ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
အလွန်ပူပြင်းပြီး အဆုံးမရှိဟု ထင်ရသည့် သဲကန္တာရများသည် သက်ရှိသတ္တဝါများ အသက်ရှင်ရပ်တည်ရန်ခက်ခဲသော်လည်း ကမ္ဘာ မြေ၏ လှပသော အစိတ်အပိုင်းများဖြစ်ကြကာ နက်နဲသော လျှို့ဝှက်ချက်များကို သိုဝှက်ထားသည့် နေရာများ ဖြစ်ကြသည်။ ခြောက်သွေ့ ပူလောင်နေသည့် ကျယ်ဝန်းသောသဲကန္တာရများအလယ်တွင် ထူးခြားစွာ တည်ရှိနေသည့် စိမ်းလန်းစိုပြေ သော နေရာများကို အိုအေစစ်ဟု ခေါ်သည်။ယင်း တို့သည် ကောင်းကင်မှ ကြယ်ပွင့်များနှင့် တူညီကာ အရေအတွက်နည်းပါးသော် လည်း အလှအပနှင့် မြတ်နိုးဖွယ်ပုံရိပ်များရှိနေကြသည်။ကမ္ဘာအနှံ့ရှိ သဲကန္တာရများထဲမှ အလှပဆုံးအိုအေစစ်များကို ကမ္ဘာမြေ၏ အလှအပများအဖြစ် မြင်တွေ့နိုင်ကြသည်။
၁၀။ ဇစ် အိုအေစစ်၊မော်ရိုကို (Ziz Oasis, Sahara Desert, Morocco)
မော်ရိုကိုနိုင်ငံ၊ဆာဟာရ သဲကန္တရအတွင်းတည်ရှိသည့် ဇစ် အိုအေစစ်သည် မော်ရိုကိုနိုင်ငံမှ မြစ်များ ခန်းခြောက်သွားခဲ့စဉ် ကျန်ရှိခဲ့သည့် နေရာဖြစ်သည်။ဆာဟာရသည် ဤကမ္ဘာမြေပေါ်တွင်အကြီးဆုံးသော သဲကန္တာရဖြစ်ကာ မြေဆီသြဇာ ရှိသည့် နေရာ သည် ကန္တာရအတွင်း သေးငယ်သော အပိုင်းအချို့တွင်သာရှိသည်။ဇစ်သည် ဆာဟာရ၏ ကန္တာရဖြစ်သွားသည့် နေရာအတွင်း Rich နှင့် Merzouga နေရာအကြား ဇစ်မြစ်ဝှမ်းဟောင်းနေရာတွင် ကျန်ရှိနေသည့် မြစ်အကြွင်းအကျန် အစိတ်အပိုင်းဖြစ်သည်။ ဇစ်သည် ယခုအခါတွင် ကမ္ဘာလှည့် ခရီးသွားများလာရောက်လည်ပတ်ရန် ဆွဲဆောင်မှု ထင်ရှားသည့် နေရာတစ်ခုဖြစ်ပေသည်။
၉။ ဟွာကာချီနာ (Huacachina, Peru)
အမေရိကတိုက်၏ အိုအေစစ်ဟု ထင်ရှားသည့် ဟွာကာချီနာသည် ပီရူးနိုင်ငံတွင် တည်ရှိကာ ယင်းနေရာကို သဲကန္တာရ အတွင်းရရှိ သဘာဝရေအိုင်တစ်ခုက ဝန်းရံထားသည်။ပီရူးနိုင်ငံ အနောက်တောင်ပိုင်းရှိ ယင်းအိုအေစစ်တွင် ၁၉၉၉ ခုနှစ်တွင် နေ ထိုင်သူ ၁၁၅ ဦးရှိခဲ့သည်။ ဟွာကာချီနာအိုအေစစ်၏ပုံကို ပီရူးနိုင်ငံသုံးငွေ ၅၀ နျူရိုဆို ငွေစက္ကူ ၏ ကျောဘက်တွင် ပုံနှိပ် ထားသည်။
