အစောပိုင်းကာလကတည်းက ရှေးကုန်သည်ကြီးတွေဟာ မိမိတို့ ရဲ့ဓနအင်အားကိုအသုံးပြုပြီး အခြားကုန်သွယ်မှုပြုလုပ်နေတဲ့ကုန်သည်ပွဲစားငယ်တွေ၊ လယ်သမားနဲ့မွေးမြူရေးသမားတွေကို အတိုနှုန်းသတ်မှတ်ပြီး အကြိုငွေထုတ်ပေးမှုတွေ၊ ကုန်ပစ္စည်းတွေကိုဒိုင်ခံဝယ်ယူခြင်းလုပ်ငန်းတွေ၊ ဒေသအသီးသီးရဲ့ငွေကြေးနှုန်းထား အလိုက်လဲလှယ်ပေးမှုတွေကို ယနေ့ဘဏ်တွေလိုပဲပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။
လုပ်ငန်းရှင်တစ်ဦးတစ်ယောက်ကနေ တစ်နိုင်တစ်ပိုင်ဆောင်ရွက်ပေးခဲ့ရာကနေ နောက်ပိုင်းမှာတော့ စီးပွားရေးလုပ်ငန်းအုပ်စုအလိုက် အထက်ပါလုပ်ငန်းတွေကို မိမိတို့ အကျိုးအမြတ်အတွက်ပြုလုပ်လာကြပြီး ဥရောပရဲ့အလယ်ခေတ်ကာလနဲ့ အီတလီရဲ့ Renaissance ခေတ်ကာလ အစောပိုင်းတွေမှာတော့ ဘဏ်လုပ်ငန်းတွေဟာ စတင်အစ ပျိုးလာခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ အထင်ရှားဆုံးနဲ့ ပထမဆုံးဖွင့်လှစ်တဲ့ ဘဏ်ကတော့ အီတလီနိုင်ငံမှာ (၁၃၉၇)ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ Medici ဘဏ်ဖြစ်ပြီး (၁၄၉၉)မှာပိတ်သိမ်းခဲ့ပြီး ယခုအခါမှာ မရှိတော့ပြီဖြစ်တဲ့အတွက် ဒီစာရင်းမှာ ပါဝင်ခြင်းတော့မရှိပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာအစောဆုံး ဖွင့်လှစ်ခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ဘဏ်(၇)ခုရဲ့အကြောင်းဖြစ်ပါတယ်။ ယင်းဘဏ်တွေမတိုင်ခင်နဲ့ခေတ်ပြိုင်အနေအထားမှာ ဖွင့်လှစ်ခဲ့တဲ့ဘဏ်အရေအတွက် များစွာဟာ ဥရောပမှာရှိခဲ့ပေမယ့် ဒီဘဏ်တွေလို ကြာရှည်ရပ်တည်နိုင်ခဲ့ခြင် းမရှိတာကြောင့် ယင်းဘဏ်တွေရဲ့ အမည်ကိုတော့ထည့်သွင်း ဖော်ပြထားခြင်းမရှိပါဘူး။
(၇) Coutts
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့မှာ(၁၆၉၂)ခုနှစ်လောက်က စတင်ဖွင့်လှစ်ခဲ့တဲ့ Coutts ဘဏ်ရဲ့ မူလအစကတော့ စကော့တလန် လူမျိုး goldsmith – banker လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ John Cambell ဆိုသူဖြစ်ပါတယ်။ (၁၇၁၂)ခုနှစ်မှာတော့ သူဟာကွယ်လွန်သွားခဲ့ပြီးသူရဲ့မိသားစုကို သူပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကို လွှဲအပ်ပေးခဲ့ပါတယ်။ (၁၇၅၅) ခုနှစ်မှာတော့ Cambell ရဲ့မြေးဖြစ်သူ Polly ဟာ James Coutts အမည်ရတဲ့ကုန်သည်တစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
