ကမ္ဘာ့အကြီးဆုံး ဒီဇယ်အင်ဂျင်အဖြစ် ဂင်းနစ်စံချိန်တင်ထားတာကတော့ WÄRTSILÄ RT-FLEX96C လို့ အမည်ရတဲ့ အင်ဂျင်ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံအခြေစိုက် Wärtsilä စက်မှုနည်းပညာ ကုမ္ပဏီကြီးက ထုတ်လုပ်ထားတဲ့ အင်ဂျင်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ စတင်ပြီး လက်ရှိအချိန်အထိလည်း ထုတ်လုပ်နေဆဲဖြစ်ပါတယ်။
two-stroke turbo အင်ဂျင်ဖြစ်ပြီး 14-cylinder အမျိုးအစားကတော့ အကြီးဆုံးဖြစ်ပါတယ်။(အစပိုင်းတုန်းကတော့ 6 cyclinder နဲ့ထုတ်တာပါ)။ အရွယ်အစားအားဖြင့် အမြင့် ၄၄ပေ ၊ အရှည် ၈၇ပေ ရှိပြီး အလေးချိန်ကတော့ ၂၃၀၀ တန်တောင်လေးပါတယ်။ ဒီအင်ဂျင်ကြီးဟာ ပါဝါအနေနဲ့ကတော့ 80,080 kW (107,390 hp) ကို ထုတ်လုပ်ပေးပါတယ်။
ဒီဧရာမအင်ဂျင်ကြီးတွေကို ကွန်တိန်နာသင်္ဘောကြီးတွေမှာ သုံးဖို့အတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားပြီး လောင်စာအနေနဲ့ကတော့ ပြစ်ခဲမှုနှုန်းများတဲ့ Heavy Fuel Oil (HFO) ကို အသုံးပြုကာ မောင်းနှင်ရပါတယ်။
14-cylinder အင်ဂျင်ကို ပထမဆုံးအနေနဲ့ ၂၀၀၆ ခုနှစ်တုန်းက အရှည် ၁၃၀၂ပေရှည်တဲ့ Emma Mærsk ကွန်တိန်နာသင်္ဘောကြီးမှာ တပ်ဆင်အသုံးပြုခဲ့ပါတယ်။
အင်ဂျင်ကကြီးလွန်းသလို ဆီစားနှုန်းကလည်း ပုံမှန်မောင်းရင်တောင် ၁နာရီကို ၃၆၀၀ ဂါလံကုန်ပါသတဲ့။ အချွေတာဆုံးအနေအထားနဲ့ မောင်းနှင်မယ်ဆိုရင်တောင် ၁၆၆၀ ဂါလံ စားဦးမှာဖြစ်ပါတယ်။ Emma Mærsk သင်္ဘောကြီးကတော့ ၁နာရီကို ၂၉.၃မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
အင်ဂျင်ရဲ့ RPM range Redline ကတော့ ၁၂၀ ရှိပါတယ်။ RPM ဆိုတာက revolutions per minute ၁မိနစ်မှာ လည်ပတ်တဲ့ အင်ဂျင်အပတ် အရေအတွက်ကို ပြောတာဖြစ်ပါတယ်။ အင်ဂျင်အပတ် အရေအတွက်များလာလေလေ စွမ်းအားပမာဏပိုများလာလေလေဖြစ်ပါတယ်။
ဒီအင်ဂျင်ဟာ ၂၀၀၈ ခုနှစ်ကတည်းက ကမ္ဘာ့အကြီးဆုံး ရေကြောင်းသုံး ဒီဇယ်အင်ဂျင်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဒီအင်ဂျင်ကြီးတွေရဲ့ ဈေးနှုန်းဘယ်လောက်လဲဆိုတာ အတိအကျမတွေ့ရပေမယ့် ၂၀၀၆ ခုနှစ်က ဈေးနှုန်းကိုတော့ CNN မှာ သွားတွေ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကတော့ ဒီအင်ဂျင် ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၇ သန်းပါတဲ့။ ဒီအတိုင်းကို ၂၀၁၉ ဈေးနှုန်းနဲ့ တွက်မယ်ဆိုရင်တော့ ၃၄.၅သန်း ခန့်ကျသင့်မှာ ဖြစ်ပါတယ်။