ရေးသားသူ – ဝင်းဇော်(သုတအလင်း)
ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမြို့တိုင်းတွင် အထပ်မြင့် အဆောက်အဦများစွာကိုမြင်တွေ့နိုင်ကြသည်။မြင့်မားသော အဆောက်အဦများ၏ များပြားသော အထပ်များသို့ လူနှင့်ပစ္စည်းများကို သယ်ယူနိုင်ရန် ဓာတ်လှေကားဟုခေါ်သည့် ထောင်လိုက် ပို့ဆောင်ရေး ယန္တရား တစ်ခုကို အသုံးပြုကြရသည်။
လေးထောင့်ပုံ သာမာန် ဓာတ်လှေကားများအား ကြိုးဖြင့် ဆွဲတင်သည့် စနစ်ကို ကာလကြာရှည်စွာကပင် အသုံးပြုခဲ့ကြ သည်။နည်းပညာများခေတ်မီတိုးတက်လာချိန်တွင် ဓာတ်လှေကားများနှင့် ရွေ့လျားစက်လှေကားများကို ဒီဇိုင်းမျိုးစုံဖြင့် စွမ်းအား မြင့်မားစွာ ရွေ့လျားနိုင်ရန် တီထွင် နိုင်ခဲ့ကြပြီး အဆောက်အဦများ၏ သယ်ယူရေးစနစ်တစ်ခုအဖြစ်သာမက အလှဆင် ယန္တရား တစ်ခုအဖြစ်ပါ ဆန်းသစ်လာခဲ့ကြသည်။ဗိသုကာနှင့် နည်းပညာ တိုးတက်မှုများနှင့်အတူ ဆန်းပြားသော ဓာတ်လှေကားပုံစံ ဒီဇိုင်းများ သည် ကမ္ဘာအနှံ့ထင်ရှားလာခဲ့သည်။
ယေဘုယျအားဖြင့် ခေတ်မီအဆောက်အဦများအတွင်းရှိ ဓာတ်လှေကားဟုခေါ်သည့် သတ္ထုသေတ္တာအတွင်း နေ့စဉ် အဆင်းအတက်ပြုစဉ် လှပသော မြင်ကွင်းများကို မြင်နေရသည့်တိုင် လူအချို့သည် ခဏတာ ပိတ်လှောင်နေမှုကို ကြောက်ရွံ့တတ် ကြသည်။လှပဆန်းပြားသည့် ဓာတ်လှေကားများကို ရုပ်ရှင်များတွင်မြင်တွေ့ကြလေ့ရှိကာ အဆောက်အအုံတစ်ခု၏ အတွင်းပိုင်း၌ မှန်များဖြင့် ပြုလုပ်ထားသည့် ဓာတ်လှေ ကားများသာမက အဆောက်အဦပြင်ပတွင် တပ်ဆင်ထားသည့် ဓာတ်လှေကားများကို လည်း မြင်တွေ့နိုင်သည်။ခြွင်းချက်မဲ့ ဆန်းပြားသော ဓာတ် လှေကား ၁၀ စီးကို အင်တာနက် စာမျက်နှာများတွင် ကြည့်ရှုနိုင်ကြ သည်။
၁။ လုဗ်ပြတိုက် ဓာတ်လှေကား(Louvre-Elevator)
လုဗ်ပြတိုက်သည် ပြင်သစ်နီုင်ငံ၊ပါရီမြို့တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် အလွန်ထင်ရှားသည့် မိုနာပန်းချီကားကို ပြတိုက်တွင် ပြသထားသည်။ လုဗ်ပြတိုက်တွင် တပ်ဆင်ထားသည့် ဓာတ်လှေကားသည် အမိုးဖွင့်ထားပြီး ဟိုက်ဒြောလစ် စနစ်ကို အသုံးပြု ထားသည့် စက်လှေကားတစ်ပိုင်း ဓာတ်လှေကားတစ်ပိုင်းဖြစ်သည်။