(၁၇၆၀)မှာတော့ Polly ရဲ့ သူမရဲ့ဖခင်ဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပြန်တာကြောင့် James Couttsဟာ အမျိုးသမီး ဖြစ်သူရဲ့ ဘဏ်လုပ်ငန်းကိုဦးဆောင်ခဲ့ပြီး ဘဏ်နာမည်ကိုလည်း Coutts ဆိုပြီးသူအမည် ကိုပေးခဲ့ပါတယ်။ (၂၀၀၀)ခုနှစ်မှာတော့ Coutts ဘဏ်ဟာ Royal Bank of Scotland (RBS)ရဲ့ပိုင်ဆိုင်တဲ့ ဘဏ်တစ်ခုအဖြစ်ရှိနေခဲ့ပြီး ယင်းကနေ Union Bancaire Privee ထံကို ဖော်ပြခြင်းမရှိထားတဲ့ဈေးနှုန်းနဲ့ရောင်းချခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဘဏ်ရဲ့သက်တမ်းဟာ ၃၂၇နှစ်ရှိနေပြီး ဘဏ်ခွဲပေါင်း ၂၈ခု ၊ ဝန်ထမ်းပေါင်း ၁၅၀၀ကျော်နဲ့ ဆက်လက်လည်ပတ်လျှက်ရှိပါတယ်။
(၆) Barclays
အင်္ဂလန်က Barclays ဘဏ်ကတော့ နိုင်ငံပေါင်းစုံမှာ ဘဏ်ခွဲပေါင်းများစွာဖွင့်လှစ်ထားနိုင်တဲ့ ကမ္ဘာအကြီးဆုံးဘဏ်တွေ အနက်ကတစ်ခုဖြစ်ကာ ကမ္ဘာပေါ်မှာဆိုရင်(၆)ခုမြောက် သက်တမ်းအရင့်ဆုံး ဘဏ်အဖြစ် ရပ်တည်နေပါတယ်။ Barclays ဘဏ်ကို စတင်အစပြုခဲ့တာကလည်း goldsmith – banking စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ John Freame နဲ့ Thomas Gould တို့ဖြစ်ပြီး (၁၆၉၀)ကစတင်တည်ထောင်ခဲ့ပါတယ်။
(၁၇၃၆)ခုနှစ်မှာတော့ မူရင်းတည်ထောင်သူ (၂)ဦးအနက်က တစ်ဦးဖြစ်တဲ့ John Freameရဲ့သားမက်ဖြစ်သူ James Barclay ဟာ ဒီလုပ်ငန်းကိုလွှဲပြောင်းရယူခဲ့ပြီး ဘဏ်ရဲ့နာမည်ကိုလည်း Barclays ဆိုပြီးနာမည် ပြောင်းခဲ့ပါတယ်။ (၁၉၀၀)ပြည့်နှစ်လောက်မှာတော့ Barclaysဟာ အင်္ဂလန်နိုင်ငံတွင်းက အသေးစားဘဏ်လုပ်ငန်းများစွာကိုဝယ်ယူပြီး Barclaysဘဏ်ခွဲတွေအဖြစ် မျက်မှောက်ခေတ်ပုံစံလို စတင်အသက်သွင်းလာခဲ့ပါတယ်။ ယနေ့အချိန်မှာဆိုရင် Barclays ရဲ့ဘဏ်ခွဲများစွာဟာ ကမ္ဘာတစ်ဝှမ်းမှာရှိနေပြီး ကြီးမားတဲ့ထိပ်တန်းဘဏ်ကွန်ယက်တစ် ခုကိုဖြန့်ကျက်ထားနိုင်ပြီဖြစ်ပါတယ်။
(၂၀၀၉)မှာတော့ Barclays ဘဏ်ဟာ အခွန်ရှောင်တိမ်းတယ်ဆိုတဲ့ပြီးစွပ်စွဲခံခဲ့ရတဲ့အပြင် (၂၀၀၈)ခုနှစ်အတွင်းက အမေရိကန် ပြည်ထောင်စုရဲ့စီးပွားဆိုင်ရာဈေးကွက်ဖြစ်တဲ့ Elctricity Market နဲ့ ရွှေဈေးကွက်အတွင်းမှာ ဈေးကစားခဲ့တယ်ဆိုပြီး နိုင်ငံတကာစီးပွားရေးလောကရဲ့ စွပ်စွဲမှုတွေကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဘဏ်ရဲ့သက်တမ်းဟာ ၃၂၈နှစ်ရှိသွားပြီဖြစ်ပြီး ဘဏ်ခွဲပေါင်း ၄၇၅၀ ၊ ဝန်ထမ်းပေါင်း ၈သောင်းနီးပါး နဲ့ လည်ပတ်လျှက်ရှိပါတယ်။
(၅) Bankhaus Metzler( Metzler Bank)
