဆိုတဲ့နာမည်ကတော့ ဆားဘီးယားဘာသာ စကားကနေ ဆင်းသက်လာပြီး အနက်ရောင်ငှက်တွေရဲ့နယ်မြေလို့အဓိပ္ပါယ်ရပါတယ်။
ကိုဆိုဗိုဟာ ဆားဘီးယားထံကနေခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ကြောင်း (၂၀၀၈)ခုနှစ်၊ဖေဖော်ဝါရီ(၁၇)ရက်နေ့မှာ ကြေငြာခဲ့ပေမဲ့ဆားဘီးယားက လုံးဝအသိအမှတ်မပြုခဲ့ပါဘူး။ (၂၀၁၀)ခုနှစ် ဇူလိုင်(၂၀)ရက်ရောက်ချိန်မှသာ နိုင်ငံတကာရာဇဝတ် ခုံရုံး (ICJ)ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုဆိုဗိုဟာတရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ် လာခဲ့ပါတယ်။ ကမ္ဘာနိုင်ငံစုစုပေါင်း(၁၁၀)ကျော်လောက်က ကိုဆိုဗိုနိုင်ငံရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ကြပေမဲ့ ဆားဘီးယား၊ရုရှားနဲ့ ဥရောပနိုင်ငံတစ်ချို့ကတော့ ယနေ့အထိ အသိအမှတ်ပြုပေးဖို့ငြင်းဆန်နေကြဆဲဖြစ်ပါတယ်။
ပထဝီဝင်အနေအထားအရ ကိုဆိုဗိုနိုင်ငံဟာ ဥရောပအလယ်ပိုင်းနဲ့တောင်ပိုင်းအကြား အဓိကဆက်စပ်နေတဲ့လမ်းကြောင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ မူလကတော့ ကိုဆိုဗို ဟာ ကမာ့္ဘနောက်အကျဆုံးလွတ်လပ်ရေးရတဲ့နိုင်ငံအသစ်တစ်ခုအဖြစ်ရှိနေခဲ့ပြီးမြို့တော် Prishtina မှာ Newborn Monument တွေကိုနှစ်စဉ်ပုံစံအမျိုးမျိုးနဲ့ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့ (၂၀၁၁)ဇူလိုင်လမှာတော့ အာဖရိကတိုက်က တောင်ဆူဒန်နိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ကိုဆိုဗိုဟာ အနောက်ကျဆုံးလွတ်လပ်ရေးရတဲ့နိုင်ငံအဖြစ်ကနေ ဆင်းပေးခဲ့ရပါတယ်။
ကိုဆိုဗိုနိုင်ငံမှာအဓိကနေထိုင်ကြသူတွေကတော့ အယ်ဘေးနီးယားလူမျိုးတွေဖြစ်ကြပြီး ဥရောပရဲ့အဆင်းရဲဆုံးသောနိုင်ငံအဖြစ်လည်းရှိ နေပါတယ်။ ဘော်လ်ကန်ဒေသအတွင်းမှာတော့ ကိုဆိုဗိုဟာဧရိယာအကျယ်အဝန်းအ သေးငယ်ဆုံးနိုင်ငံဖြစ်ပြီး မြောက်အမေရိကတိုက်ကဂျာမမေကာနိုင်ငံ၊ အာရှက လက်ဘနွန်နိုင်ငံတို့နဲ့ အရွယ်အစားတူညီပါတယ်။
