Via : Internet Journal
လူသားတွေနဲ့ လူ့သမိုင်းကြောင်းကို အဆင့်တစ်ခုအထိ မြှင့်တင်ပြောင်းလဲပေးနိုင်တဲ့ တီထွင်မှုတွေ မကြာခဏဆိုသလိုပဲ ထွက်ပေါ်လာခဲ့ပါတယ်။ လူသားတွေရဲ့ သမိုင်းကြောင်းထဲ အရေးအပါဆုံး တီထွင်မှု အခု ၃၀ ထဲမှာ သမိုင်းဦးကာလ တီထွင်မှုကနေ World Wide Web အထိ ဖော်ပြပေးထားပါတယ်။
(၁) ရွက်သဘောၤ (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၆၀၀၀)
လူ့သမိုင်းအစောပိုင်းက ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ခေတ်တစ်ခု မဖြစ်တည်လာခင်မှာ ရှေးခေတ် မက်ဆိုပိုတေးမီးယား အူဗိတ်ယဉ်ကျေးမှုက ရွက်သင်္ဘောတွေကို ကနဦး အသုံးပြုခဲ့ပါတယ်။ အဲဒီယဉ်ကျေးမှုဟာ တိုက်ဂရစ်နဲ့ ယူဖရေးတီးမြစ်ပေါင်းဆုံရာနေရာမှာ အခြေစိုက်ခဲ့ပါတယ်။ အူဗိတ်ယဉ်ကျေးမှုဟာ ယခုကာလ အီရတ်နိုင်ငံတည်ရှိရာမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါတယ်။
(၂) ဘီး (အမည်မသိ၊ ဘီစီ ၄၀၀၀နှင့် ၃၅၀၀)
ရွက်သင်္ဘောတွေလိုပဲ ဘီးတွေဟာလည်း လူတွေရဲ့ ကုန်ပစ္စည်းနဲ့ ခြံမွေးတိရစ္ဆာန်သယ်ယူမှုပုံစံကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘီးကို တီထွင်ခဲ့သလဲဆိုတာ ပညာရှင်တွေ တိတိကျကျမသိကြပါဘူး။ ကြေးခေတ် မက်ဆိုပိုတေးမီးယား ဒါမှမဟုတ် ယူရေးရှား ကာလတွေမှာ တီထွင်ခဲ့ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
(၃) သံ (ရှေးခေတ်အီဂျစ်၊ ဘီစီ ၃၄၀၀)
ရှေးခေတ် အီဂျစ်ပြည်သားတွေဟာ အဆောက်အဦတည်ဆောက်မှုနဲ့ လက်သမားအတတ်ပညာ အခြေခံထဲက တစ်ခုကို တီထွင်ခဲ့ကြပါတယ်။ အဲဒါက သေးငယ်ပေမဲ့ အစွမ်းထက်တဲ့ သံပါ။ ထောင်စုနှစ်သုံးခုလောက် အကြာမှာ ရောမသားတွေက အိမ်ရိုက်သံတွေကို ပုံသွင်းပြီး အမြောက်အမြားထုတ်လုပ်ခဲ့ပါတယ်။
(၄) ဆပ်ပြာ (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၂၈၀၀)
လူသားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ လူအဖွဲ့အစည်းတိုးတက်ရေး စည်ပင်ဖွံ့ဖြိုးအောင် အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ပထမဆုံး မိုးလုံလေလုံ သန့်စင်ခန်းကို ဘီစီ ၃၀၀၀ အတွင်း စကော့တလန်မြောက်ဘက်က စကာရာဘရေမှာ တီထွင်ခဲ့ပါတယ်။ ထိုအချိန်လောက်မှာပဲ ရှေးခေတ် မက်ဆိုပိုတေးမီးယားကာလအတွင်း ပထမဆုံး သန့်စင်ဆပ်ပြာတွေကို တိရစ္ဆာန်အဆီနဲ့ သစ်သားကိုမီးရှို့ရာက ရလာတဲ့ ပြာနဲ့ ဖန်တီးခဲ့ပါတယ်။
(၅) ပေသီးတွက်ခုံ (ရှေးခေတ် မက်ဆိုပိုတေးမီးယား၊ ဘီစီ ၂၇၀၀)
