အမေရိကန်အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ နယ်လီဘလိုင်(Nellie Bly) ဟာ အလွန်ပဲထင်ရှားပါတယ်။ သူထင်ရှားရတဲ့ အကြောင်းများစွာရှိတဲ့အနက်က အဓိကနှစ်ခုက စိတ္တဇဆေးရုံမှာ အရူးယောင်ဆောင်ပြီးထောက်လှမ်းခဲ့တာနဲ့ ကမ္ဘာကို ၇၂ ရက်နဲ့ ပတ်ခဲ့တာ တို့ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက် လုပ်ဖို့မလွယ်ကူတဲ့ အလုပ်တွေကို စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အာဂအမျိုးသမီးတစ်ယောက်အဖြစ် မှတ်တမ်းတင်ထားခံရသူလည်းဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် သူ့အကြောင်းကို ဝေမျှသွားပါမယ်။
နယ်လီဘလိုင်(Nellie Bly) လို့ လူသိများပေမယ့် ဒီနာမည်က သူစာရေးတဲ့အခါသုံးတဲ့ ကလောင်နာမည်သာဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Elizabeth Jane Cochran ဖြစ်ပါတယ်။ သူ့ကို ၁၈၆၄ ခုနှစ် မေလ ၅ ရက်နေ့က အမေရိကန် Pennsylvania ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စာရေးဆရာမတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိခဲ့ပြီး စွန့်စားလိုစိတ် ၊ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲတစ်ယောက်ဖြစ်တယ်။
ဖခင်ဖြစ်သူက စက်ရုံပိုင်ရှင်တစ်ယောက်ဖြစ်ပေမယ့် မိခင်က ဖခင်ရဲ့ဒုတိယအိမ်ထောင်သာဖြစ်တယ်။ သူအသက် ၆နှစ်အရွယ်မှာ ဖခင်ဖြစ်သူ သေဆုံးသွားတဲ့အချိန်ကစလို့ သူနဲ့ မိခင်ဖြစ်သူ ဒုက္ခစရောက်တယ်။ မိခင်ဖြစ်သူမှာ သူ့အပြင် အခြားမောင်နှမ ၄ယောက်လည်း ရှိသေးတယ်။ အဲဒီခေတ်က မုဆိုးမတစ်ယောက်အနေနဲ့ သားသမီး ၅ယောက်ကို ရှာဖွေကျွေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် အကူအညီရမယ်အထင်နဲ့ မိခင်ဖြစ်သူက နောက်အိမ်ထောင်ထပ်ပြုတယ်။ နောက်အိမ်ထောင်က အကူအညီမရတဲ့အပြင် အမြဲမူးပြီး မိသားစုကို နှိပ်စက်နေလို့ ပိုဒုက္ခရောက်သွားခဲ့တယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ကို ကွာရှင်းပစ်လိုက်တယ်။ အလွယ်တကူ ကွာရှင်းလို့ရတာမဟုတ်ပဲ နယ်လီကိုယ်တိုင် တရားရုံးသက်သေအဖြစ် ထွက်ဆိုပြီးမှ ကွာရှင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။
နယ်လီ ၁၆နှစ်အရွယ်မှာတော့ အီလီနွိုက်က ဆရာအတတ်သင်ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ဒါပေမယ့် တစ်နှစ်သာတက်ခွင့်ရခဲ့ပြီး ကျောင်းလခ မပေးနိုင်တဲ့အတွက် ကျောင်းထွက်လိုက်ရတယ်။ အဲဒီနောက်တော့ မိခင်ဖြစ်သူနဲ့အတူ ဘော်ဒါကျောင်းတစ်ခုမှာ အကူအနေနဲ့ လုပ်ခဲ့တယ်။ သေတ္တာထုတ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ ကျောင်းဆက်မတက်ရတော့ပေမယ့် စာရေးဆရာဖြစ်ချင်တဲ့ဝါသနာကို မစွန့်ခဲ့ဘူး။ အားလပ်ချိန်ရသ၍ စာပဲရေးနေတယ်။