ဒဏ္ဍာရီ စကားများအရ ဟွာကာချီနာတွင် လှပသောမင်းသမီးတစ်ပါးသည် ရေကန်တွင် ရေချိုးနေစဉ် လူငယ်မုဆိုး တစ်ယောက်က အနှောက်အယှက်ပေးခဲ့သဖြင့် ရေကန်မှထွက်ခွာခဲ့ပြီးနောက် ရေကန်က ရေအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုကြသည်။မင်းသမီးလေး၏ ဝတ်ရုံသည် ရေအိုင်အနီးတွင် သဲပုံများအဖြစ်ပြောင်းလဲသွားခဲ့ကာ မင်းသမီး ကိုယ်တိုင်သည်လည်း အိုအေစစ်အတွင်း နေထိုင်သည့် ရေသူမ ဖြစ်သွားခဲ့သည်ဟု ယုံကြည်ကြသည်။
၈။ အမ်မ်အယ်လ်မာ (Umm al-Maa, Libya)
လစ်ဗျားနိုင်ငံမှ သဲပင်လယ်ဟု ထင်ရှားသည့် အီဒီဟမ်အူဘာရီ ကန္တာရ တွင်ရှိသည့် ရေအိုင်သည် အမ်မ်အယ်လ်မာ အိုအေစစ်အဖြစ် လူသိများသည်။အမ်မ်အယ်လ်မာသည် အူဘာရီ သဲပင်လယ် အတွင်းပိုင်းတွင် ပုန်းကွယ်နေသည့်အလား လစ်ဗျား ဆာဟာရအတွင်းတည်ရှိနေသည်။ကန္တာရအတွင်းရှိ သဲတောင်ပုံများအကြားတွင် ယခင်ကအိုအေစစ်ရေကန် ၁၆ ခုရှိခဲ့သော်လည်း တစ်စတစ်စ ကွယ်ပျောက်ခဲ့ကာ Gebraoun ၊ Mafo နှင့် Umm-al-Maa တို့သာ ကျန်ရှိနေသည်။
၇။ တီမီယာ (Timia Oasis, Niger)
နိုင်ဂျီးရီးယားနိုင်ငံ၊အဂါဇက်မြို့မှ ကားဖြင့်သွားလျှင် ခြောက်နာရီ မောင်းနှင်ရသည့် တီမီယာသည် ထူးခြားသည့် ကမ္ဘာ့ အလှဆုံး အိုအေစစ်ဟု ဆိုကြသည်။တီမီယာသို့ လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသည်များသည် အနီးရှိ ပြင်သစ် ခံတပ် ဟောင်းတစ်ခုနှင့် မြို့ဟောင်း အက်ဆိုဒီကိုလည်း ကြည့်ရှုလေ့ရှိကြသည်။
အဲ တောင်တန်းများအကြားတွင် တည်ရှိနေသည့် တီမီယာသည် အခြား အိုအေစစ်များနှင့် မတူဘဲစိမ်းလန်းသော မြင် ကွင်းများရှိနေသည်။အိုအေစစ်အနီးတွင် အသီးများသီးနေသည့်လိမ္မော်ပင်များနှင့် တလည်းပင်များ (pomegranate) ရှိကာ အိုအေစစ်သို့ရောက်ရှိလာသူများသည် ယင်းတို့ကို ဆွတ်ခူးစားသုံးနိုင်ကြသည်။ အပင်များ၏ နောက်ခံတွင် သဲတောင်များ ရှိနေသဖြင့် လှပသည့် ရှုခင်းတစ်ခုဖြစ်လာခဲ့သည်။တီမီယာ အိုအေစစ်အတွင်း ကန္တာရတွင်ပေါက်လေ့ရှိသည့် စွန်ပလွန်ပင်များ၊ ဇီးပင်များနှင့် ရှောက်ပင်များသည် စိမ်းလန်းစိုပြေသည့် ဥယျာဉ်များအဖြစ်တည်ရှိနေကြကာ ရေအိုင်ကြီးတစ်ခုလည်း ရှိနေသည်။
၆။ ဆာဟာရ လခြမ်းရေကန် (Crescent Lake in Sahara Gobi Desert)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဒန်ဟောင်းမြို့၏ တောင်ဘက်သို့ ၆ ကီလိုမီတာကွာဝေးသည့် ဆာဟာရ ဂိုဘီသဲကန္တာရ တွင် အိုအေစစ်တစ်ခုအဖြစ် အံ့သြဖွယ် လခြမ်းပုံရေပူစမ်းတစ်ခုက အံ့သြဖွယ် တည်ရှိသည်။ယင်းအိုအေစစ်ကို အီချိုရင်း