တစ်ခါက ပညာရှိကြီး ကာလီဒါသကို ဘုရင်မင်းကြီးက မေးတယ်။
“ကာလီဒါသ ငါ့တိုင်းပြည်မှာ မျက်စိမြင်သောသူများနဲ့ မမြင်သောသူများ အဘယ်သူကပိုများသနည်း”
ဒီတော့ ကာလီဒါသက
“မှန်လှပါ မမြင်သောသူက ပိုများပါတယ် အရှင်မင်းကြီး” လို့ လျှောက်တင်လိုက်တယ်။
“ဟယ်. . မဟုတ်သေးပါဘူး ကာလီဒါသ၊ ငါမေးနေတာ ငါ့တိုင်းပြည်မှာ အကောင်းနဲ့အကန်း ဘယ်သူက ပိုများသလဲလို့ မေးနေတာ”
” မှန်လှပါ၊ ကျွန်တော်မျိုးကြီးလည်း အဲ့ဒါကိုပဲ ဖြေတာပါဘုရား၊ အရှင်မင်းကြီးရဲ့တိုင်းပြည် မှာ အကောင်းထက် အကန်းက ပိုများပါတယ် ဘုရား”
ဒီတော့ ဘုရင်ကြီးဟာ အမျက်ချောင်းချောင်းထွက်သွားသတဲ့။
သူ့တိုင်းပြည်ကို အကန်းတွေ ပိုများတယ်လို့ အပြောခံရတာကိုး။
“ကောင်းပြီလေ ကာလီဒါသ၊ သင့်စကားကို မှန်ကန်တဲ့အကြောင်း သင်ငါ့ကို သက်သေပြဖို့တော့လိုလိမ့်မယ်။ မဟုတ်ရင်တော့ ကျွနု်ပ် သင့်ကို အပြစ်ပေးရလိမ့်မယ်” လို့ပြောလိုက်တယ်။ နောက်နေ့ မှာတော့ ကာလီဒါသဟာ နန်းတော်ထဲကို ခစားမဝင်တော့ပါဘူး။ စာအုပ်တစ်အုပ်၊ မင်တံတစ်ချောင်းနဲ့ မြစ်ဆိပ်မှာ သွားထိုင်နေပါတော့တယ်။ နန်းတော်ထဲက မှူးမတ်တွေဟာ ကာလီဒါသအကြောင်းကို တိုးတိုးတိုးတိုးနဲ့ အမျိုးမျိုးပြောကြတယ်။
ကာလီဒါသဟာ သက်သေမပြနိုင်တော့လို့ဘုရင့်အမျက် ပြေလိုပြေငြား အသနားခံဖို့ ရတုတွေစပ်နေတာတို့၊ ကာလီဒါသဟာ စိတ်မနှံ့တော့လို့သာဒီလိုပြော၊ဒီလိုပြုမူနေတာတို့၊ ကာလီဒါသဟာ ဘုရင်မင်းမြတ်ကို တမင်သက်သက် ဆန့်ကျင်တိုက်ခိုက်တာတို့စုံလို့ပဲပေါ့၊ကိုယ်သန်ရာသန်ရာ၊ ထင်ရာမြင်ရာ လိုရာစွဲလို့ ပြောကြဆိုကြပါတော့တယ်။ အဲ့ဒါလူလေ . . ။လူတွေရဲ့သဘာဝလေ။
နောက်ဆုံး ဘုရင်မင်းမြတ်ဟာ မနေနိုင်တော့ဘဲ ကာလီဒါသရှိရာကို မှူးမတ်ဗိုလ်ပါတွေနဲ့ကိုယ်တော်တိုင် ကြွရောက်သွားလိုက်တယ်။ အရင်ဆုံး မင်းချင်းတစ်ယောက်ကိုလွှတ်ပြီး မေးခိုင်းတယ်။
“ပညာရှိကြီးကာလီဒါသ၊ ပညာရှိကြီး ဘာလုပ်နေတာလဲ”