Metzler Bank ကိုစတင်တည်ထောင်ခဲ့သူကတော့ ဂျာမနီနိုင်ငံက အဝတ်အထည် ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင် Benjamin Metzler ဆိုသူဖြစ်ပြီး (၁၆၇၄)ခုနှစ်က စတင်တည်ထောင်ပါတယ်။ သူဟာ Saxony မျိုးနွယ်တစ်ယောက်ဖြစ်ပြီး (၁၆၇၁)ခုနှစ်လောက်ကတည်းက ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကိုပြောင်းရွေ့ကာ အဝတ်အထည်အရောင်းဆိုင်တစ်ခုရဲ့ စာရေးအဖြစ်စတင်အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Metzler ဟာ ကိုယ်ပိုင်အဝတ်အစားကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲံပြီး (၁၇၆၀)ခုနှစ်မှာတော့ သူရဲ့ကုမ္ပဏီတစ်ခုလုံးကို ဘဏ်တစ်ခုအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။
သူကိုယ်တိုင်လည်းဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီး Metzler Bankကိုလည်း သူမိသားစုအဆက်ဆက် ထိန်းသိမ်းခဲ့ပါတယ်။ (၁၉)ရာစုကုန်ခါနီးကာလတွေအတွင်းမှာတော့ Metzler Bank ဟာ Stockbroking(ရှယ်ယာပွဲစားလုပ်ငန်းတွေအစား) လူပုဂ္ဂိုလ်တစ်ဦးချင်း ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို စတင်ပေးခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Metzler Bankဟာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးတဲ့ ကုန်သွယ်ရေးဘဏ်လုပ်ငန်းတွေအပြင် အာမခံလုပ်ငန်း၊စီးပွားရေးဆိုင်ရာ အကြံပေးလုပ်ငန်းတွေကိုပါဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ အခုအချိန်မှာတော့ ဒီဘဏ်ရဲ့သက်တမ်းဟာ ၃၄၅နှစ် ရှိသွားပြီဖြစ်ပါတယ်။
(၄) C.Hoare & Co
C.Hoare & Co ကတော့ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့မှာရှိတဲ့ သက်တမ်းရင့် အသေးစားပုဂ္ဂလိကပိုင် ဘဏ်တစ်ခုဖြစ်ပါတယ်။ (၁၆၇၂) ခုနှစ်ကတည်းက Sir Richard Hoare ဆိုသူတည်ထောင်ခဲ့တဲ့ C.Hoare& Coဘဏ်ဟာ လက်ရှိအချိန်ထိလည်းသူမိသားစုပိုင်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်တာဆိုရင် မျိုးဆက်(၁၁)မြောက် အထိတောင်ရောက်ရှိနေပါပြီ။ C.Hoare& Coရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ချေးငွေလုပ်ငန်း၊ပေါင်နှံခြင်းလုပ်ငန်း၊ငွေစုခြင်းလုပ်ငန်း ၊အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်းတွေကိုလုပ်ကိုင်ပါတယ်။
