ရေကူးကန်တွေဟာ ရှေးရောမ ၊ ဂရိ ခေတ်တွေကတည်းက ရှိနေခဲ့ပြီဆိုတာကို ကြည့်ဖူး ဖတ်ဖူးတဲ့ ရုပ်ရှင်တွေ စာအုပ်တွေအရ ကျွန်တော်တို့အများစုသိကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အထောက်အထားနဲ့ မှတ်တမ်းတင်ထားခြင်းခံရတဲ့ ရှေးအကျဆုံး ရေကူးကန်ကတော့ ရောမ ၊ ဂရိ တို့မပေါ်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကတည်းက ရှိနေခဲ့တာပါ။
Great Bath လို့အမည်ပေးထားတဲ့ ဒီရေကူးကန်ကြီး တည်ရှိရာအရပ်ကတော့ အာရှတိုက်၊ ပါကစ္စတန်နိုင်ငံ၊ Sindh ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Mohenjo-daro သမိုင်းဝင်မြို့ဟောင်းမှာဖြစ်ပါတယ်။ ယင်းမြို့ဟောင်းဟာ ကမ္ဘာကျော် ရှေးအိန္ဒူမြစ်ဝှမ်းဒေသမျိုးနွယ်စုတွေရဲ့ နာမည်ကျော် အဆောက်အအုံလက်ရာ၊အမွေအနှစ်အများဆုံး တည်ရှိနေတဲ့နေရာဆိုလည်းမမှားပါဘူး။
သမိုင်းပညာရှင်တွေရဲ့အဆိုအရတော့ Mohenjo-daro မှာတည်ရှိတဲ့ရေကူးကန်ကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ အတည် ပြုခဲ့ကြပါတယ်။ ယင်းမှတ်တမ်းအရ ယခုဖော်ပြ Mohenjo-daro မဲ့ ရေကူးကန်ကြီးကို ကမ္ဘာ့ ရှေးအကျဆုံးရေကူးကန် ( Great Bath) အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ အမှန်တော့ ယင်းရေကူးကန်ကြီးဟာ ခံတပ်ကြီးတစ်ခုရဲ့ဖွဲ့စည်းပုံ စနစ်အတွင်းပါဝင်နေခဲ့တာဖြစ်ပြီး (၁၉၂၀)ခုနှစ်ကာလကတည်းက ပညာရှင်တွေက တူးဖော်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
Great Bath ဟာအလျား(၃၈.၉၇)ပေ နဲ့အနံ (၂၂. ၉၉)ပေအကျယ်ရှိပြီး ရေအနက်ကတော့ (၇.၉၇)ပေအထိရှိပါတယ်။ အုတ်တွေကိုအဓိကထား တည်ဆောက်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့လှေကားအိမ်(၂)ခုကိုအသုံးပြုပြီး ခံတပ် အပေါ်ပိုင်းနဲ့ဆက်သွယ်ထားပါတယ်။ လှေကားအိမ်တစ်ခုကတော့ ခံတပ်ရဲ့မြောက်ဘက် မှာတည်ဆောက်ထားတာဖြစ်ပြီး နောက်တစ်ခုကတော့ တောင်ဘက်အရပ်မှာတည် ဆောက်ထားတာဖြစ်ပါတယ်။
ယင်းလှေကားအိမ်(၂)ခုစလုံးရဲ့အဝမှာတော့ ဝင်ပေါက်တစ်ခုစီပါဝင်နေပြီး သစ်သားနဲ့ပြုလုပ်ခဲ့တဲ့ဝင်ပေါက်တွေဖြစ်တယ်လို့သိရပါတယ်။ ယင်း ကနေ(၄.၅)ပေလောက်အမြင့်ရှိတဲ့ လှေကားတစ်လျှောက်ဆင်းသက်လိုက်မယ်ဆိုရင်တော့ ရေကူးကန်အတွင်းရောက်ရှိမှာဖြစ်ပါတယ်။ မူလကတော့ Great Bath အတွင်းမှာရှိတဲ့ ရေတွေဟာ တစ်နေရာကနေသယ်ဆောင်ထည့်သွင်းခဲ့ခြင်းဖြစ်မယ်လို့ ပညာရှင်တွေက ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မိုးရေတွေကိုလည်း ထည့်သွင်း စုဆောင်းခဲ့ကြတယ်လို့ အဖြေ ထွက်ခဲ့ပါတယ်။
Great Bath ရဲ့ရေဖိအားကို ထိန်းသိမ်းရန်အတွက် ရေကူးကန်ရဲ့အောက်ခြေကိုလည်း အုတ်၊အင်္ဂတေ၊ဂေါ်ဒန်ကျောက်တွေကိုအသုံးပြုတည်ဆောက်ခဲ့တယ်လို့သိရပြီး ရေယို စိမ့်မှုမရှိအောင်တော့ အုတ်တွေအကြားမှာ bitumen sealer လို့ခေါ်တဲ့ တွင်းထွက် ကတ္တရာစေးတွေထည့်ညှပ်ခဲ့ကြပါတယ်။ ရေကူးကန်နံရံတွေကိုတော့ ရွံ့နဲ့ အင်္ဂတေကိုအဓိကသုံးကာ အချောကိုင်ခဲ့ကြကာ ရေကူးကန်ရဲ့ အရှေ၊မြောက်နဲ့တောင်ဘက်တွေမှာဆိုရင် ကြီးမားတဲ့ အင်္ဂတေတိုင်တွေ စိုက်ထူကာ တံခါးဘောင် တွေကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ကြပါတယ်။