သူမ ၁၈နှစ်အရွယ်မှာတော့ Pittsburg Dispatch သတင်းစာက ဆောင်းပါးတစ်ခုကို သွားတွေ့တယ်။ Erasmus Wilson ဆိုသူရေးထားတဲ့ ဆောင်းပါးဖြစ်ပြီး အမျိုးသမီးတွေဟာ ဘယ်နေရာမှာ အသုံးဝင်သလဲ ဆိုပြီး အမျိုးသမီးတွေကိုနှိမ်ချထားတဲ့ ဆောင်းပါးဖြစ်တယ်။ ဒီမှာတင် မဟုတ်မခံတတ်တဲ့ နယ်လီဟာ မူရင်းရေးသားသူရဲ့ ရေးသားချက်တွေကို ထောက်ပြရှုံ့ချရင်း ကတ်ကတ်လန်အောင် ရန်တွေ့ထားတဲ့ ဆောင်းပါးကို ရေးသားပြီး ရေးသားသူနေရာမှာ အထီးကျန် မိဘမဲ့ မိန်းမပျို(Lonely Orphan Girl) လို့နာမည်တပ်ကာ သတင်းစာတိုက်ထံ ပြန်ပို့လိုက်တယ်။
သူရေးတဲ့ဆောင်းပါးကို ဖတ်ရတဲ့အခါ သတင်းစာတိုက်က အယ်ဒီတာလုပ်သူဟာ စိတ်မဆိုးတဲ့ အပြင် သဘောအတော်ကျသွားတယ်။ ဒါကြောင့် နောက်တစ်ပတ်မှာတော့ သူ့ရဲ့တုံ့ပြန်စာကို သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီး နယ်လီကိုလည်း သတင်းရေးသားဖို့အတွက် ကမ်းလှမ်းခဲ့တယ်။ နယ်လီရဲ့မဟုတ်မခံစိတ်ကြောင့် သူဖြစ်ချင်တဲ့ စာရေးသူတစ်ယောက်အလုပ်ကို စလုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီလို သတင်းစရေးတော့မှ သူ့ရဲ့ကလောင်နာမည်ကို Nellie Bly လို့ ပေးခဲ့တာဖြစ်တယ်။
နယ်လီဟာ တရားမျှတမှုအတွက် အားနည်းသူတွေဘက်က ရပ်တည်တဲ့ ဆောင်းပါးတွေကိုသာ အများအားဖြင့် ရေးခဲ့တယ်။ နှိမ့်ချခံရတဲ့ အမျိုးသမီးထုဘက်ကနေ ၊ အလုပ်သမားလူတန်းစားဘက်ကနေ စာတွေရေးခဲ့တယ်။ အတော်လေးလည်း လူကြိုက်များခဲ့တယ်။ Pittsburg Dispatch သတင်းစာတိုက်မှာ လုပ်သက် ၁နှစ်ရတော့ သူ့ကို နိုင်ငံခြားသတင်းထောက်တစ်ယောက် အနေနဲ့ မက္ကဆီကို ကိုပို့ပြီး သတင်းရေးသားစေခဲ့တယ်။ အဲဒီအချိန်က မက္ကဆီကိုမှာ အာဏာရှင် Porfirio Díaz က အုပ်ချုပ်နေခဲ့တာဖြစ်တယ်။ ပြည်သူလူထုကို ဖိနှိပ်မှု သတင်းစာလွတ်လပ်ခွင့်တွေကို ကန့်သတ်ခဲ့တဲ့ Porfirio Díaz ကို နယ်လီက သူ့ရဲ့ဆောင်းပါးတွေမှာ အမျိုးမျိုး ခေါင်းစဉ်တပ် ထိုးနှက်ခဲ့တယ်။
မက္ကဆီကိုမှာ ၆လကြာပြီးတဲ့နောက် မက္ကဆီကိုမှာ ၆လကြာ (Six Months in Mexico) ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ အဲဒီနောက်တော့ အာဏာရှင် အစိုးရကို ပေါ်ပေါ်ထင်ထင်ရေးရဲတဲ့ နယ်လီရဲ့သတင်းရေးသားချက်တွေကို သတင်းစာတိုက်ကလန့်လာပြီး သူ့ကို ပြပွဲပြိုင်ပွဲ သတင်းတွေလောက်သာ ရေးခိုင်းတော့တယ်။ ဒီမှာတင် မဟုတ်မခံ ဆတ်ဆတ်ကြဲ နယ်လီတစ်ယောက် အလွန်ငြီးငွေ့လာတယ်။ ဒါကြောင့် Pittsburg Dispatch သတင်းစာတိုက်ကနေ အလုပ်ထွက်ပြီး နယူးယောက်ကို တက်သွားတယ်။