ကိုဆိုဗိုနိုင်ငံရဲ့အမြင့်ဆုံးအပိုင်းကတော့ Gjeravica တောင် ဖြစ်ပြီးပင်လယ်ရေမျက်နှာ ပြင်အထက်ပေ(၈၇၁၄)ပေမြင့်မားကာ နိုင်ငံရဲ့အနိမ့်ဆုံးအပိုင်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၉၇၄)ပေသာမြင့်တဲ့ White Drin အပိုင်းဖြစ်ပါတယ်။ ထုံးကျောက်ဂူတွေကိုတော့ ကိုဆိုဗိုနိုင်ငံရဲ့နေရာအနှံ့အပြားမှာတွေ့နိုင်မှာဖြစ်ပြီး Lipljan ဒေသအတွင်းမှာ(၁၉၆၆)ခုနှစ်ကတည်ကတွေ့ရှိခဲ့တဲ့ Marble Cave ဆိုရင် Karst အမျိုးအစားလိုဏ်ဂှုတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလာရောက်လေ့လာမှုများတဲ့ နိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။
ကိုဆိုဗိုနိုင်ငံဧရိယာရဲ့(၄၀)ရာခိုင်နှုန်းဟာ သစ်တောများဖြစ်ကြပါတယ်။အဓိကတွေ့ရတာကတော့ ဝက်သစ်ချပင်နဲ့ ထင်ရှူးပင် တွေဖြစ်ကာ သစ်တောဧရိယာအများစုကိုတော့ ကိုဆိုဗိုရဲ့အနောက်တောင် ပိုင်းဒေသမှာတွေ့ရှိရမှာဖြစ်ပါတယ်။ (၂၀၁၁)ခုနှစ်ကစာရင်းတွေအရဆိုရင်တော့ နိုင်ငံ လူဦးရေ(၉၅.၆)ရာခိုင်နှုန်းလောက်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး ခရစ်ယာန် ဘာသာဝင် (၃.၇)ရာခိုင်နှုန်း၊ဘာသာမဲ့(ဝ.၁)ရာခိုနှုန်းနဲ့ အခြားဘာသာဝင်(ဝ.၁)ရာခိုင် နှုန်းအထိရှိနေတာကိုတွေ့ရပါတယ်။ နိုင်ငံလူဦးရေရဲ့တစ်ဝက်ကျော်လောက်ဟာ မိရိုးဖလာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုသာလုပ်ကိုင်ကြပါတယ်။
(၂၀၁၉)အတွင်း ကိုဆိုဗိုရဲ့ ခန့်မှန်း(GDP)တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၂၂.၂၀၉)ဘီလီလျံရှိခဲ့ပြီးနိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ဝင်ငွေကတော့ အမေရိကန် ဒေါ်လာ (၁၂၁၅၄)ဖြစ်ပါတယ်။ ကိုဆိုဗိုရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ အီတလီ၊ဆွစ်ဇာလန်၊တရုတ်၊ဂျာမနီနဲ့ တူရကီနိုင်ငံတွေဖြစ်ကြပြီး ခရိုအေးရှား၊ဘော့စနီးယား၊အယ်ဘေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံတွေနဲ့လည်း လွတ်လပ်စွာ ကုန်သွယ်မှုနားလည်မှုစာချွန်လွှာတွေကို အသီးသီးရေးထိုးထားခဲ့ပါတယ်။
သတ္ထုတူးဖော်ရေးလုက်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်ကြပြီး ဥရောပနိုင်ငံတွေအနက်မှာတော့ ကိုဆိုဗိုဟာ ဖွံဖြိုးမှုအတော့ကို နည်းနေသေးတဲ့ အခြေအနေမှာရှိပါတယ်။ ဒါကလည်း ကိုဆိုဗိုဒေသဟာ လူမျိုးရေး နိုင်ငံရေး ပရိပက္ခများစွာရှိနေတဲ့အချက်ကြောင့်ဖြစ်ပြီး မူလကဆားဘီးယားပိုင်နက်အဖြစ်ရှိနေရာကနေ အဆမတန်များပြားလာတဲ့ အယ်ဘေးနီးယားက မူဆလင်မျိုးနွယ်စုနဲ့ ဒေသခံဆလပ်တွေရဲ့ ပရိပက္ခကနေ နောက်ဆုံးဆားဘီးယားက ခွဲထွက်ခဲ့တဲ့အထိဖြစ်ခဲ့ ပါတယ်။
