၂၀၁၉ ခုနှစ်အတွက် ဒီစာရင်းကိုတော့ Uk အခြေစိုက်နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ The Economist မဂ္ဂဇင်းကနေ ထုတ်ပြန်ခဲ့ပါ။ ဘေးအကင်းဆုံးအဖြစ် ထုတ်ပြန်တဲ့ ဒီစာရင်းမှာ စုစုပေါင်း မြို့ ၆၀ ပါဝင်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန် ကတော့ နံပါတ် ၅၈ နေရာသာ ရရှိခဲ့ပါတယ်။
အိုင်တီကုမ္ပဏီကြီးဖြစ်တဲ့ NEC Corporation ရဲ့အကူအညီနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးက မြို့ကြီး ၆၀ ကို လေ့လာသုတေသန ပြုခဲ့တာဖြစ်ပြီး အဲဒီမြို့မှာရှိတဲ့ အခြေခံအဆောက်အအုံ စိတ်ချလုံခြုံရမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ တစ်ဦးချင်းစီရဲ့ဘေးကင်းလုံခြုံမှု နှင့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာလုံခြုံမှု စတာတွေကို အခြေခံပြီး အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
တစ်ခုချင်းစီကို ပြန်ပေါင်းပြီး စုစုပေါင်းရမှတ် အနေနဲ့ အမှတ် ၁၀၀ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရရှိသွားတာကတော့ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုဖြစ်ပြီး စုစုပေါင်း ရမှတ် အနေနဲ့ ၉၂ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ တိုကျိုမြို့ဟာ ဒီဂျစ်တယ် နည်းပညာဆိုင်ရာလုံခြုံမှု – ၉၄.၄ ၊ ကျန်းမာရေးစောင့်ရှောက်မှု – ၈၇.၅ ၊ အခြေခံအဆောက်အအုံ စိတ်ချလုံခြုံရမှု – ၉၄.၃ နဲ့ တစ်ဦးချင်းစီရဲ့ဘေးကင်းလုံခြုံမှု – ၉၁.၇ မှတ် အသီးသီး ရရှိခဲ့တာဖြစ်ပါတယ်။
ဘေးအကင်းဆုံးမြို့တော် အဖြစ် နံပါတ် ၁ တိုကျိုမြို့ရဲ့ နောက်မှာတော့ နံပါတ်(၂) စင်ကာပူ ၊ နံပါတ် (၃) အိုဆာကာ ၊ နံပါတ် (၄) အမ်စတာဒမ် ၊ နံပါတ်(၅) ဆစ်ဒနီ ၊ နံပါတ်(၆) တိုရန်တို ၊ နံပါတ်(၇) ဝါရှင်တန် ၊ နံပါတ်(၈) ကိုပင်ဟေဂင် နှင့် ဆိုးလ် ၊ နံပါတ် (၁၀ ) မဲလ်ဘုန်း တို့က အသီးသီးရပ်တည်နေပါတယ်။ နံပါတ် ၂ ဖြစ်တဲ့ စင်ကာပူ ဟာ နံပါတ် ၁ဖြစ်တဲ့ တိုကျိုနဲ့ ဝ.၅မှတ် သာကွာပြီး အခြေခံအဆောက်အအုံ လုံခြုံပြည့်စုံမှု နဲ့ တစ်ဦးချင်းစီလုံခြုံမှုမှာတော့ ၉၆.၉ နဲ့ ၉၅.၃ မှတ်တောင် ရရှိခဲ့တာဖြစ်ပါတယ်။
အလယ်အလတ်ဖြစ်တဲ့ နံပါတ် ၃၀ ဝန်းကျင်မှာတော့ ယူအေအီးနိုင်ငံက အဘူဒါဘီ နဲ့ ဒူဘိုင်း ၊ အီတလီရဲ့ မီလန် နဲ့ ရောမ ၊ တရုတ်နိုင်ငံ ဘေဂျင်း နဲ့ ရှန်ဟိုင်း တို့က ရပ်တည်နေပါတယ်။
အာဆီယံနိုင်ငံတွေကတော့ စင်ကာပူ ၁ ခုသာ အဆင့် ၁၀ အတွင်းဝင်ခဲ့ပြီး မလေးရှားနိုင်ငံရဲ့ကွာလာလမ်ပူက အဆင့် ၃၅၊ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အဆင့် ၄၃၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်းက အဆင့် ၄၇ အသီးသီးရှိနေကြပြီး အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာက အဆင့် ၅၃ နဲ့ မြန်မာနိုင်ငံမြို့တော် ရန်ကုန်မြို့က အဆင့် ၅၈ အသီးသီး ရပ်တည်နေကြပါတယ်။
မြို့ ၆၀ စာရင်းက အောက်ဆုံး ၅ မြို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ ၊ ပါကစ္စတန်နိုင်ငံက ကရာချီမြို့ ၊ မြန်မာနိုင်ငံ ရန်ကုန် ၊ ဗင်နီဇွဲလားမြို့တော် ကရာကတ် နဲ့ နိုင်ဂျီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ လာဂိုစ့် တို့ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ စုစုပေါင်းရမှတ် ၄၁.၉ မှတ် ရရှိခဲ့တာဖြစ်ပြီး တစ်ခုချင်းစီကို ကောက်ခံထားတဲ့ ရမှတ်တွေကို ကြည့်မယ်ဆိုရင်တော့ ဒီဂျစ်တယ် နည်းပညာဆိုင်ရာလုံခြုံမှု – ၂၇.၈ ၊ ကျန်းမာရေးစောင့်ရှောက်မှု – ၄၂.၃ ၊ အခြေခံအဆောက်အအုံ စိတ်ချလုံခြုံရမှု – ၄၅.၃ နဲ့ တစ်ဦးချင်းစီရဲ့ဘေးကင်းလုံခြုံမှု – ၅၂.၃ မှတ် တို့ပဲဖြစ်ပါတယ်။
၂နှစ်ကို တစ်ကြိမ် ဆန်းစစ် သုတေသနပြုကာ ထုတ်ပြန်တဲ့ ဒီစာရင်းမှာ တိုကျိုမြို့ဟာ ၂၀၁၅ခုနှစ် ၊ ၂၀၁၇ခုနှစ် ၊ ၂၀၁၉ ခုနှစ် ၃နှစ်ဆက်တိုက် ဘေးအကင်းဆုံးမြို့အဖြစ် ဗိုလ်ဆွဲခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ကတော့ ၂၀၁၇ ခုနှစ်မှာ နံပါတ်(၅၉) နဲ့ ၂၀၁၉ ခုနှစ်မှာ နံပါတ်(၅၈) တို့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၁၅ ခုနှစ်တုန်းက မြို့ ၅၀ ပဲ စာရင်းပြုစုခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ဟာ စာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး)
Ref:
The Economist – Safe Cities Index 2019
Discussion about this post