(၁၈)ရာစုတွင်းကတည်းက C.Hoare& Co ဟာငွေအပ်နှံ နိုင်ခြင်း၊ငွေစုနိုင်ခြင်း၊ငွေချေးခြင်း၊ပေါင်နှံခြင်းစတဲ့ လုပ်ငန်းတွေအပြင် ချက်လက်မှတ် နဲ့ငွေထုတ်ခြင်းစတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။ သူခေတ်သူအခါကတော့ C.Hoare& Coဘဏ်ရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပြည်သူတွေအကြားအတော်ကို အဆင်ပြေခဲ့ပြီး အဲဒီဘဏ်ရဲ့ဖောက်သည်စာရင်းမှာ အင်္ဂလန်ရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေဖြစ်တဲ့ Lord Byron၊ Jane Austen၊ Eton College နဲ့ တတိယမြောက်ချားဘုရင် ရဲ့မိဖုရား Catherine တို့အထိပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဒီဘဏ်ရဲ့သက်တမ်းကတော့ ၃၄၇နှစ် ဖြစ်ပါတယ်။
(၃) Sveriges Riksbank
Sveriges Riksbank ကို Riksbanken လို့လည်းလူသိများပြီး ဆွီဒင်နိုင်ငံရဲ့ဗဟိုဘဏ် ဖြစ်သလို ကမ္ဘာမှာဆိုရင် တတိယမြောက် သက်တမ်း အရင့်ဆုံး ဘဏ်လည်းဖြစ်ပါတယ်။ တည်နေရာကတော့ ဆွီဒင်နိုင်ငံမြို့တော် ၊စတော့ဟုမ်းမှာတည်ရှိပြီး ကမ္ဘာရဲ့သက်တမ်း အရင့်ဆုံး အစိုးရပိုင်ဗဟိုဘဏ်အဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ်။ ဒီဘဏ်ကို (၁၆၆၈)ခုနှစ်က စတင်တည်ထောင်ခဲပြီး ယင်းကာလက ဆွီဒင်ဘုရင်ပြီးရင် နိုင်ငံရဲ့ အဓိကအာဏာပိုင်ဖြစ်တဲ့ Riksdag of Estates က တိုက်ရိုက်အုပ်ချုပ်ပါတယ်။
ယင်းဗဟိုဘဏ်မတိုင်ခင်က Stockholms Banco အမည်ရတဲ့ ဗဟိုဘဏ်ရှိခဲ့ပေမယ့် ဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ စာရင်းဇယားအမှားအယွင်းတွေနဲ့နောက်ဆုံးပိတ်သိမ်းခဲ့ရတာ ကြောင့် အသစ်ပြန်လည်ဖွင့်တဲ့ Sveriges Riksbank မှာတော့ ဘုရင်ရဲ့အခန်းကဏ္ဍကို ပါဝင်ခြင်းမရှိဖို့ ကန့်သတ်ထားခဲ့ပါတယ်။ (၁၈၆၆)မှာတော့ ဆွီဒင်နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ကို စတင်ဖွဲ့စည်းပြီးချိန်မှာတော့ လက်ရှိခေါ်ဆိုတဲ့ Sveriges Riksbank ဆိုတဲ့အမည်ကိုရရှိခဲ့ပါတယ်။ (၂၀၀၀)ပြည့်နှစ်အစောပိုင်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးပြသာနာတွေကြောင့် ဆွီဒင်နိုင်ငံမှာရှိတဲ့ Sveriges Riksbank ရဲ့ဘဏ်ခွဲအား လုံးကိုပိတ်သိမ်းခဲ့ရပြီး အခြားပုဂ္ဂလိကကုမ္ပဏီတွေဆီကနေအကူအညီရယူပြီး ဘဏ်ကို ဆက်လည်ရပ်တည်ခဲ့ရပါတယ်။
(၂) Berenberg Bank
တရားဝင်အမည်ကတော့ Joh.Berenberg, Gosssler & Co.KG ဖြစ်ပြီး Berenberg Bank အဖြစ်လူသိများပါတယ်။ Berenberg Bankဟာ ကမ္ဘာပေါ်မှာသက်တမ်းအရင့် ဆုံးသော ပုဂ္ဂလိကစီးပွားရေးဘဏ်ဖြစ်ပြီး (၁၅၉၀)လောက်ကတည်း ဂျာမနီက Berenberg, နဲ့ Gosssler မိသားစုတွေကစတင်တည်ထောင်ပါတယ်။ ဘဏ်ကို စတင်တည်ထောင်ကတည်းက မူရင်းတည် ထောင်သူတွေနာမည်အတိုင်းပဲ ဘဏ်ရဲ့နာမည်ကိုပေးထားပြီး အဓိကတည်ထောင်သူ Johann Berenberg နဲ့ သူရဲ့ သားမက်ဖြစ်သူ Johann Hinrich Gossler တို့ဟာယခင်ကတော့ အဝတ်အစားကုန် သည်တွေဖြစ်ကြပါတယ်။
