ကမ္ဘာပေါ်မှာ ကျွန်းတွေအများကြီးရှိတဲ့ အနက်မှာ တိရစ္ဆာန်တမျိုးတည်း အများဆုံးနေထိုင်တဲ့ ကျွန်းတွေလည်းရှိနေပါတယ်။ ဒီတစ်ခါတော့ အဲဒီကျွန်းတွေအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
၁။ ဝက်ကျွန်း
၀က်တွေနေထိုင်လို့ ဝက်ကျွန်းလို့ အမည်ပေးထားခံရတဲ့နေရာကတော့ ဘဟားမတ်နိုင်ငံ Exuma ဒေသမှာ ရှိတဲ့ Big Major Cay ဆိုတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာ ဝက်တွေပေါများစွာရှိနေတဲ့ အကြောင်းနဲ့ပတ်သတ်လို့ ယူဆချက် အမျိုးမျိုးရှိပါတယ်။ ဟိုးအချိန်က သင်္ဘောသားတွေ သူတို့ရဲ့အစားအစာအတွက် ဝက်တွေကို တင်ဆောင်ခဲ့ပြီး နောက်တစ်ကြိမ်လာရင် စားဖို့အတွက် ဒီကျွန်းမှာထားခဲ့ပြီး နောက်ဘက်တော့မှ ပြန်မလာတော့တဲ့အတွက် အဲဒီဝက်တွေကနေ မျိုးဆက်ပွားခဲ့ပြီး ဝက်တွေအများကြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
နောက်တစ်မျိုးကတော့ နစ်မြုပ်ခဲ့တဲ့ သင်္ဘောတွေကနေ ဝက်တွေဟာ အသက်လုကူးခတ်ရင်း ဒီကျွန်းကို ရောက်လာခဲ့ကြတယ် ဆိုတဲ့ ယူဆချက်ပါ။ အခုတော့ ဒီဝက်တွေဟာ ဒီနေရာရဲ့ အထင်ကရ တိရစ္ဆာန်ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ဆွဲဆောင်နေပါတယ်။ သူတို့ဟာ လူတွေနဲ့ ရင်းရင်းနှီးနှီးနေရတာ နဲ့ ရေကူးခြင်းကို အလွန်နှစ်သက်ကြပါတယ်။
၂။ ကြောင်ကျွန်း
နေရာတိုင်းမှာ ကြောင်တွေတွေ့ရလေ့ရှိတာကြောင့် ကြောင်ကျွန်းလို့ နာမည်ကြီးတဲ့ ကျွန်းကတော့ ဂျပန်နိုင်ငံ Ishinomaki မြို့အနီးမှာရှိတဲ့ Tashirojima ဆိုတဲ့ ကျွန်းငယ်လေးဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ ရှိနေပြီး ကျွန်းရဲ့အကျယ်ဟာ ၁.၂ စတုရန်းမိုင်ခန့်ပဲ ရှိပါတယ်။ ကြောင်ကျွန်းလို့ နာမည်ကြီးရတဲ့အကြောင်းကတော့ ကျွန်းမှာနေထိုင်တဲ့ လူဦးရေထက် ကြောင်ကောင်ရေက အဆမတန် ပိုမိုများပြားနေလို့ ဖြစ်ပါတယ်။
ဒီကျွန်းမှာနေထိုင်သူအများစုက အသက် ၆၀ကျော် အဖိုးအဖွား အရွယ်များသာ ဖြစ်ပါတယ်။ အဖိုးအဖွားတွေဟာ ကြောင်တွေကို အစဉ်အဆက် မွေးမြူခဲ့ကြရာကနေ ကြောင်ကောင်ရေဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာခဲ့တာပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ဒီကျွန်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ (ဂျပန်နိုင်ငံမှာ Aoshima လို့အမည်ရတဲ့ နောက်ထပ် ကြောင်ကျွန်း တစ်ကျွန်းလည်း ရှိနေပါသေးတယ်)