လုဗ်ပြတိုက် ဓာတ်လှေကားကို အနာဂတ်လွန် ဒီဇိုင်းဟုဆိုကြပြီး ပါရီမြို့၏ ထင်ရှားသော အထိမ်းအမှတ် တစ်ခု ဖြစ်လာခဲ့သည်။လုဗ် ဓာတ်လှေကားသည် ချောမွေ့ ငြိမ်သက်စွာ ရွေ့လျားလျက် စီးနင်းကြသူများအားပြတိုက်အတွင်းနှင့် အပြင်ကို လွန်းပျံ သယ်ယူပေး လျက်ရှိသည်။ လည်နေသည့် စက်ဝိုင်းပုံစင်္ကြ ံလမ်းက ရပ်တံ့သွားချိန်တွင် အောက်မှ ထွက်လာသည့် ဓာတ်လှေကား လှေကားထစ် ပေါ်သို့ ဧည်သည်များသည် တက်ရောက်ကာ စီးနင်း နိုင်ကြသည်။
ဗီဒီယိုကြည့်ရန်
၂။ ယူမီဒါ ဟန်ကြူ ဓာတ်လှေကား (Umeda-Hankyu-Building-Elevator)
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် တည်ဆောက်ထားသည့် ယူမီဒါ ဟန်ကြူ အဆောက်အဦ၏ ဓာတ်လှေကားများသည် အကျယ်အဝန်း အလျား ၁၁ ပေနှင့် အနံ ၉ ပေကျော်ရှိသည့် ကြီးမားသော ဓာတ်လှေကားများဖြစ်သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ စတူဒီယိုကြီးများတွင်တပ် ဆင်ထားသည့် ဓာတ်လှေကားများသည်ပင် ယူမီဒါ ဟန်ကြူ ဓာတ်လှေကားများ လောက်ကြီးမားခြင်းမရှိချေ။
ယူမီဒါ ဟန်ကြူ ဓာတ်လှေကားများသည် ခရီးသည် ၈၀ ဦးတင်ဆောင်နိုင်ကာ အလေးချိန် ငါးတန်အထိ သယ်ယူပေးနိုင် သည်။ယင်းအဆောက်အအုံတွင် ရုံးခန်းများကို ၁၅ ထပ်မှစ၍ ဖွင့်လှစ်ထားသဖြင့် ဝန်ထမ်းအများအပြားသည် ဓာတ်လှေကားများကို အတူတကွ စီးနင်းကြပြီး ကြီးကြီးမားမား ဓာတ်လှေကားများအဖြစ် ထင်ရှားခဲ့သည်။
၃။ ဂလိုဘန် ကောင်းကင်မြင်ကွင်း ဓာတ်လှေကား (Globen SkyView)
ဆွီဒင်နိုင်ငံ၊စတော့ဟုမ်းရှိ အဲရစ်ဆန် အဆောက်အဦသည် ကမ္ဘာပေါ်တွင် ကမ္ဘာလုံးပုံတည်ဆောက်ထားသည့် အဆောက် အအုံများအနက် အကြီးဆုံးဖြစ်ကာ၂၇၉ ပေမြင့်၍ ၃၆၁ ပေ ကျယ်ဝန်းသည်။ အဆောက်အအုံ ၏ အပြင်ဘက်တွင် တပ်ဆင်ထား သည့် ဓာတ်လှေကားကို မှန်များဖြင့်ပြုလုပ်ထားပြီး လိုက်ပါစီးနင်းကြသူများသည် အဆောက်အအုံအပေါ်ဆုံးသို့ ရောက်ရှိရန် မိနစ် ၂၀ ကြာစီးကြရသည်။အထူးခြားဆုံး ဓာတ်လှေကားများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယင်းဓာတ်လှေကားကို စီးနင်းကြ သူများ သည် မြင်ကွင်းကျယ် ကောင်းကင်ပြင်ရှုခင်းကို အကောင်းဆုံးမြင်တွေ့ခံစား နိုင်ကြသည်။
ဗီဒီယိုကြည့်ရန်
၄။ ရေကြောင်းပြတိုက် ငှက်လှောင်အိမ် ဓာတ်လှေကား (Maritime-Museum-Birdcage-Elevator)