အဲဒီတုန်းက နယ်လီအသက်ဟာ ၂၃နှစ်ပဲရှိသေးတယ်။ အလုပ်ရတစ်ချက် မရတစ်ချက်နဲ့ နယူးယောက်မြို့ကြီးမှာ မိန်းကလေးတစ်ယောက်တည်း အတော်ဒုက္ခရောက်ခဲ့တယ်။ ကံကောင်းချင်တော့ New York World သတင်းစာတိုက်ပိုင်ရှင် သူဌေးကြီး ဂျိုးဇက် ပူလစ်ဇာ (Joseph Pulitzer) နဲ့ သွားတွေ့တယ်။ ဒီမှာတင်သူဌေးကြီးက သူ့ကို သတင်းထောက် အလုပ်တစ်ခုအပ်တယ်။ သူလုပ်ရမယ့် အလုပ်က Blackwell ကျွန်းပေါ်မှာရှိတဲ့ အမျိုးသမီး စိတ္တဇဆေးရုံရဲ့ အခြေအနမှန်ကို ထောက်လှမ်းပေးရမှာဖြစ်တယ်။
သူဌေးကြီး ဂျိုးဇက် ပူလစ်ဇာ အနေနဲ့ ဒီလိုထောက်လှမ်းခိုင်းရတာလည်း အကြောင်းရှိတယ်။ အဲဒီခေတ်အခါက မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ စိတ္တဇဆေးရုံတွေဟာ ခေတ်မီကုသနည်းတွေမရှိသေးတဲ့အပြင် အမြဲတစေအလုံပိတ်ထားလေ့ရှိတတ်တာကြောင့်လူတွေဟာ ဆေးရုံရဲ့အကြောင်းမှန်ကို သိဖို့မလွယ်ကူပါဘူး။ ဒါအပြင် ရောဂါသည်တွေကိုနှိပ်စက်တာ ၊ ညှင်းပန်းသတ်ဖြတ်တာ ၊ အစုအလိုက်အပြုံလိုက်သေဆုံးမှုတွေ အပေါ် ရိပ်မိတဲ့သူတွေရှိပေမယ့် သက်သေအထောက်အထားမရှိတဲ့အတွက် တိုင်တန်းအရေးယူမှုတွေ မလုပ်နိုင်ပါဘူး။ ဒီအတွက် သူဌေးကြီး ဂျိုးဇက် ပူလစ်ဇာက နယ်လီကို ထောက်လှမ်းဖို့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအလုပ်ဟာ အတော်ခက်ခဲတဲ့ အလုပ်ဖြစ်ပေမယ့် စွန့်စားရတာကို ကြိုက်တဲ့ နယ်လီက လုပ်ဖို့ သဘောတူခဲ့တယ်။ ခက်တာက ဆေးရုံကို တာဝန်ရှိသူတွေနဲ့ စိတ်ကျန်းမာရေးရောဂါသည်တွေကလွဲလို့ အပြင်လူတစ်ယောက် အနေနဲ့ ဝင်လို့မရတာပါ။ ဒါကြောင့် နယ်လီဟာ စိတ်ရောဂါသည်တစ်ယောက်ဖြစ်မှသာ ဆေးရုံထဲကိုဝင်နိုင်မှာပါ။ ဒီအတွက် နယ်လီဟာ သူ့ကိုယ်သူ အရူးတစ်ယောက်နဲ့တူအောင် ရက်ပေါင်းများစွာ အမှုအရာ အလေ့အကျင့်တွေ ကျင့်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ကိုလုံး၀ အရူးတစ်ယောက်လို့ ထင်သွားကြပြီး ဆေးရုံအတွင်းကို ဝင်ခွင့်ရခဲ့တယ်။