သူဘာမှ ပြန်မဖြေဘူး။ သူ့စာအုပ်ထဲ အဲ့ဒီမင်းချင်းရဲ့နာမည် ထည့်ရေးလိုက်တယ်။ဘယ်လို မှ အဖြေမရတဲ့ မင်းချင်းက ကာလီဒါသအပါးက ခွာပြီး ဘုရင်မင်းမြတ်ကို ပြန်လျှောက်တယ်။
“မှန်လှပါ၊ အမတ်ကြီးကာလီဒါသဟာ ကျွန်တော်မျိုးကို အဖတ်တောင်မလုပ်ပါဘူးဘုရား” ဘုရင်မင်းမြတ်က စဉ်းစားတယ်။ အင်း . . သူ့ထက် ရာထူးငယ်တဲ့သူမေးလို့ အရေးမလုပ်တာနေမှာ။ ဒီတော့ရာထူးအဆင့်အတန်းချင်းတူတဲ့ အမတ်တစ်ယောက်လွှတ်ဦးမှပဲပေါ့။ ဒါနဲ့ ကာလီဒါသ နဲ့ အဆင့်အတန်းချင်းတူတဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး မေးခိုင်းပြန်တယ်။
“အဆွေတော် ကာလီဒါသ။ ဘာလုပ်နေပါသလဲ”
ကာလီဒါသပြန်မဖြေပါဘူး။ အဲ့ဒီအမတ်ရဲ့နာမည်ကို စာအုပ်ထဲထည့်ရေးလိုက်ပြန်တယ်။ ဘယ်လိုမှ မေးမရတဲ့ အဆုံးမှာ အဲ့ဒီအမတ်လည်း ပြန်သွားရပြန်တယ်။
“ကျွန်တော်မျိုးကိုလည်း မဖြေပါဘူး အရှင်မင်းမြတ်”
ဒါနဲ့ဘုရင်ကြီးဟာ ကာလီဒါသထက် ရာထူးအဆင့်တန်းကြီးတဲ့ ဝန်မင်းတစ်ပါးကို စေလွှတ်လိုက်ပြန်တယ်။
“ကာလီဒါသ မောင်မင်းဘာလုပ်နေသလဲ” ကာလီဒါသဟာ ဝန်မင်းကြွလာတာကို ပျာပျာသလဲ လုက်အုပ်ချီလို့ ခရီးဦးကြိုပြုပေမဲ့ ပြန်မဖြေပါဘူး။ ဝန်မင်းရဲ့နာမည်ကိုစာအုပ်ထဲ ထပ်ထည့်လိုက်ပြန်တယ်။ ဒါနဲ့မေးမရတဲ့အဆုံး ဝန်မင်းလည်း ဒေါနဲ့မောနဲ့ ပြန်ကြွသွားတယ်။
“အဲ့ဒီ ငမိုက်သား ကာလီဒါသဟာ ကျွန်တော်မျိုးကိုတောင် ပမာမခန့်နဲ့ မေးတာမဖြေဘူး ဘုရား”
” သယ် . . ဒါဆိုရင် နောက်ထပ်ဝန်မင်းတစ်ယောက်ထပ်သွား၊ ငါကိုယ်တော်ကိုယ်တိုင် မေးခိုင်းတယ်လို့ မေးစမ်း” ဒါနဲ့ နောက်ထပ်ဝန်မင်းတစ်ပါးဟာ ကြွသွားရပြန်တယ်။
” ဒီမယ် ကာလီဒါသ မောင်မင်းဘာလုပ်နေလဲဆိုတာ ဘုရင်မင်းမြတ်ကိုတိုင်က သိချင်လို့ ကျွနု်ပ်ကို မေးခိုင်းလိုက်တယ်”
ကာလီဒါသမဖြေပါဘူး။ အဲ့ဒီဝန်မင်းနာမည်ကိုလည်း စာအုပ်ထဲ ထပ်ထည့်လိုက်ပြန်တာပေါ့။ ဝန်မင်းဟာ အမျိုးမျိုးဖျောင့်ဖျပြောဆိုပါတယ်။ ဘုရင်မင်းမြတ်အမိန့်ကို ဖီဆန်သလိုဖြစ်ရင် ရာဇဝတ် ဘေးသင့်မယ့်အကြောင်းတွေရော၊ စိတ်ကိုလျှော့ဖို့အကြောင်းတွေရော၊ ဒါပေမဲ့ ကာလီဒါသဆီက ဘာမှတုံ့ပြန်မှုမရတော့ လက်လျှော့ပြီး ပြန်သွားရတယ်။