၃။ ကြိုးကြာနီကျွန်း
ဒီကျွန်းကတော့ နယ်သာလန်နိုင်ငံရဲ့ပိုင်နက်တစ်ခုဖြစ်တဲ့ ကာရစ်ဘီယံပင်လယ်ထဲက Aruba ကျွန်းမကြီးအနီးမှာရှိနေတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ သူ့ကို Renaissance ကျွန်းလို့လည်း ခေါ်ကြပါတယ်။ Aruba ကနေ ၁၀မိနစ်လောက် မော်တော်ဘုတ်စီးသွားရင် ဒီကျွန်းကိုရောက်မှာဖြစ်ပါတယ်။
ဖြူလွှလွှသဲသောင်နဲ့ နာမည်ကျော်တဲ့ ကြိုးကြာနီကမ်းခြေ နဲ့အတူ တစ်ကျွန်းလုံး နေရာအနှံ့မှာ ကြိုးကြာနီတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေစခန်းတစ်ခုဖြစ်နေပြီး ဒီမှာရှိတဲ့ကြိုးကြာနီတွေဟာလည်း လူတွေနဲ့ နီးကပ်စွာနေလေ့ရှိပါတယ်။
၄။ ယုန်ကျွန်း
ယုန်ကျွန်းလို့နာမည်ကြီးတဲ့ ဒီကျွန်းကတော့ ဂျပန်နိုင်ငံ Takehara မြို့အနီးက ပင်လယ်ထဲမှာ ရှိတဲ့ Ōkunoshima ဆိုတဲ့ကျွန်းပါ။ အကျယ်အဝန်းကတော့ ၂.၅ မိုင်ပတ်လည်သာ ကျယ်ဝန်းပါတယ်။ ဒီကျွန်းဟာ ကမ္ဘာစစ်အတွင်းက တရုတ်နိုင်ငံမှာစစ်ပွဲတွေမှာ အသုံးပြုဖို့ အဆိပ် ၊ လက်နက်များကို စမ်းသပ်ထုတ်လုပ်ခဲ့ရ ကျွန်းလည်း ဖြစ်တာကြောင့် စက်ရုံးဟောင်းများကို ယခုထက်တိုင် မြင်ရပါသေးတယ်။
၁၉၃၀၀န်းကျင် တစ်ဝိုက်က ဒီကျွန်းဟာ လူသိနည်းလှပြီး သေးငယ်တဲ့ကျွန်းလေးဖြစ်တာကြောင့် အဆိပ်လက်နက်များပြုလုပ်ဖို့ လျို့ဝှက်နေရာတစ်ခု အဖြစ် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ အဆိပ်လက်နက်တွေကို စမ်းသပ်ဖို့အတွက် ယုန်တွေကိုခေါ်လာခဲ့တာဖြစ်ပါတယ်။ ယုန်ပေါင်းမြောက်များစွာဟာ အဆိပ်လက်နက် စမ်းသပ်ခံသေဆုံးခဲ့ရပြီး ယခုမြင်ရတဲ့ယုန်တွေကတော့ အစမ်းသပ်မခံရတဲ့ ယုန်တွေကနေပေါက်ဖွားလာတဲ့ ယုန်လေးတွေပဲ ဖြစ် ပါတယ်။
ယုန်လေးတွေကို ကျွန်းရဲ့နေရာအနှံ့မှာတွေ့နိုင်ပါတယ်။ ဒီယုန်တွေဟာ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ နောက်ကို လိုက်ကာ အစားတောင်းခံလေ့ရှိပါတယ်။ ယုန်တွေကို ရန်ပြုသတ်ဖြတ်ခြင်းကို အထူးတားမြစ်ထားပါတယ်။ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်လွန်းပြီး များပြားလှတဲ့ ယုန်တွေရှိတာကြောင့် ဒီကျွန်းရဲ့ အမည် Ōkunoshima ထက် ယုန်ကျွန်းလို့ လူပိုသိကြခြင်းပါ။
၅။ မြင်းကျွန်း