သဲတောင်တန်းကြီးက ဝန်းရံထားသည်။ယင်းနေရာသည် မိုးလုံး၀ မရွာသွန်းမှုနှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေအရင်း အမြစ် များကို ဆက်တိုက် ထုတ်ယူသုံးစွဲခဲ့မှုများကြောင့် ကန္တာရ အဖြစ်ပြောင်းလဲသွားခဲ့သည်။အိုအေစစ်အဖြစ်ကျန်ရှိနေသည့် ဂိုဘီ လခြမ်းပုံရေကန်ကို ပိုးလမ်းမသို့ သွားသည့် ခရီးလမ်းတွင် မြင်တွေ့နိုင်ကြသည်။
၅။ အီဘရာဟင်မ် အိုအေစစ် (Abraham’s Oasis, Syria)
အီဘရာဟင်မ်သည် ဂျူး၊ ဆာမာရီတန်၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေးဆိုင်ရာ သမိုင်းကြောင်းများတွင် အရေးပါ သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ဆီရီးယားနိုင်ငံ၊ အယ်လ်အန်ဘာပြည်နယ်အတွင်းတည်ရှိသည့် ဟစ်နှင့် ဟာဒီသာ မြို့ကြီးနှစ်မြို့ အကြား၌ တည်ရှိသည့် အီဘရာဟင်မ်သည် ယူဖရစ်တီးမြစ်မှ ခြောက်မိုင်ကွာဝေးသည်။ ယင်းနေရာတွင် ဆီရီယားပြည်တွင်းစစ်မှ ဒုက္ခသည်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်သည့် စခန်းဖွင့်လှစ်ခဲ့သည်။
၄။ အိုင်းဂီဒီ (Oasis Ein Gedi, Israel)
အစ္စရေးနိုင်ငံ၏ ထင်ရှားသော သဘာဝနယ်မြေတစ်ခုဖြစ်သည့် အိုင်းဂီဒီသည် ပင်လယ်သေ၏ အနောက်ဘက်တွင် ကမ်းခြေတစ်လျောက် အရှည်လျားဆုံးတည်ရှိနေသည်။ဆိတ်ငယ်လေး၏ ရေပူစမ်းဟု အဓိပ္ပါယ်ရှိသည့် အိုင်းဂီဒီ၏ အနီးတွင် မာဆာဒါနှင့်ကွမ်ရမ် ဂူများရှိသည်။ယင်းနေရာတွင် ဂျူဒါးမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီး ဆော်လမွန်ဘုရင်များလက်ထက်ကပင် ထင် ရှားသော အိုအေစစ်တစ်ခုဖြစ်ခဲ့သည်။
၃။ ဆိုလိုရန် (Sonoran Desert Oasis, USA)
အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်းရှိ ကြီးမားသော မြေနေရာအစိတ်အပိုင်းများသည် ဆိုလိုရန် ကန္တာရအတွင်း ကျရောက်နေပေသည်။ အာရီဇိုးနားပြည်နယ်နှင့် ကာလီဖိုးနီးယားပြည်နယ်အနောက်တောင်ပိုင်းတွင်တည်ရှိသည့် ဆိုလိုရန် သဲကန္တာရ သည် ၂၆၀ ၀၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းလျက်အမေရိကန်နိုင်ငံအနောက်တောင်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံ အနောက် မြောက်ပိုင်း တွင် ကျရောက်နေကာ အမေရိကန် နိုင်ငံနှင့် မက္ကဆီကို နိုင်ငံ တို့၏ နယ်ခြားဖြတ်လမ်းသည် ဆိုလိုရန် အတွင်း၌ တည်ရှိ နေသည်။ ဆိုလိုရန် ကန္တာရအတွင်း၌ နို့တိုက်သတ္တဝါမျိုးစိတ် ၆၀ နှင့် ငှက်မျိုးစိတ် ၃၅၀ ကျော် ကျက်စားနေထိုင်ကြသည်။ထို့အတူ အိုအေစစ်အတွင်း အပင်မျိုးစိတ် ၂၀၀၀ ကျော်ပေါက်ရောက်နေပေသည်။