Mohenjo-Daro ရဲ့ Graet Bath ဟာ အများပြည်သူသုံး ရေကူးကန်တစ်ခုအဖြစ်သာမက ယင်းခေတ်အခါက ဘာသာရေးဆိုင်ရာအခမ်းအနားတွေကို လက်ခံကျင်းပခဲ့တဲ့ နေရာဖြစ်ခဲ့ပါတယ်။ နာမကျန်းသူတွေအနေနဲ့ နတ်ဆရာတွေရဲ့ ဦးဆောင်မှုနဲ့ ယင်းကန်ကြီးအတွင်းရေဆင်းချိုးခဲ့ရင် ရောဂါဝေဒနာတွေအလုံးစုံ ပျောက်ကင်းနိုင်တယ် လို့အယူရှိခဲ့တာဖြစ်နိုင်တယ်လို့ သမိုင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
Great Bath နဲ့ကပ်လျက်ရှိတဲ့ရင်ပြင်လမ်းပတ်လည်မှာဆိုရင် အခန်းတွေ၊ ဝရန်တာတွေ အပြင် အဆောက်အအုံရဲ့ တစ်ဖက်တစ်ချက် စီမှာဆိုရင် အပေါ်ဆုံးကနေ အောက်ခြေအထိ သွားလာနိုင်တဲ့ကြောင်လိမ်လှေကားတွေပါရှိတဲ့ ကြီးမားတဲ့ အဆောက်အအုံတစ်ခု ပါရှိနေပါတယ်။ လေ့လာချက်တွေအရတော့ ယင်းအဆောက်အအုံဟာ နတ်ဆရာတွေ နေထိုင်ရာနေရာဖြစ်တယ်လို့သိရပြီး ရှေးနှောင်းလူတွေရဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာပြယုဒ်တွေအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀၀၀ ခန့် သက်တမ်းရှိပြီဖြစ်တဲ့ Mohenjo-Darso မြို့က ကမ္ဘာသက်တမ်းအရင့် ဆုံးရေကူးကန်ကြီးဟာ ပါကစ္စတန်နိုင်ငံရဲ့ရှေးအကျဆုံးမျိုးနွယ်စုတွေရဲ့အမှတ်အသား ဖြစ်သလို တောင်အာရှဒေသအတွက်လည်း UNESCO ရဲ့အမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အစောဆုံးသောသမိုင်းဝင်အဆောက်အအုံကြီးလည်းဖြစ်ပါတယ်။
ယင်းရေကူးကန်ကို စတင်တွေ့ရှိပြီးပြုပြင်ထိန်းသိမ်းမှုတွေစတင်ပြုလုပ်တဲ့ ကာလကတော့ (၁၉၂၆)ခုနှစ်ကဖြစ်ပြီး ယင်းတည်ရှိရာ Mohenjo-Darso မြို့ဟောင်းဟာ အိန္ဒူမြစ်ဝှမ်းဒေသမျိုးနွယ်စုတွေအခြေချနေထိုင်ခဲ့ပြီး (၁၉၀၀)ဘီစီမှာတော့ ယင်းမျိုးနွယ်တွေရဲ့တန်ခိုးအာဏာကျဆင်းလာခြင်းနဲ့အတူ မြို့ကိုလည်း စွန့်ခွာခဲ့ကြတာလို့လည်း သမိုင်းအထောက်အထားတွေကခန့်မှန်းဖော်ပြ ထားတာကို တွေ့ရပါတယ်။
ထူးခြားချက်က ယင်းအိန္ဒူမြစ်ဝှမ်းဒေသကမျိုးနွယ်စုများစွာ ဟာ ဘယ်လိုပုံစံမျိုးနဲ့ ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားရတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သမိုင်းသုသေသီအချို့ကလည်း ကမ္ဘာအစောဆုံးယဉ်ကျေးမှုတွေကို ပိုင်ဆိုင်တဲ့ ယင်းမျိုးနွယ်စုတွေ ထူးဆန်းစွာပျောက်ဆုံးမှုနဲ့ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နေရာတစ်ခုဖြစ်တဲ့ ယင်း Mohenjo-Darso က ရေကန်ကြီးနဲ့ ဆက်စပ်မှုရှိရမယ်လို့ ခန့်မှန်းထားကြပါတယ်။
မိုဟန်ဂျိုဒရိုမြို့ဟောင်းကြီး ဘယ်လောက်ခေတ်မီ ခမ်းနားခဲ့သလဲဆိုတာကို စိတ်ဝင်စားရင် အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။
[ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်က အလွန်ခေတ်မီခဲ့သော မြို့ကြီး ]
Discussion about this post