ဝိတိုရိယ ပြတိုက်တွင် တပ်ဆင်ထားသည့် ရေကြောင်းပြတိုက် ငှက်လှောင်အိမ် ဓာတ်လှေကားသည် မြောက်အမေရိက တိုက်တွင် အသုံးပြုနေဆဲဖြစ်သည့် သက်တမ်းအရှည်ဆုံး လှောင်အိမ်ပုံ ဓာတ်လှေကားတစ်စင်းဖြစ်သည်။ယင်းပြတိုက်သည် တစ်ချိန်က ပြည်နယ် ဥပဒေ တရားရုံးများဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦတစ်ခုဖြစ်ပြီး ယင်းဓာတ်လှေကားကို ဗြိတိသျှ ကိုလံဘီယာ တရားရုံးချုပ်များ၏ ဒုတိယ တရားသူကြီးချုပ် Theodore Davie အတွက် ပုံစံထုတ်ခဲ့သည်။သို့သော် Theodore Davie သည် ဓာတ်လှေကားကို အသုံးမပြုခဲ့ချေ။ဓာတ်လှေကား၏ ရွှေရောင်အပြင်ပိုင်းနှင့် အပြာရောင် သံပန်းလက်ရာများကို နှစ်ပေါင်း ၁၀၀ ကျော် ထိန်းသိမ်းထားခဲ့သည်။
၅။ လွိုက်ဒ် ဓာတ်လှေကား (Lloyd’s-Building-Elevator)
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့တော်တွင် တည်ရှိသည့် လွိုက်ဒ် အဆောက်အအုံကိုအပြင်ထွက် အတွင်းအဆောက်အဦဟု ချစ်စနိုး ခေါ်ကြသည်။အဆောက်အဦ အတွင်းပိုင်းတွင် နေရာများများ ရရှိစေရန် အဆောက်အဦ၏ အပြင်ပိုင်းတွင်ရှိသည့် ရေပိုက်များ၊ လျှပ်စစ် ဓာတ်အားလိုင်းများ၊ လှေကားခွင်များကြားတွင် ဓာတ်လှေကားကို တပ်ဆင် ထားသဖြင့်ရဲဝံ့သော ဒီဇိုင်း တစ်ခုဟု ပြောဆိုကြသည်။
လွိုက်အဆောက်အအုံ၏ အပြင်တွင် ဓာတ်လှေကား ၁၂ စီးတပ်ဆင်ထားပြီး အားလုံးသည် မှန် ဓာတ်လှေကားများ ဖြစ် ကြသည်။လွိုက်ဒ်သည် အင်္ဂလန်နိုင်ငံတွင် အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် ဓာတ်လှေကားများတပ်ဆင်ခဲ့သည် ပထမဆုံး အဆောက်အအုံဖြစ်သည်။လန်ဒန်မြို့၏ ငွေကြေးဈေးကွက် ဗဟိုနေရာတစ်ခုဖြစ်သည့် လွိုက်ဒ်အနီးဝန်းကျင်ရှိ ပေါ်လွင် ထင်ရှား သည့် ရှုခင်းများအကြား ဓာတ်လှေကား စီးနင်းသူများအား အထက်အောက် သယ်ဆောင်ပေးလျက်ရှိနေသည်။
၆။ လာ့စ်စာ ဟိုတယ်မှ စောင်းနေသော ဓာတ်လှေကား (Luxor Hotel Inclined Elevator)
အမေရိကန် ပြည်ထောင်စု၊ လားစ်ဗီးဂတ်စ်ရှိ ထူးဆန်းသော ဟိုတယ်များနယ်မြေတွင် တည်ရှိသည့် လာ့စ်စာ ဟိုတယ်သည်
ပိရမစ်ပုံစံတည်ဆောက်ထားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။ထို့ကြောင့် လာ့စ်စာ ကို လားဗီးဂတ်စ်၏ ပိရမစ်ဟိုတယ်ဟု မကြာခဏ ရည်ညွှန်းလေ့ရှိကြသည်။