ဒီကျွန်းကတော့ အမေရိကန် မေရီလန်းပြည်နယ်ရဲ့ပိုင်နက်ထဲက ကျွန်းဖြစ်ပြီး အတလန္တိတ်သမုဒ္ဒရာထဲမှာရှိနေတဲ့ ကျွန်းရှည်တစ်ကျွန်းဖြစ်ပါတယ်။ ကျွန်းရဲ့အမည်ကတော့ Assateague ဖြစ်ပြီး ကျွန်းအလျားက ၃၇မိုင်တောင် ရှည်လျားပါတယ်။ အမေရိကန်ရဲ့ သဘာဝနယ်မြေတစ်ခုအဖြစ် ထိန်းသိမ်းထားတဲ့ ဒီကျွန်းမှာ ငှက်မျိုးစိတ်ပေါင်း ၃၀၀ကျော်အပြင် မြင်းကောင်ရေများစွာလည်း ရှိနေပါတယ်။
ဒီကျွန်းမှာ မြင်းတွေရှိနေတာ ၁၇ ရာစုလောက်ကတည်းကပါ။ တချို့ကတော့ ဗာဂျီးနီးယားကျွန်းဆွယ်မှာ နစ်မြုပ်တဲ့သင်္ဘောတွေက တဆင့် ဒီမြင်းတွေဟာ ဒီကျွန်းပေါ်ကိုရောက်လာတာလို့ ဆိုကြပေမယ့် အများစုလက်ခံထားတဲ့ အဖြေကတော့ အခွန်ရှောင်ချင်တဲ့ မြင်းမွေးမြူရေးပိုင်ရှင်တွေဟာ သူတို့ရဲ့မြင်းတွေကို ဒီကျွန်းမှာလာရောက်မွေးရာကနေ ဒီကျွန်းမှာ မြင်းတွေအလွန်ပေါများလာတယ် ဆိုတဲ့အဖြေပါ။ ဒီကျွန်းပေါ်မှာ မြင်းရိုင်းတွေဟာ ၂ကောင်ကနေ ၁၂ကောင်အထိရှိတဲ့ အုပ်စုတွေနဲ့ နေထိုင်ကျက်စားနေကြပါတယ်။
၆။ ပင်ဂွင်းကျွန်း
ကမ္ဘာပေါ်မှာ ပင်ဂွင်းတွေကို အများဆုံးမြင်နိုင်တာကတော့ အန္တာတိကတိုက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သြစတြေးလျမှာလည်း ပင်ဂွင်းတွေများစွာနေထိုင်လို့ ပင်ဂွင်းကျွန်းလို့တင်စားခေါ်ဝေါ်တဲ့ ကျွန်းတစ်ကျွန်းရှိနေပါတယ်။ ဒီကျွန်းကတော့ Macquarie ကျွန်းဖြစ်ပြီး နယူးဇီလန်နဲ့ အန္တာတိကတို့ကြားမှာရှိပေမယ့် သြစတြေးလျက ပိုင်ဆိုင်ပါတယ်။
၄၉ စတုရန်းမိုင်ခန့်ကျယ်ဝန်းတဲ့ ဒီကျွန်းပေါ်မှာ ပင်ဂွင်းတွေ နဲ့ အခြားငှက် စုစုပေါင်း ၃သန်းခွဲခန့်ရှိနေပါတယ်။ အမျိုးအစားမတူတဲ့ ပင်ဂွင်း ၄ မျိုးနေထိုင်ပြီး အဲဒီပင်ဂွင်းတွေကတော့ Royal ပင်ဂွင်း ၊ King ပင်ဂွင်း ၊ Gentoo ပင်ဂွင်း နဲ့ rockhopper ပင်ဂွင်းတွေဖြစ်ပါတယ်။ Royal ပင်ဂွင်းတွေကတော့ ကောင်ရေအများဆုံးဖြစ်ပြီး ၈၅၀၀၀၀ ခန့်ရှိနေပါတယ်။ ဒီကျွန်းကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ်လည်း သတ်မှတ်ထားပါတယ်။
၇။ ဖျံကျွန်း