Berenberg Bank ရဲ့ Logo ဟာဆိုရင်လည်း သူတို့ရဲ့ယခင် အဝတ်အထည်အမှတ်တံဆိပ်တွေဖြစ်တဲ့ ဝက်ဝံနဲ့ ဘဲငန်းခြေထောက်ပုံတွေကိုသာ အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပြီး ယနေ့အချိန်ထိ ယင်းမိသားစုရဲ့မိသားစုလုပ်ငန်း တစ်ခုအနေနဲ့ဆက်လက်တည်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ Berenberg Bank ဟာယခုချိန်မှာတော့ ဝန်ထမ်းပေါင်း(၁၆၀၀)လောက်နဲ့ လည်ပတ်နေပြီး ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာအခြေစိုက်ကာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုအဖြစ်ဆက် လက်ရပ်တည်နေပါတယ်။ ဒီဘဏ်ရဲ့သက်တမ်းကတော့ ၄၂၉နှစ် တောင် ရှိသွားပြီဖြစ်ပါတယ်။
(၁) Banca Monte dei Paschi di Siena
BMPS လို့လည်းသိကြတဲ့ အီတလီနိုင်ငံ၊ဆီနာမြို့အခြေစိုက် Banca Monte dei Paschi di Siena ဘဏ်ဟာ ကမ္ဘာပေါ်က ယနေ့တိုင်ဆက်လက်လည်ပတ်နေတဲ့ ဘဏ်တွေထဲမှာ သက်တမ်းအရင့်ဆုံး ဘဏ်ဖြစ်ပါတယ်။ အဲဒီဘဏ်ကို တော့ (၁၄၇၂)ခုနှစ်ကစတင်တည်ထောင်ခဲ့တာကြောင့် ယခုဆိုရင် သက်တမ်း(၅၄၇) နှစ်လောက်ရှိနေပါပြီဖြစ်ပြီး စတင်တည်ထောင်သူကတော့ Republic of Siena ရဲ့အုပ်ချုပ်ရေး အာဏာပိုင်တွေဖြစ်ပြီး မူလကတော့ Mount of piety လို့သိကြတဲ့ အပေါင်ဆိုင်လုပ်ငန်း တစ်ခုအနေနဲ့စတင်ပါတယ်။ (၁၇)ရာစုကနေ(၁၈)ရာစုတွင်းမှာတော့ BMPS ဟာသူတို့ ရဲ့မူရင်းအပေါင်လုပ်ငန်းတွေအပြင် ငွေချေးခြင်း၊ငွေစုခြင်းစတဲ့လုပ်ငန်းတွေကို အီတလီ တစ်နိုင်ငံလုံးနီးပါး ဖြန့်ကျက်ပြီးဆောင်ရွက်လာခဲ့ပါတယ်။ (၁၉၉၅)ခုနှစ်မှာတော့ အီတလီအစိုးရရဲ့ Statutory Coporation ရဲ့ထုတ်ပြန်ချက်အရ BMPS ကနေ (Banca –MPS)ဆိုပြီးဖြစ်လာပါတယ်။
ယနေ့အချိန်မှာဆိုရင်လည်း MPS ဟာအီတလီနိုင်ငံရဲ့ စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ရေးဘဏ်အဖြစ်ရှိနေဆဲဖြစ်ပြီးဘဏ်ခွဲပေါင်း (၂၀၀၀)နီးပါးနဲ့ ဝန်ထမ်းဦးရေ (၂၆၀၀၀)လောက်နဲ့ (၅.၁)သန်းလောက်ရှိတဲ့ ဖောက်သည်တွေကိုငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးအပ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းကတော့ ကမ္ဘာပေါ်က ဘဏ်ကြီးတော်တော်များများမှာကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးပျက်ကပ်တွေကြောင့် ပိတ်သိမ်းသွားရနိုင်တဲ့ဘဏ်စာရင်းမှာ BMPSလည်းပါဝင်ခဲ့ပေမဲ့ အီတလီအစိုးရရဲ့ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
Discussion about this post