ကိုဆိုဗိုတိုက်ပွဲဟာ (၁၉၉၈)ကနေ (၁၉၉၉)ခုနှစ်အကြားဖြစ်ပွားခဲ့ပြီး လူတစ်သောင်းကျော်လောက်သေဆုံးခဲ့ရပါတယ်။ ကုလသမဂ္ဂတပ်တွေရဲ့ဝင်ရောက် ထိန်းသိမ်းမှုကိုခံခဲ့ရပြီးနောက်မှာတော့ ကိုဆိုဗိုဟာ အမေရိကန်၊အင်္ဂလန်တို့ရဲ့ထောက်ခံ မှုတွေနဲ့ ခွဲထွက်ရေးအင်အားစုတွေအားကောင်းလာရာကနေ နောက်ဆုံးဆားဘီးယား ရဲ့ပြည်နယ်အဖြစ်ကအောင်မြင်စွာခွဲထွက်ပြီး မူလဆားဘီးယားရိုးရာဓလေ့ယဉ်ကျေးမှု၊ ကိုးကွယ်မှုဘာသာတရားတွေအားလုံဟာ ကွယ်ပျောက်သွားခဲ့ရပြီး အိမ်နီးချင်း အယ်ဘေးနီးယားရဲ့ယဉ်ကျေးမှု၊ကိုးကွယ်မှုတွေအစားထိုးဝင်ရောက်သွားခဲ့ရတဲ့အနေအထား ဖြစ်ပါတယ်။
(၁၉၉၉)ခုနှစ်ကုန်ခါနီးမှာတော့ ကိုဆိုဗိုနိုင်ငံတွင်းက အယ်ဘေးနီးယား လူမျိုး (၁.၅)သန်းလောက်ဟာ တိုက်ပွဲတွေဘေးကနေ ကင်းလွတ်ရန်နိုင်ငံအတွင်းက နေထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ယင်းနှစ်မှာပဲ အမေရိကန်သမ္မတဟောင်းတစ်ယောက်ဖြစ်တဲ့ ကလင်တန်ဟာ ကိုဆိုဗိုကိုရောက်ရှိလာခဲ့ပြီး ဆားဘီးယားနဲ့ဖြစ်ခဲ့တဲ့ ပရိပက္ခတွေအတွက် ဒေသခံအယ်ဘေးနီးယားတွေဘက်ကနေရပ်တည်ပေးခဲ့ပါတယ်။ ဒီ အတွက် ကိုဆိုဗိုသားတွေဟာ ကလင်တန်ကိုရုပ်တုထုပြီးဂုဏ်ပြုခဲ့ပါတယ်။
ဒါအပြင် အင်္ဂလန်ဝန်ကြီးချုပ် Tony Blairဟာဆိုရင်လည်း ကိုဆိုဗိုကိုဆားဘီးယားကနေခါခွဲထွက် နိုင်ဖို့အကောင်းဆုံးကူညီပေးခဲ့တာကြောင့် ကိုဆိုဗိုရဲ့သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ကိုဆိုဗိုသားတွေအနေနဲ့ တိုနီဘလဲကို ဘယ်လောက် တောင်နှစ်ခြိုက်သဘောကျလဲဆိုရင် (၁၉၉၈-၁၉၉၉) ကာလအတွင်းက ကိုဆိုဗိုမှာရှိတဲ့ အယ်ဘေးနီးယားမိသားစုအတော် များများဟာ သူတို့ရဲ့ကလေးနာမည်ကိုတောင် တိုနီဘလဲလို့အမည်တွေပေးခဲ့ကြတဲ့အထိဖြစ်ခဲ့ပါတယ်။