ဘုရင်မင်းမြတ်ဟာ ဒေါသအမျက်တွေကြီးသည်ထက်ကြီးလာပြီ။ နောက်လိုက်ဗိုလ်ပါ မှူးမတ်တွေကလည်း ကာလီဒါသအကြောင်း တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာတွေ ပြောကုန်တယ်။ ဘုရင်မင်းမြတ်က ရှူးရှူးရှဲရှဲနဲ့ သူကိုယ်တိုင် ကာလီဒါသဆီကို ကြွသွားတယ်။
“ကာလီဒါသ မောင်မင်းဘာလုပ်နေသလဲလို့ ကျွနု်ပ်မေးခိုင်းတာကို ဘာလို့ ပြန်မဖြေတာလဲ”
“ခဏလေး သည်းခံတော်မူပါဘုရား။ ကျွန်တော်မျိုးစာရင်းလေးဖြည့်လိုက်ပါဦးမယ်။ပြီးရင် ဖြေပါ့မယ်”
ကာလီဒါသက စာအုပ်ထဲ ဘုရင်မင်းမြတ်ကြီးနာမည်ကိုပါဖြည့်လိုက်တယ်။ ပြီးတော့မှ
“ကျွန်တော်မျိုး စာရင်းပြုစုနေတာပါ ဘုရား”
“ဟေ . .ဘာစာရင်းတုန်း ကာလီဒါသ”
“မှန်ပါ အရှင်မင်းကြီးပြုစုခိုင်းတဲ့ စာရင်းပါဘုရား”
“ဟဲ့ . . ငါ ဘာစာရင်းပြုစုခိုင်းလို့လဲ”
“မှန်ပါ အကန်းစာရင်းပါဘုရား”
“ဟေ . . ပြစမ်း”
“ဒီမှာ ကျွန်တော်မျိုးထိုင်နေတာမြင်ရဲ့သားနဲ့ တစ်ယောက်ပြီးတစ်ယောက်လာပြီးဘာလုပ်နေလဲလို့ လာလာမေးကြတာ မမြင်ရလို့ မဟုတ်လားဘုရား။ ဒါကြောင့် ကျွန်တော်မျိုး အကန်းစာရင်းထဲ သူတို့အားလုံးကို သွင်းရပါတယ်”တဲ့။
ဒီတော့မှ စာရင်းကို ကြည့်ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင် တဟားဟားနဲ့ သဘောကျတော်မူတော့တယ်။ မကျခံနိုင်ရိုးလား။ သူ့နာမည်လည်း အဲ့ဒီစာရင်းထဲ ပါတာကိုး။ ဒီတော့မှ နောက်လိုက် ဗိုလ်ပါမှူးမတ်တွေလဲ ကာလီဒါသရဲ့ပရိယာယ်ကို သဘောပေါက်ပြီး ပြောကြဆိုကြဝေဖန်ကြပါတော့တယ်။ အဲ့ဒီအချိန်မှာ နောက်လိုက်ဗိုလ်ပါတွေ ဘာတွေပြောကြမလဲဆိုတော့ ခုနကကာလီဒါသ ဘာလုပ်နေမှန်း မသိတုန်းကလိုပဲ ကိုယ်ထင်ရာမြင်ရာ အမျိုးမျိုးပြောဆိုကြတော့တာပေါ့။ အဲ့ဒါလူလေ . . .