ဆေးရုံထဲဝင်ပြီး ၃-၄ရက်အတွင်းမှာပဲ မရူးတဲ့ နယ်လီတစ်ယောက် တကယ့်အရူးတစ်ယောက်ပမာ ဖြစ်သွားခဲ့တယ်။ အကြောင်းကတော့ ဆေးရုံကဝန်ထမ်းတွေဟာ ရောဂါသည်တွေအပေါ် ညှာတာရမယ့် အစားနည်းမျိုးစုံနဲ့ နှိပ်စက်နေကြလို့ ဖြစ်တယ်။ အေးခဲနေတဲ့ ဆေးရုံအတွင်းမှာ အဝတ်အစားအလုံအလောက်မပေးတာ ၊ သူတို့ပြောတာမလုပ်တာနဲ့ ရိုက်နှက်တတ်တာ ၊ ရောဂါရင့်တဲ့သူတွေကို ထိမ်းသိမ်းရမယ့်အစား ကြိုးနဲ့အတင်းအကျပ်တုပ်နှောင်ထားတာ ၊ မှိုတက်ပြီး သိုးနေတဲ့ အစာတွေကို လူနာတွေကို ကျွေးလေ့ရှိတာ ၊ အဲလိုအစာတွေကို မစားပါကလည်း ဝန်ထမ်းတွေရဲ့ရိုက်နှက်ခြင်းကိုခံရတာ ၊ အလွန်ချမ်းနေပေမယ့်အေးခဲနေတဲ့ရေတွေနဲ့ အချိန်အကြာကြီး ရေလာင်းချိုးပေးတာ စတာတွေကို သူကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိခဲ့လို့ ဖြစ်တယ်။
နယ်လီဟာ ဒီဆေးရုံမှာ ၁၀ ရက် နေခဲ့ပြီးတဲ့နောက် စိတ္တဇဆေးရုံထဲက ဝန်ထမ်းတွေရဲ့ လူမဆန်မှုတွေကို စိတ္တဇအိမ်မှာ ၁၀ ရက်ကြာ (Ten Days in a Madhouse) ဆိုတဲ့ စာအုပ်ရေးပြီး ပြည်သူလူထုထံကို ဖွင့်ချနိုင်ခဲ့ပါတယ်။ နယ်လီရဲ့ ထုတ်ဖော်မှုကြောင့် အစိုးရ အာဏာပိုင်တွေဟာ ဒီအဖြစ်တွေကို စုံစမ်းစစ်ဆေးခဲ့ပြီး ပိတ်သင်တဲ့ဆေးရုံကိုပိတ် ၊ ပြောင်းလဲသင့်တဲ့ဆေးရုံကိုပြောင်းလဲ ၊ မမှန်မကန်ဝန်ထမ်းတွေကို အပြစ်ဒါဏ်ချ စတာတွေကို လုပ်ဆောင်နိုင်ခဲ့ကြတယ်။ စိတ္တဇဆေးရုံတွေအတွက် လူမှုစောင့်ရှောက်ရေးစရိတ်အနေနဲ့ ဒေါ်လာ ၈၅၀၀၀၀ အထိတိုးမြှင့်လာစေခဲ့တယ်။ နယ်လီရဲ့စွမ်းဆောင်မှုကြောင့်သာ စိတ်ဝေဒနာရှင်ပေါင်းများစွာ နှိပ်စက်ခံပြီး သေဆုံးနေရတဲ့ဘေးကနေ လွတ်ကင်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်တော့ သူမဟာ သတင်းထောက်တစ်ယောက် အနေနဲ့ တရားမမျှတမှုတွေကို ထောက်လှမ်းရေးသားခဲ့တယ်။ အဲဒီထဲမှာ သူကိုယ်တိုင် ထောင်ကျခံကာ ထောင်ထဲက အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့အကြောင်းတွေ ၊ အလုပ်ရုံမှာ ကိုယ်တိုင်ဝင်လုပ်ပြီး အမျိုးသမီးတွေရဲ့ လခအလွန်နည်းတာ အလုပ်ချိန်အဆမတန်များတာ စတာတွေလည်းပါဝင်ပါတယ်။ တစ်ရက်မှာတော့ သူဟာ Jules Verne ရဲ့ Around the World in 80 Days ဆိုတဲ့ စာအုပ်ကို ဖတ်မိရာကနေ နောက်ထပ်ဧရာမ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတယ်။
ဒါကတော့ ဝထ္ထုထဲက ဇာတ်လိုက်ဟာ ကမ္ဘာကို ရက် ၈၀ နဲ့ ပတ်ခဲ့တယ်ဆိုရင် အပြင်လူတစ်ယောက်ကရော ပတ်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ စိတ်ကူးပါ။ လေယာဉ်တွေမရှိသေးတဲ့အချိန်မှာ လူအယောက် ၁၀၀ ကိုမေးရင် ၉၉ ယောက်က မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေကိုဖြေမှာဖြစ်ပေမယ့် နယ်လီကတော့ ဖြစ်နိုင် မဖြစ်နိုင်ကို အပထားလို့ ခရီးအတွက် လိုအပ်တာတွေပြင်ဆင်ပြီး ၁၈၈၉ ခုနှစ် နိုဝင်ဘာ ၁၄ မှာ ခရီးစထွက်ခဲ့တယ်။ သူမမှာ ငွေကြေးဆိုလို စတာလင်ပေါင် ၂၀၀ ၊ အမေရိကန်ဒေါ်လာအနည်းငယ် နဲ့ ရွှေနည်းနည်းသာ ပါသွားခဲ့တယ်။