လျှပ်စစ်ဂဏန်းပေါင်းစက်နဲ့ ကွန်ပျူတာတွေ မထွက်ပေါ်မီက ပေါ်ပေါက်ခဲ့တဲ့ ပေသီးတွက်ခုံကို ဘီစီ၂၇၀၀ လောက်က ရှေးခေတ် မက်ဆိုပိုတေးမီးယားမှာ အသုံးပြုခဲ့ကြပါတယ်။ ဆူမာရီယန်ယဉ်ကျေးမှုရဲ့ ကိန်းဂဏန်းစနစ်ကို အခြေပြုပြီး တွက်ချက်မှုတွေ ပြုလုပ်တဲ့အခါမှာ ပေသီးတွက်ခုံကို အသုံးပြုခဲ့ကြပါတယ်။ ဒီထုတ်ကုန်ဟာ ရှေးခေတ်ကမ္ဘာရဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးစနစ်တွေအတွက် အရေးအပါဆုံး ကိရိယာတစ်ခု ဖြစ်ခဲ့ပါတယ်။
(၆) သံလိုက်အိမ်မြှောင် (တရုတ်၊ ဘီစီ ၂၀၆)
အခုတီထွင်မှုဟာ ရေကြောင်းလမ်းညွှန်သွားလာမှုကို ပြောင်းလဲခဲ့ပြီး နယ်မြေသစ်စူးစမ်းရှာဖွေမှုခေတ်ကို သယ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကုန်သွယ်ရေးကို အကြီးအကျယ်တိုးချဲ့နိုင်အောင် အထောက်အပံ့ပေးခဲ့ပါတယ်။ သံလိုက်အိမ်မြှောင်ကို ဘီစီ ၂၀၆ အတွင်း တရုတ်နိုင်ငံမှာ လူ့ကံကြမ္မာကို ဟောကြားရာမှာ အသုံးပြုခဲ့ပါတယ်။ အေဒီ ၁၁ ရာစုမှပဲ လမ်းညွှန်ကိရိယာအဖြစ် အသုံးပြုခဲ့တာပါ။
(၇) စက္ကူ (တရုတ်၊ ဘီစီ ၁၀၅)
စက္ကူတီထွင်မှုဟာ အရေးပါတယ်။ လူ့ယဉ်ကျေးမှုမှာ စက္ကူကိုအသုံးပြုပြီး အသိပညာတွေ ဝေမျှတာနဲ့ မှတ်တမ်းမှတ်ရာ သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရှေးခေတ်အီဂျစ်သားတွေက ကျူပင်ကနေ စက္ကူကို ပြုလုပ်ခဲ့ပါတယ်။ ဘီစီ ၄ ရာစုမှာ ပျော့ဖတ်တွေနဲ့ စက္ကူအစစ်ကို ပြုလုပ်ခဲ့ပါတယ်။ စက္ကူကို တရုတ်နိုင်ငံ ဟန်မင်းဆက် ခုံရုံးအရာရှိ ခိုင်လွန်က တီထွင်ခဲ့ပါတယ်။
(၈) ယမ်းမှုန့် (တရုတ်၊ အေဒီ ၁၄၃)
အရေးပါတဲ့ ပေါက်ကွဲရေးပစ္စည်းဖြစ်တဲ့ ယမ်းမှုန့်ဟာ ရာစုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံမှာ အဆင့်ဆင့်ပြောင်းလဲတိုးတက်ခဲ့ပါတယ်။ အေဒီ ၁၄၂ မှာတော့ အဂ္ဂိရိတ်ထိုးသူ ဝေပိုယန်ရဲ့ တောက်ကျမ်းစာမှာ ယမ်းမှုန့်ကို ပထမဆုံး ဖော်ပြထားပါတယ်။ ယခုတီထွင်မှုဟာ ကမ္ဘာ့သမိုင်းအပေါ် အကြီးအကျယ်ပြောင်းလဲခဲ့ပြီး လူသားတွေ စစ်ပြုတဲ့ပုံစံကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ခေတ်သစ်လက်နက်တွေမှာ ယမ်းမှုန့်ဟာ အခြေခံအဖြစ် ပါဝင်နေတုန်းပါပဲ။
(၉) စက်နာရီ (တရုတ်၊ အေဒီ ၇၂၅)