။ လူတွေရဲ့သဘာဝလေ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကာလီဒါသရဲ့ ပတ်ဝန်းကျင်လိုပဲ မျက်မမြင်များသာ နေထိုင်ကြပါတယ်။ သူတို့ဟာ မြင်သင့်သလောက် မမြင်တဲ့အပြင် ထင်ရာမြင်ရာကိုလည်း ရမ်းသန်းမှန်းဆ ပြောဆိုတက်ကြပါသေးတယ်။ ဘယ်လိုပြောဖူးလဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ပုဏ္ဍာခြောက် ယောက်ပြောသလို ပြောလေ့ရှိပါတယ်။ မျက်မမြင်ပုဏ္ဍားခြောက်ယောက်ဟာ ဆင်ကို ဘယ်လိုပုံပန်းသဏ္ဍာန်လဲလို့ သိချင်လို့ စမ်းကြည့်ကြတယ်။ ခြေထောက်ကို ဖမ်းမိတဲ့လူက ဆင်ဆိုတာ တိုင်ကြီးများနဲ့တူတယ်လို့ ပြောတယ်။ အမြီးကိုင်မိတဲ့သူက ဆင်ဆိုတာ ကြိုးနဲ့တူပါသတဲ့။ အစွယ်ကို စမ်းတဲ့သူကတော့လှံ၊ နားရွက်ကိုစမ်းမိတဲ့သူက ယပ်တောင်၊ နံဘေးကိုစမ်းမိတဲ့သူက နံရံ၊ နှာမောင်းကို စမ်းမိတဲ့သူက မြွေလို့ထင်မှတ်လိုက်ကြသတဲ့။
အဲ့ဒါ ကျွန်တော်တို့ ပတ်ဝန်းကျင်ပါ။ လူတစ်ယောက်ရဲ့အကြောင်းကို ခရေစေ့တွင်းကျ ဂဃဏန မသိပဲ ထင်ရာမြင်ရာကိုသန်သလို ဇာတ်လမ်းလေးဆင်ပြီး ပိုပိုသာသာ ပြောဆိုတတ်ကြ၊ ကိုယ်သိလိုက်တဲ့၊မြင်လိုက်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ်မှာ ကိုယ်သိသလောက်လေး မြင်သလောက်လေးအပေါ်မှာသာ အခြေခံလို့ ပြောတက်ဆိုတတ်ကြတာ လူပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ပါ။ အဲ့ဒီလိုပြောတော့ အပြောခံရတဲ့သူက ဘာဖြစ်သလဲဆိုတော့ အပြောခံရတာပေါ့။ ပြောတဲ့သူတွေကို မပြောပါနဲ့ တားလို့မရဘူးတဲ့။
“ဘာဖြစ်လဲကိုယ့်ပါးစပ်နဲ့ကိုယ် ပြောတာပဲ မှန်လို့ပြောတာပဲ” လို့ပြန်ပြောတက်ကြပါသေးတယ်။ အဲ့ဒါကိုတော့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာကိုပဲ တိုးပြီး ပြောလိုက်ပါမယ်။ ကိုယ့်ပါးစပ်နဲ့ကိုယ် အတင်းပြောတာ၊
ကိုယ့်ပါးစပ်နဲ့ ကိုယ်အတင်းပြောတာ၊ ဟုတ်လို့မှန်လို့ ပြောတာ ဘာဖြစ်လဲဆိုတော့ အကုသိုလ်ဖြစ်ပါတယ်တဲ့။ အကုသိုလ်ဖြစ်တော့ဘာဖြစ်လဲဆိုတော့ ငရဲကြီးပါမယ်တဲ့။
ကဲ. . . ကိုယ့်ကိုကိုယ် မျက်မမြင်ပုဏ္ဍားတွေထဲ ပါမပါ ဆန်းစစ်ကြည့်ဖို့တော့ လိုမယ်ထင်ပါရဲ့ . . ။
Forward Mail
2009,March,Perfect Magazine
Discussion about this post