ကာ့ဒ်ဆိုတာ အရှေ့အလယ်ပိုင်းဒေသက လူဦးရေအရ စတုတ္ထအများဆုံး လူမျိုးစုတစုဖြစ်ပါတယ်။ ကာ့ဒ်တွေဟာ သူတို့ကိုယ်သူတို့ ကာဒစ္စတန် Kurdistan နိုင်ငံသားတွေလို့ သုံးနှုန်းတာမျိုး ရှိတတ်ပေမယ့် သူတို့မှာ ဘယ်တုန်းကမှ တရားဝင်နိုင်ငံတနိုင်ငံ မရှိခဲ့ပါဘူး။
လူဦးရေစုစုပေါင်း ၃၀ သန်းနဲ့ ၄၀ သန်းအကြားမှာရှိတယ်လို့ခန့်မှန်းကြပါတယ်။ သူတို့ဟာ တူရကီ၊ အီရတ်၊ အီရန်၊ ဆီးရီးယားနိုင်ငံ ၄ နိုင်ငံအတွင်းမှာ အများဆုံးရှိကြပါတယ်။ အာမေးနီးယားနိုင်ငံ ၊ ဂျာမနီနိုင်ငံ တွေမှာလည်း နည်းနည်းရှိပါတယ်။ များစွာသော ကာ့ဒ်တွေကတော့ သူတို့ဟာ အီရန် ရှေးဟောင်းလူမျိုးစုတစုဖြစ်တဲ့ Medes ကနေ ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့မှာ ကိုယ်ပိုင် Kurdish ဘာသာစကားရှိပါတယ်။ အများစုဟာ ဆွန်နီမွတ်စလင်တွေပါ။ ရှီးယားမွတ်စလင်လည်း အရေအတွက် အနည်းငယ်ရှိပြီး ခရစ်ယာန် ၊ Alevism, Yazidism, Zoroastrianism စတဲ့ဘာသာတွေကိုလည်း ကိုးကွယ်ကြပါတယ်။
တူရကီ၊ အီရတ်၊ အီရန်၊ ဆီးရီးယားနိုင်ငံတွေ အတွင်းက ကာ့ဒ်တွေဟာ နယ်နမိတ်အားဖြင့် တဆက်တစပ်တည်း ရှိကြပါတယ်။ ပထမကမ္ဘာစစ်အပြီး အော်တိုမင်အင်ပါယာပြိုကွဲသွားချိန်မှာ စစ်နိုင်တဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ကမ္ဘာကြီးကို ပြန်လည်ဝေခြမ်းခဲ့ပါတယ်။ အော်တိုမင်အင်ပါယာထဲကနေ နိုင်ငံအသီးသီးကွဲထွက်သွားချိန်မှာ ကာ့ဒ်တွေရဲ့ ကာ့ဒစ္စတန်နိုင်ငံ ပေါ်ထွက်လာဖို့ မျှော်လင့်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ် ဆေးဗွားစာချုပ်ထဲမှာ ကာ့ဒစ္စတန်နိုင်ငံအတွက် လျာထားချက်ရှိခဲ့ပါတယ်။
ဒါပေမယ့် နောက်သုံးနှစ် အကြာမှာ ချုပ်ဆိုခဲ့တဲ့ လော့ဇန်းစာချုပ်ထဲမှာတော့ ကာ့ဒစ္စတန်အိပ်မက် ပျက်ပြယ်သွားပြီး ကာ့ဒ်တွေဟာ နိုင်ငံလေးနိုင်ငံထဲမှာ တပိုင်းစီပါသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကာ့ဒ်တွေဟာ တခုတည်းသောနိုင်ငံအဖြစ်စုစည်းထွက်ပေါ်လာရေးကို ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံသစ်ထူထောင်မှာကို လက်ရှိသူတို့နေရာတွေကို ပိုင်ဆိုင်ထားကြတဲ့ တူရကီ၊ အီရတ်၊ အီရန်၊ ဆီးရီးယား ဘယ်နိုင်ငံကမှ သဘောမတူကြပါဘူး။
ကာ့ဒ်ဟာ တူရကီအတွက် ဘာ့ကြောင့် စိုးရိမ်စရာဖြစ်လာသလဲ