တရုတ်နိုင်ငံက ထွက်ရှိလာတဲ့ အရေးအကြီးဆုံး တီထွင်မှုက စက်နာရီပါ။ ကမ္ဘာ့ပထမဆုံး စက်နာရီကို ရှစ်ရာစုမှာ စစ်တပ်အင်ဂျင်နီယာ လျန်လင်ဇန်နဲ့ သချာၤပညာရှင် ရီရှန်တို့က တီထွင်ခဲ့ပါတယ်။ အချိန်ကို တိကျစွာ ပြောလာနိုင်တာနဲ့ လူ့သမိုင်း အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ နာရီကြောင့် ပင်လယ်ခရီးသွားလာမှုနဲ့ စိုက်ပျိုးရေးတွေကို ပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာပါတယ်။
(၁၀) ပုံနှိပ်စက် (ရောမအင်ပါယာ၊ အေဒီ ၁၄၄၀)
ဂျိုဟန်နက်စ် ဂူတင်ဘတ်ရဲ့ ဖန်တီးမှုကြောင့် လူတွေဆီကို အသိပညာဖြန့်ဝေနိုင်ခဲ့ပါတယ်။ အချက်အလက်တွေ အပြန်အလှန်ဝေမျှတဲ့ ခေတ်တစ်ခုကိုလည်း အစပျိုးနိုင်ခဲ့တယ်။ လူ့အထက်တန်းလွှာတွေကသာ ထိန်းသိမ်းခဲ့တဲ့ သတင်းအချက်အလက်ကို လူများစွာကို ဖြန့်ဝေနိုင်ဖို့ ပုံနှိပ်စက်က ကူညီခဲ့ပါတယ်။
(၁၁) သာမိုမီတာ (ဗင်းနစ်ပြည်၊ ၁၆၁၂ ခုနှစ်)
ခေတ်ဆေးကုသမှု၊ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းနဲ့ ကုန်ချောထုတ်လုပ်ရေးတို့ဟာ အပူချိန်ကို တိကျစွာတိုင်းတာဖို့ဆိုတဲ့ နှိုးဆော်ချက်နဲ့ ပေါ်ထွက်လာပါတယ်။ ပထမဆုံး သာမိုစကုပ်ကို နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယိုဂယ်လီလေက အပူချိန်အပြောင်းအလဲကို ပြသနိုင်ဖို့ ၁၅၉၂ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ပထမဆုံး သာမိုမီတာအသစ်ကို သာမိုစကုပ်အတိုင်းအတာနဲ့ ဗင်းနစ်ပြည်သား သမားတော် ဆန်တိုရီယို ဆန်တိုရီယိုက ၁၆၁၂ ခုနှစ်မှာ တီထွင်ခဲ့တာပါ။
(၁၂) ခေတ်သစ်ရေနွေးငွေ့အင်ဂျင် (အင်္ဂလန်၊ ၁၆၉၈ ခုနှစ်)
စက်မှုတော်လှန်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရေနွေးငွေ့သုံးအင်ဂျင်ကို ၁၆၉၈ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ သောမတ်ဆေဗာရီက တီထွင်ခဲ့ပါတယ်။ အဲဒီတီထွင်မှုကို မိုင်းတွင်းတွေမှာ ရေစုပ်ထုတ်တာနဲ့ သီးနှံကြိတ်ခွဲစက်တွေမှာ အသုံးပြုခဲ့ပါတယ်။
(၁၃) ရေခဲသေတ္တာ (စကော့တလန်၊ ၁၇၅၅ ခုနှစ်)
အစားအသောက်သမိုင်းမှာ အရေးအပါအဆုံး တီထွင်မှုတစ်ခုက ရေခဲသေတ္တာပါ။ ပထမဆုံး လူလုပ်ရေခဲသေတ္တာကို စကော့တလန်လူမျိုး ဆရာဝန် ဝီလီယံကောလန်က ၁၇၅၀ နှစ်လယ်ပိုင်းမှာ တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၁၃ ခုနှစ်ကျမှ ပထမဆုံး စီးပွားဖြစ် ရေခဲသေတ္တာကို ရောင်းချခဲ့ကြပါတယ်။
(၁၄) ကွန်ပျူတာ (အင်္ဂလန်၊ ၁၉ ရာစုအစောပိုင်း)
၁၉ ရာစုအစောပိုင်းမှာ စက်ပစ္စည်းနဲ့ တွက်ချက်မှု ပြုလုပ်ပေးနိုင်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Difference နဲ့ Analytical အင်ဂျင်တွေကို ကွန်ပျူတာရဲ့ ဖခင်ကြီးအဖြစ် တင်စားခံခဲ့ရတဲ့ အင်္ဂလိပ် သချာၤပညာ ချားလ်ဘာဘေ့ချ်က တီထွင်ပေးခဲ့ပါတယ်။