အစောင်းတည်ဆောက်ထားသည့် လာ့စ်စာ ဟိုတယ်တွင် တပ်ဆင်ထားသည့် ဓာတ်လှေကားများသည် ၃၉ ဒီဂရီ တိမ်း စောင်းလျက် အတက်အဆင်းပြုလုပ်နေ ကြရသည်။ဟိုတယ်တည်ဆောက်ထားသည့် ကြမ်းခင်းပြင်ညီ အနေအထားကြောင့် ဓာတ် လှေကားများသည် စီးနင်းသူများကို ပုံမှန် အတွေ့အကြုံများအပြင် ထူးခြားသောအာရုံ ခံစားမှုများကို ရရှိစေသည်။
၇။ လှိုင်းမြင့် ဓာတ်လှေကား (Rising Tide Elevator)
ယနေ့ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အပျော်စီးသင်္ဘောဖြစ်သည့် MS Oasis ကို ၂၀၀၉ ခုနှစ်၊အောက်တိုဘာလတွင် ရေချခဲ့သည်။ အထပ် ၁၆ ထပ်ပါဝင်၍ ခရီးသည် ၆၀၀၀ တင်ဆောင်နိုင်သည့် ယင်းအပျော်စီးသင်္ဘောတွင် တပ်ဆင်ထားသည့် ဓာတ် လှေကားသည် ထူးခြားသော စာရင်းတွင်ပါဝင်သည်။
MS Oasis ပေါ်ရှိ ဓာတ်လှေကားသည် တစ်ကြိမ်လျှင် ခရီးသည် ၃၅ ဦး တင်ဆောင်နိုင်ပြီး အရက်ဘားတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ရန် စီစဉ်ထားသည့် တစ်ခုတည်းသော ဓာတ်လှေကားဖြစ်သည်။သင်္ဘော အောက်ထပ်မှ တော်ဝင်ကပွဲသဘင်ဆောင်သို့ရှစ်မိနစ်ကြာ စီးနင်းရသဖြင့် ဓာတ်လှေကားတွင် လိုက်ပါလာကြသူများသည် အရက်စုံယမကာ သောက်သုံးရန် လုံလောက်သော အချိန်ရသည်ဟု ဆိုပေသည်။
ဗီဒီယိုကြည့်ရန်
၈။ ကားတင် မောင်းသူမဲ့ ဓာတ်လှေကား (Autostadt Silos)
ဂျာမနီနိုင်ငံ၊ဝုဖ်စ်ဘာ့ခ်ရှိ ကမ္ဘာကျော် ဗောက်ဝက်ဂင် (Volkswagen)ကား အခြေစိုက်စက်ရုံ၏ ဘေးတွင် The Autostadt Silos အမည်ရှိ ကားမြို့တော် ပြတိုက်ရှိသည်။ယင်းပြတိုက်ကို ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ထုတ်လုပ်ခဲ့ပြီးသော ဗောက်ဝက်ဂင် ကားများကို ပြသထားသည်။ ပြတိုက်အတွင်း၌ ကားများကို အထပ်လိုက်ထားရှိရာ ကားများကို ပြောင်းရွှေ့သယ်ယူရန် ဓာတ်လှေကားများ ကိုအသုံးပြုသည်။
ဗောက်ဝက်ဂင် ကားစက်ရုံမှ အပြီးသတ်ထွက်ရှိလာသည့် ကားများကို ရွေ့လျား ခါးပတ်များဖြင့် မြေအောက် မိုင်ဝက်ရှိ ဥမင်သို့ သယ်ယူကာ ပေ၂၀၀ ကွာဝေးသော ပြတိုက်သို့ အလိုအလျောက်စက်များဖြင့် ပို့ဆောင်ပေးသည်။ပြတိုက်ရောက်လျှင် ကားများကို ဓာတ်လှေကားများဖြင့် ဆက်လက်သယ်ဆောင်ကာ လေဟာပြင်ကွင်းပြင်တွင် နေရာချထားသည်။ထူးခြားသည့် ယင်း စက်လှေကားတွင် မောင်းနှင်သူ လိုက်ပါရန် မလိုချေ။