ဖျံကျွန်း Seal Island ကတော့ တောင်အာဖရိကမြို့တော် ကိတ်တောင်း အနီးက ဖော့ပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။ ဒီကျွန်းဟာ ၅ဧကသာ ကျယ်ဝန်းတဲ့ ကျွန်းငယ်လေးဖြစ်ပေမယ့် ဖျံကောင်ရေပေါင်း ၆၄၀၀၀ ခန့် နေထိုင်တဲ့ ကျွန်းလည်းဖြစ်ပါတယ်။ တချိန်ကတော့ ဒီကျွန်းမှာ ဖျံဖမ်းသမားတွေ နေထိုင်ပြီး ဖျံတွေကိုဖမ်းခဲ့ပေမယ့် အခုအချိန်မှာတော့ တကျွန်းလုံးအပြည့် ဖျံတွေသာရှိပါတော့တယ်။ ဒီကျွန်းမှာနေထိုင်တဲ့ ဖျံအမျိုးအစားတွေကတော့ Cape fur လို့ခေါ်တဲ့ အညိုရောင်ဖျံတွေဖြစ်ပါတယ်။
၈။ ဂဏန်းကျွန်း
ဂဏန်းကျွန်း လို့ခေါ်ရမယ့် ဒီကျွန်းကတော့ အိန္ဒိယသမုဒ္ဒရာထဲမှာ ရှိနေပြီး သြစတြေးလျက ပိုင်ဆိုင်တဲ့ကျွန်းဖြစ်ပါတယ်။ ကျွန်းရဲ့အမည်က ခရစ္စမတ်ကျွန်းဖြစ်ပြီး ၅၂ စတုရန်းမိုင်ကျယ်ဝန်းကာ လူပေါင်း ၂ထောင်နီးပါး ဒီမှာနေထိုင်ကြပါတယ်။ ဒီကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေ မကြာခဏသွားလေ့ရှိပြီး အကြောင်းရင်းကတော့ သန်းချီတဲ့ ဂဏန်းကောင်ပေါင်းများစွာ မြင်ကွင်းကို မြင်ချင်ကြလို့ဖြစ်ပါတယ်။
ဒီကျွန်းမှာ ခရစ္စမတ်ဂဏန်းနီ Christmas Island red crab လို့ခေါ်တဲ့ ဂဏန်းကောင်ရေပေါင်း သန်း ၃၀ ကျော်ခန့်ရှိနေပါတယ်။ တချိန်က ဒီထက်ပိုပြီးရှိခဲ့ပေမယ့် yellow crazy ant လို့ခေါ်တဲ့ ပုရွက်ဆိတ်တွေရဲ့ အန္တရာယ်ကြောင့် အခုလောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဂဏန်းနီတွေကို အောက်တိုဘာ နဲ့ နိုဝင်ဘာလတွေမှာ အများဆုံးမြင်ရလေ့ရှိပြီး အစိုးရရဲ့ အထူးကာကွယ်ပေးထားခြင်းကို ခံထားရပါတယ်။
၉။ မြွေကျွန်း
မြွေကျွန်းလို့ သိကြတဲ့ ဒီကျွန်းရဲ့မူရင်းအမည်က Ilha da Queimada Grande ဖြစ်ပြီး ဘရာဇီးဆော်ပေါ်လိုကမ်းခြေကနေ ၂၁ မိုင်အကွာနေရာမှာ ရှိနေပါတယ်။ ဒီကျွန်းဟာ ၁၀၆ ဧကလောက်သာကျယ်ဝန်းပေမယ့် မြွေကောင်ရေပေါင်း ၄သိန်းကျော်နေထိုင်တဲ့ ကျွန်းဖြစ်လို့ မြွေကျွန်းလို့ နာမည်တွင်ရခြင်းဖြစ်ပါတယ်။
ဒီကျွန်းမှာ မြွေအမျိုးအစားပေါင်း ၄ထောင်ခန့်ရှိနေပြီး အထင်ရှားဆုံးမြွေကတော့ ရွှေရောင်မြွေပွေး Golden Lancehead Viper တွေဖြစ်ပြီး ဒီမြွေတွေဟာ ပုံမှန်မြွေတွေထက် အဆိပ် ၃ဆကနေ ၅ဆ အထိ ပိုမိုပြင်းထန်ပါတယ်။ ခြေချစရာ နေရာအနှံ့မှာ မြွေတွေရှိနေတတ်လို့ ဘရာဇီးအစိုးကရ ဒီကျွန်းပေါ် ခရီးသွားတွေလာရောက်ခွင့်ကို ပိတ်ပင်ထားပေမယ့် မြွေဆေးသုတေသနပညာရှင်တွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးထားပါတယ်။
Discussion about this post