(၁၅) လျှပ်စစ်ကြေးနန်း (အင်္ဂလန်၊ ၁၈၁၆ ခုနှစ်)
အင်္ဂလိပ်သိပ္ပံပညာရှင် ဖရန်စစ်ရော်နယ်စ်ဟာ ၁၈၁၆ ခုနှစ်မှာ ပထမဆုံး လျှပ်စစ်နဲ့သက်ဆိုင်တဲ့ ဆက်သွယ်ရေးပုံစံတစ်မျိုး တီထွင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံသား ဆင်မြူရယ်မော့စ်က ၁၈၃၇ ခုနှစ်မှာ ပထမဆုံး စီးပွားဖြစ်အသုံးပြုနိုင်တဲ့ ကြေးနန်းစနစ်ကို ဖန်တီးခဲ့တာကြောင့် ရပ်ဝေးဆက်သွယ်မှုပုံစံကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။
(၁၆) ဓာတ်ပုံ (ပြင်သစ်၊ ၁၈၁၆ ခုနှစ်)
ပြင်သစ်တီထွင်ပညာရှင် နီစီဖော်နီစီက DIY ကင်မရာတစ်လုံးနဲ့ silver chloride လောင်းထားတဲ့ စာရွက်ကိုအသုံးပြုပြီး ပထမဆုံးဓာတ်ပုံကို ၁၈၁၆ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ၁၉ ရာစုရဲ့ အထင်ကရ တီထွင်မှုတစ်ခုဖြစ်တဲ့ ဓာတ်ပုံဟာ လူသားတွေရဲ့ အနုပညာဖန်တီးမှု၊ ဆက်သွယ်မှု၊ သင်ယူမှုနဲ့ ဖြစ်ရပ် မှတ်တမ်းတင်တဲ့ နည်းလမ်းကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။
(၁၇) ခေတ်သစ်မေ့ဆေး (အမေရိကန်၊ ၁၈၄၂ ခုနှစ်)
ခေတ်သစ်ခွဲစိတ်မှုလုပ်ငန်းစဉ်တွေက မေ့ဆေးမရှိဘဲနဲ့ ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ နှစ်ထောင်ပေါင်းများစွာအတွင်း သဘာဝမေ့ဆေးအဖြစ် အရက်နဲ့ ဘိန်းတွေကို သုံးစွဲခဲ့ကြပါတယ်။ ခွဲစိတ်ဆရာဝန် ခရောဖို့ဒ်လောင်းက ၁၈၄၂ ခုနှစ်မှာ လူနာရဲ့ မေးရိုးကို ခွဲဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် အီသာဓာတ်ငွေ့ကို အသုံးပြုခဲ့ပါတယ်။
(၁၈) ခေတ်သစ်ရေနံသန့်စင်မှု (စကော့တလန်၊ ၁၈၄၈ခုနှစ်)
မော်တော်ယာဉ်ကနေ ပလတ်စတစ်အထိ အရာအားလုံးဟာ ရေနံကို ပြန်လည် သန့်စင်ရာက ရလာတာပါ။ အဲဒီလုပ်ငန်းစဉ်ကို စကော့လူမျိုး ဓာတုဗေဒပညာရှင် ဂျိမ်းယန်းက တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ သူက ၁၈၄၈ ခုနှစ်မှာ သဘာဝဆီကနေ ရေနံဆီထုတ်နိုင်မယ့် နည်းလမ်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
(၁၉) လောင်စာသုံးအင်ဂျင် (ပြင်သစ်၊ ၁၈၅၉ ခုနှစ်)
ဘယ်လ်ဂျီယမ်ဖွား ပဲရစ်မြို့နေ အင်ဂျင်နီယာ ဂျင်ဂျိုးဆက်အီတိုင်နီလီနွှာက ကမ္ဘာ့ပထမဆုံး လောင်စာသုံးအင်ဂျင်ကို တီထွင်ခဲ့ပါတယ်။ လောင်စာသုံးအင်ဂျင်ကို မြေနဲ့ ရေပေါ်သွားလာနေတဲ့ ယာဉ်အားလုံးနီးပါးမှာ အသုံးပြုနေကြပါပြီ။