ဗီဒီယိုကြည့်ရန်
၉။ ဖောကရစ် ဘီး (Falkirk Wheel)
ဖောကရစ် ဘီးဟု ထင်ရှားသည် ရွေ့လျား ဓာတ်လှေကားတစ်မျိုးသည် စကော့တလန်နိုင်ငံတွင်တည်ရှိပြီး တူးမြောင်းနှစ်ခု ကို ဆက်သွယ်ပေးသည့်လည်နေသော လှေကားတစ်မျိုးဖြစ်သည်။ယင်းလှေကားဖြင့်ယူနီယံတူးမြောင်းမှ ဖိုသ်အင်ကလိုင်ဒီ တူး မြောင်းသို့ လှေများကို ပြောင်းရွှေ့ပေးသည်။
ဓာတ်လှေကားသည် ၇၉ ပေမြင့်ကာ တူးမြောင်းတစ်ဘက်မှ အခြားတစ်ဘက်သို့ သယ်ယူပေးသည့် တစ်ခုတည်းသော စက်ယန္တရားဖြစ်သည်။ ယင်းဓာတ်လှေကားကို ဟိုက်ဒြောလစ်မော်တာ ၁၀ လုံး အသုံးပြုကာ မောင်းနှင်ပေးပြီး မြင်းကောင်ရေ ၃၀ အားရှိသည်။ ဓာတ်လှေကားတစ်ခုလုံးသည် တန် ၆၀၀ အလေးချိန်ရှိသည်။
ဗီဒီယိုကြည့်ရန်
၁၀။ အကွာဒွမ် (AquaDom)
ဂျာမနီနိုင်ငံ၊ဘာလင်မြို့ရှိ Radisson Blu ဟိုတယ်ရှိ အကွာဒွမ်သည် ခရီးသွားများအား ဆွဲဆောင်မှုရှိသည့် ပင်လယ်ရေ သတ္တဝါများရှင်သန်နေထိုင်မှုကိုပြသသည့် နေရာတစ်ခုဖြစ်သည်။ အကွာဒွမ်သည် ၈၄ ပေအမြင့်ရှိသည့်ငါးပြတိုက်အလယ်တွင် တပ်ဆင် ထားသည့် ဖောက်ထွင်းမြင်နိုင်သော ဓာတ်လှေကားဖြစ်သည်။ယင်းငါးကန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဆလင်ဒါ ပုံ ငါးပြတိုက်တစ်ခုလည်းဖြစ်သည်။
ဖန်ငါးကန်အတွင်း ပင်လယ်ရေ ဂါလံ ၂၆၀ ၀၀၀ နှင့် ငါးမျိုးစိတ် ၉၇ မျိုး အကောင် ၁၅၀၀ ကျော်ထည့်သွင်း ထားသည်။ ငါးကန်မှငါးများကို ရေငုပ်သမားလေးဦးက နေ့စဉ် အစာ ၁၈ ပေါင်ကျွေးရသည်။ငါးကန်အတွင်း ထည့်သွင်းထားသဖြင့် အကွာဒွမ် သည် အလွန် ထူးခြား ဆန်းပြားသည့် ဓာတ်လှေကားတစ်စင်းဖြစ်လာခဲ့ပေသည်။
ဗီဒီယိုကြည့်ရန်
ကမ္ဘာတစ်ဝန်း ဆန်းပြားသော ဓာတ်လှေကားများသည် အမြင့်မားဆုံး အဆောက်အအုံများတွင် နေ့စဉ် အတက်အဆင်း ပြုလုပ်နေကြရာ လိုက်ပါစီးနင်းကြသူများအား လှပသော ရှုကွင်းများကို ခံစားစေနိုင်သကဲ့သို့ကမ္ဘာကြီး၏ ထိပ်တွင်ရှိနေသည့် အလား ခံစားစေပေသည်။
ကိုးကား – Unique Elevators in the World
ဝင်းဇော်(သုတအလင်း)
၂၀၁၇ ခုနှစ် သြဂုတ်လထုတ် သုတအလင်းမဂ္ဂဇင်းမှ
Discussion about this post