၂။ မွေးမြူရေးခြံ အိုအေစစ် (Oasis on a Ranch in Red Rock Canyon Near Las Vegas)
အမေရိကန်ပြည်ထောင်စု၊လက်စ်ဗီးဂတ်အနီးရှိ အမီရောင်ကျောက်ဆောင် ကင်ယွန်မှ မွေးမြူရေး ခြံကြီးတစ်ခုပေါ်တွင် အိုအေစစ်တစ်ခု တည်ရှိသည်။ထူးခြား၍ အံ့ဖွယ်ကောင်းသည့် ယင်းအိုအေစစ်သည် အလွန်ကြီးမားကျယ်ပြန့်ကာ ဧရိယာ ၅၂၀ ဧကရှိသည်။
ဝီလ်ဆင်ကျောက်ကမ်းပါးများ၏ အခြေတွင် တည်ရှိသည့် ယင်းအိုအေစစ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ခရီးသွားများ စခန်းချ နားခိုခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ယခုအချိန်တွင် အိုအေစစ် ဝင်ကြေးအဖြစ် ကားတစ်စီးလျှင် ခြောက် ဒေါ်လာပေးဆောင်ကြရသည်။အိုအေစစ်တွင် သမိုင်းဝင် ခရီးများ၊မြင်းစီးလမ်းကြောင်းများနှင့် များစွာသော ခရီးသွားအုပ်စု လှုပ်ရှားမှုများရှိပေသည်။
၁။ အာဂွာ ကာလီရင့်တီ အိုအေစစ် (Agua Caliente, Tucson, Arizona)
အမေရိကန်ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်ရှိ လှပသော အာဂွာ ကာလီရင့်တီ အိုအေစစ်ကို အပန်းဖြေ ဥယျာဉ်တစ်ခု အဖြစ် ပြောင်းလဲထားသည်။ရှေးဟောင်းသုတေသန ဆိုင်ရာ တွေ့ရှိမှု အထောက်အထားများအရ ယင်းအိုအေစစ်တည်ရှိသည့် နေရာတွင် အနည်းဆုံး လွန်ခဲ့သော နှစ် ၅၀၀၀ မှစ၍ လူများ အခြချ နေထိုင်ခဲ့ကြသည်။ အိုအေစစ်အတွင်း နွေးထွေးသော ရေပူစမ်းများမှ ရေများဝင်ရောက်နေသည့် ရေကန်များ၊ အပူပိုင်းအပင်များ၊သဲများပြည့်နေ သည့် လျှောက်လမ်းများတည်ရှိနေပေသည်။
သဘာဝတရားသည် ကမ္ဘာမြေကြီးအား အလှအပများ ဆင်မြန်းပေးခဲ့ရာ ပူပြင်းခြောက်သွေ့သော လွင်တီး ခေါင်နေရာ များရှိ အိုအေစစ်များလည်း ပါဝင်လျက်ရှိပေသည်။ယင်းအိုအေစစ်များကို ခေတ်သစ်လူသားများက အနားယူအပမ်းဖြေနိုင်သည့် နေရာများအဖြစ် ဖန်တီးနိုင်ခဲ့သဖြင့် အချို့သော အိုအေစစ်များသည် ကမ္ဘာလှည့် ခရီးသွားများ သွားရောက်လည်ပတ်ရန် စိတ်ဝင်စား သည့် နေရာများဖြစ်လာခဲ့ကြပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post