(၂၀) တယ်လီဖုန်း (အမေရိကန်/ကနေဒါ၊ ၁၈၇၉ ခုနှစ်)
တယ်လီဖုန်းဟာ ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ တီထွင်မှုတစ်ခုပါ။ တယ်လီဖုန်းကို လူအမျိုးမျိုးက နှစ်ပေါင်းများစွာ တိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ၁၈၇၉ ခုနှစ်မှာတော့ အမှန်တကယ် အသုံးပြုနိုင်တဲ့ တယ်လီဖုန်းကို စကော့တလန်ဖွား တီထွင်မှုပညာရှင် အဲလက်ဇန်ဒါး ဂရေဟမ်ဘဲလ်က တီထွင်ခဲ့ပါတယ်။
(၂၁) မီးသီး (အမေရိကန်၊ ၁၈၇၉ ခုနှစ်)
အင်္ဂလိပ် သိပ္ပံပညာရှင် ဝါရန်ဒီလာရူအပါအဝင် တီထွင်သူများစွာဟာ ရာစုနှစ်အတွင်း အခြေခံမီးသီးအမျိုးမျိုးကို တီထွင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်အသုံးပြုနိုင်တဲ့ မီးသီးကို ၁၈၇၉ ခုနှစ်မှာ သောမတ်အက်ဒီဆင်က ဈေးကွက်မှာ ရောင်းချဖို့အတွက် မူပိုင်ခွင့်တင်နိုင်ခဲ့ပါတယ်။
(၂၂) ကား (ဂျာမနီ၊ ၁၈၈၆ခုနှစ်)
ဂျာမန်အင်ဂျင်နီယာ ကားလ်ဘန့်ဇ်ဟာ ၁၈၈၆ ခုနှစ်မှာ ပထမဆုံးကား Benz Patent-Motorwagen တီထွင်သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရပါတယ်။
(၂၃) ရေဒီယို (အီတလီ၊ ၁၈၉၅ ခုနှစ်)
စွန့်ဦးတီထွင်မှု ပြုလုပ်သူတော်တော်များများဟာ ရှည်လျားတဲ့ အကွာအဝေးအထိ ထုတ်လွှင့်နိုင်တဲ့ ရေဒီယိုတီထွင်မှုမှာ ပါဝင်ခဲ့ကြပါတယ်။ အီတလီလူမျိုးတီထွင်သူ ဂူလီယဲမိုမာကိုနီက ၁၈၉၅ ခုနှစ်မှာ အောင်မြင်စွာ အသုံးပြုနိုင်တဲ့ ရေဒီယိုကိရိယာနဲ့ ကြိုးမဲ့ကြေးနန်းစနစ်ကို တီထွင်ခဲ့ပါတယ်။
(၂၄) လေယာဉ် (အမေရိကန်၊ ၁၉၀၃ ခုနှစ်)
အော်ဗီလီနဲ့ ဝီဗာရိုက်ဟာ ကမ္ဘာ့ပထမဆုံးလေယာဉ်ကို တီထွင်သူတွေအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ သူတို့ဟာ ၁၉၀၃ ခုနှစ်မှာ လေယာဉ်နဲ့ တောင်ကာရိုလိုင်းနားတစ်လျှောက် လေးမိုင်အထိ ပျံသန်းခဲ့ကြပါတယ်။ လေကြောင်းပျံသန်းမှဟာ လူတွေရဲ့ ခရီးသွားလာမှု၊ ကုန်ပစ္စည်းသယ်ယူမှုနဲ့ စစ်ပွဲတိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲခဲ့ကြပါတယ်။
(၂၅) ခေတ်သစ်လေအေးပေးစက် (အမေရိကန်၊ ၁၉၀၂ ခုနှစ်)
ပထမဆုံးအသုံးပြုနိုင်တဲ့ လေအေးပေးစက်ကို ၁၉၀၂ ခုနှစ်မှာ ဝဲလစ်ကာရီရာက တီထွင်ခဲ့ပါတယ်။ လူလုပ်လေအေးပေးစက်ဟာ ပူနွေးတဲ့နေရာတွေမှာ လူတွေ သက်သောင့်သက်သာနေနိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။
(၂၆) ပင်နယ်ဆလင် (အင်္ဂလန်၊ ၁၉၂၈ ခုနှစ်)