ကာ့ဒ်လူမျိုးတွေဟာ တူရကီနိုင်ငံထဲမှာ အများဆုံးရှိကြပါတယ်။ တူရကီလူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိလည်း ရှိပါတယ်။ တူရကီနိုင်ငံထဲက ကာ့ဒ်တွေဟာ တူရကီကနေ ခွဲထွက်ပြီး သူတို့ဖာသာ တအိုးတအိမ်ထူထောင်ကြဖို့လည်း ကြိုးစားလှုပ်ရှားမှုတွေရှိပါတယ်။ တူရကီကတော့ ကာ့ဒ်ဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ ကာ့ဒ်ဆိုတာ တောင်ပေါ်တူရကီတွေလို့ သူတို့က ဆိုပါတယ်။ တူရကီနိုင်ငံထဲမှာ ကာ့ဒ်တွေဟာ နာမည်နဲ့ လူမျိုးရဲ့ တည်ရှိမှုက အစအငြင်းပယ်ခံကြရပါတယ်။ ကာ့ဒ်တွေရဲ့ တိုင်းရင်းသားဝတ်စုံ၊ ကာ့ဒ်တွေရဲ့ ဘာသာစကားအသုံးပြုမှုတွေကိုတောင် အပိတ်ပင်ခံရပါတယ်။
၁၉၇၈ ခုနှစ်မှာ ကာ့ဒ်ခေါင်းဆောင် အဗ္ဗဒူလာ အော့ကလန်က ပီကေကေ ကာ့ဒ်ပါတီကို ထူထောင်ပြီး လွတ်လပ်ရေးတောင်းဆိုခဲ့ပါတယ်။ နောက် ၆ နှစ်အကြာမှာ ပီကေကေဟာ လက်နက်ကိုင် သူပုန်ထခဲ့ပါတယ်။ ပီကေကေရဲ့ လက်နက်ကိုင်တော်လှန်ရေး ကာလအတွင်းမှာ အခုအချိန်အထိ လူပေါင်း ၄ သောင်းကျော်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ ကာ့ဒ်တွေကလည်း ဆီးရီးယားအာဆတ်အစိုးရကို ဆန့်ကျင်တော်လှန်ကြပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်မှာ ကာ့ဒ်တွေဟာ အမေရိကန်တပ်ဖွဲ့ရဲ့ မဟာမိတ်ဖြစ်လာခဲ့ပါတယ်။ အိုင်အက်စ် အစ္စလာမ်နိုင်ငံအဖွဲ့ကို တိုက်ခိုက်နှိမ်နင်းရာမှာလည်း ဆီးရီးယား ကာ့ဒ်တွေဟာ အဓိက ဇာတ်ကောင်တကောင်ဖြစ်ခဲ့ပါတယ်။
အိုင်အက်စ်ကို အနိုင်ရလိုက်ပြီးနောက်မှာ ဆီးရီးယားကာ့ဒ်တွေဟာ ဆီးရီးယားကခွဲထွက်ပြီး ကိုယ်ပိုင်နိုင်ငံထူထောင်နိုင်ဖို့ ဒါမှမဟုတ် ပိုပြီးလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးရဖို့ မျှော်လင့်ထားပါတယ်။ ဆီးရီးယားကာ့ဒ်တွေရဲ့ အဲဒီအောင်ပွဲဟာ တူရကီအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဆီးရီးယားကာ့ဒ်တွေရဲ့ အောင်ပွဲဟာ တူရကီကာ့ဒ်တွေအတွက် အားတက်စရာဖြစ်လာနိုင်ပါတယ်။ ဆီးရီယားကာ့ဒ်နဲ့ တူရကီကာ့ဒ်တို့ ပူးပေါင်းပြီး ကာ့ဒစ္စတန်နိုင်ငံထူထောင်ရေး အိပ်မက်ဟာလည်း ပိုပြီး အားကောင်းလာမှာစိုးရိမ်ပါတယ်။
ကာ့ဒ်လူမျိုးတွေဟာ အခုအခါမှာ အရင်ကထက်ပိုပြီး အင်အားတောင့်တင်းလာပါပြီ။ ဒါပေမယ့် ကာ့ဒ်တွေရဲ့ ကာ့ဒစ္စတန်နိုင်ငံထူထောင်ရေး အိပ်မက်ကတော့ ဝေးနေဆဲဖြစ်ပါတယ်။
BBC Burmese News
Discussion about this post