ဒါအပြင် ကိုဆိုဗိုတိုက်ပွဲကာလအတွင်းမှာ အယ်ဘေးနီးယားလွတ်မြောက်ရေးတပ်တွေ သာမက နေတိုးတပ်တွေကပါ အရပ်သားတွေကာကွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပွဲအတွင်းပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ ဥရောပမှာဆိုရင် မော်ဒိုဗာနိုင်ငံပြီးတဲ့နောက် မှာတော့ ကိုဆိုဗိုဟာဒုတိယမြောက်အဆင်းရဲဆုံးနိုင်ငံဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်မှာပဲ ကိုဆိုဗိုဟာ အီးယူနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ထူးခြားချက်ကတော့ ယင်းနှစ်မှာပဲ ကိုဆိုဗိုဟာနိုင်ငံလက်ရွေးစင်အမျိုးသားဘောလုံးအသင်းကို ဖွဲ့စည်းပြီး ဖင်လန်နိုင်ငံနဲ့ ပထမဆုံးသောနိုင်ငံရဲ့ချစ်ကြည်ရေးဘောလုံးပွဲကိုကစားခဲ့ပါ တယ်။(၂၀၀၉)ခုနှစ်ကတည်းကကိုဆိုဗိုဟာIMF လို့သိကြတဲ့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ကမ္ဘာဘဏ်တို့နဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ ကိုဆိုဗိုနိုင်ငံရဲ့ပထမဆုံးသောရထားလိုင်းကို တော့ (၁၈၇၄)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ကိုဆိုဗိုနိုင်ငံလူဦးရေရဲ့ (၇၀)ရာခိုင်နှုန်းဟာအသက်(၃၅)နှစ်အောက်ဖြစ်ကြပြီး ဒီစာရင်း ဟာဥရောပတိုက်မှာတော့ အပျိုပျစ်ဆုံးနိုင်ငံတစ်ခုဖြစ်စေခဲ့ပါတယ်။ ကိုဆိုဗိုမှာမွေးတာ မှန်ခဲ့ရင်တောင် အစိုးရက ကိုဆိုဗိုနိုင်ငံသားအဖြစ်မသတ်မှတ်ပါဘူး။အနည်းဆုံးမိဘ(၂) ဦးအနက်က တစ်ဦးဟာ ကိုဆိုဗိုနိုင်ငံသားလည်းဖြစ်နေမှသာ ကိုဆိုဗိုနိုင်ငံသားသက်သေ ခံကဒ်(မှတ်ပုံတင်)ကိုရရှိနိုင်မှာဖြစ်ပါတယ်။
Mother Teresa ဟာအသက်(၁၈)နှစ်အ ရွယ်က ယခု ကိုဆိုဗိုနိုင်ငံအတွင်းမှာရှိတဲ့ Letnica ရွာငယ်လေးမှာခရစ်ယာန်ဘုရား ကျောင်းမှာပဲ သူမရဲ့တစ်သက်တာကိုဘုရားသခင်ထံလှူဒါန်းခဲ့တယ်လို့သိရပြီး ယခုချိန် ထိ မြို့တော် Pristina မှာ သူမနာမည်နဲ့ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားကျောင်းတစ်ခုတည်ရှိ လို့နေပါတယ်။ ကိုဆိုဗိုဟာမူဆလင်ဓလေ့ထုံးစံတွေကြီးစိုးတဲ့နိုင်ငံတစ်ခုဖြစ်ပြီး ဦးခေါင်း နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလုံခြုံအောင်ဖုံးအုပ်ထားတဲ့ အမျိုးသမီးများစွာကို ကိုဆိုဗို ရဲ့လမ်းမတွေထက်မှာတွေ့ရမှာဖြစ်သလို အချို့ကလည်း အနောက်တိုင်းစတိုင်နဲ့သာ နေထိုင်ကြသူတွေလည်းဖြစ်ပါတယ်။ ကိုဆိုဗိုဘာသာရေးဆိုင်ရာဥပဒေတွေမှာလည်း နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိနေတာဖြစ်ပါတယ်။
Discussion about this post