စက်တင်ဘာလ ၁၉၂၈ ခုနှစ်မှာ စကော့တလန်လူမျိုး အလက်ဆန်းဒါးဖလန်းမင်းက လန်ဒန်မြို့ စိန့်မေရိဆေးရုံရဲ့ မြေအောက်ဓာတ်ခွဲခန်းမှာ ပင်နယ်ဆလင်ကိုတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ၂၀ ရာစုရဲ့ အရေးအကြီးဆုံး ဆေးပညာဆိုင်ရာ တိုးတက်မှုဖြစ်ပါတယ်။ ပိုးသတ်ဆေး ပင်နယ်ဆလင်ကို ဆေးအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး လူသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
(၂၇) ထရန်စစ္စတာ (အမေရိကန်၊ ၁၉၄၇ ခုနှစ်)
ထရန်စစ္စတာဟာ ၂၀ ရာစုရဲ့ အရေးအကြီးဆုံး တီထွင်မှုအဖြစ် သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ ခေတ်သစ် အီလက်ထရောနစ်ပစ္စည်းအများစုမှာ အဓိပါဝင်နေတဲ့ ထရန်စစ္စတာကို ၁၉၄၇ ခုနှစ်အတွင်း AT&T ရဲ့ Bell ဓာတ်ခွဲခန်းမှာ အင်ဂျင်နီယာတွေဖြစ်တဲ့ ဂျွန်ဘာဒင်းနဲ့ ဝေါလ်တာဘရတ်တိန်းတို့က ဖန်တီးခဲ့ကြပါတယ်။
(၂၈) ကိုယ်ဝန်တားဆေး (အမေရိကန်၊ ၁၉၅၀ ခုနှစ်)
၁၉၅၀ အစောပိုင်းနှစ်တွေမှာ အမေရိကန် ဇီဝပညာရှင် ဂရီဂေါ်ရီဂွတ်ဝင်းဟာ ကိုယ်ဝန်တားဆေးကို တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ ကိုယ်ဝန်တားဆေးလုံးတွေဟာ ၁၉၆၀ နဲ့ ၇၀ ခုနှစ်တွေမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ လိင်ပိုင်းဆိုင်ရာ တော်လှန်လှုပ်ရှားမှု စတင်ရာမှာ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ယေဘူယျအားဖြင့် အမျိုးသမီးတွေရဲ့ ဘဝနဲ့အသိုက်အဝန်းကို တော်လှန်ပြောင်းလဲစေခဲ့ပါတယ်။
(၂၉) ဆဲလ်ဖုန်း (အမေရိကန်၊ ၁၉၇၃ ခုနှစ်)
ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းကို ဂျွန်အက်ဖ်မစ်ချယ်နဲ့ မာတင်ကူးပါးတို့ ဦးဆောင်တဲ့ Motorola အင်ဂျင်နီယာအဖွဲ့က ၁၉၇၃ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။
(၃၀) WORLD WIDE WEB (ဆွစ်ဇာလန်၊ ၁၉၈၉)
အင်တာနက်ကို ၁၉၆၀ ခုနှစ်နှောင်းပိုင်းအတွင်း အမေရိကန်မှာ တိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဗြိတိန် ကွန်ပျူတာသိပ္ပံပညာရှင် တင်မ်ဘာနာစ်လီဟာ ၁၉၈၉ ခုနှစ်မှာ ဆွစ်ဇာလန်အခြေစိုက် CERN အဖွဲ့အတွက် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ သတင်းအချက်အလက် ဖြန့်ချိဖို့အတွက် ပထမဆုံးစနစ်ကို တီထွင်ခဲ့ပါတယ်။ သူရဲ့ဖန်တီးမှုကို World Wide Web လို့အမည်ပေးခဲ့ပါတယ်။
Internet Journal
Discussion about this post