သူမရဲ့ ခရီးလမ်းတလျှောက်မှာ သင်္ဘော ၊ မီးရထား ၊ မြင်း ၊ မိုးပျံဘောလုံး စတာတွေကို ရတဲ့နေရာမှာ ရသလို စီးနင်းပြီး ခရီးစဉ်ကို ဖြတ်သန်းခဲ့တယ်။ ခရီးထွက်နေစဉ်အတွင်းမှာ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ နယ်လီဘယ်ရောက်ပြီလဲဆိုတာ သိချင်ကြတယ်။ ဒါကြောင့် သူ့ရဲ့ကြေးနန်းသတင်းကို စောင့်ဖတ်တာကြောင့် သတင်းစာစောင်ရေ ရောင်းရတဲ့ အရေအတွက်လည်း အရမ်းတိုးသွားခဲ့တယ်။ နယ်လီဟာ ၁၈၉၀ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ နယူးဂျာစီက သူမရဲ့အိမ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။
သူ သွားခဲ့တဲ့ အချိန်အတိအကျကို တွက်ရင် ၇၂ ရက် ၆ နာရီ ၁၁ မိနစ်သာဖြစ်တဲ့အတွက် ဝထ္ထုထဲက ဇာတ်ကောင်ထက်တောင် သာလွန်သွားခဲ့တယ်။ သူဟာ စုစုပေါင်းခရီးအနေနဲ့ ၄၀၀၇၀ ကီလိုမီတာ (မိုင်ပေါင်း ၂၄၈၉၉မိုင်) ကို ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။ သူရောက်ခဲ့တဲ့နိုင်ငံတွေကတော့ အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီ ၊ စူးအက်တူးမြောင်း ၊ သီရိလင်္ကာ ၊ မလေးရှား ၊ စင်ကာပူ ၊ အရှေ့တောင်အာရှနိုင်ငံများ ၊ တရုတ် စတဲ့နိုင်ငံတွေပါ။ နောက်ဆုံးခရီးကိုတော့ Oceanic သင်္ဘောကိုစီးကာ ကယ်လီဖိုးနီးယားကို ပြန်ရောက်ခဲ့တာပါ။ အဲဒီကနေမှ သူဌေးကြီး ပူလစ်ဇာက သူ့ရဲ့ကိုယ်ပိုင်ရထား နဲ့ သူမရဲ့အိမ်အထိ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ သူစွန့်စားကြုံတွေ့ခဲ့တဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ကမ္ဘာတပတ် ၇၂ရက် Around the World in Seventy-Two Days ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ပြန်ရေးခဲ့ပါတယ်။
၁၈၉၅ ခုနှစ်မှာတော့ စက်မှုလုပ်ငန်းရှင် သူဌေးကြီး Robert Seaman နဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီတုန်းက နယ်လီရဲ့အသက်ဟာ ၃၀ ပဲ ရှိသေးပေမယ့် သူဌေးကြီးရဲ့အသက်က ၇၂ နှစ် ရှိပါပြီ။ ဒါပေမယ့် အိမ်ထောင်သက် ၁၀နှစ်ခန့်အကြာ သူဌေးကြီးကွယ်လွန်သွားတဲ့တိုင်အောင် သူတို့အိမ်ထောင်ရေးဟာ အလွန်သာယာခဲ့ပါတယ်။ ခင်ပွန်းကွယ်လွန်သွားပြီးတဲ့နောက်မှာ သူမဟာ ခင်ပွန်းရဲ့စက်ရုံလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ စက်ရုံမှာလည်း သူမရဲ့အကြံအစည်တွေကို ပုံဖော်ခဲ့ပါသေးတယ်။ သစ်သားစည်တွေနေရာမှာ သံစည်တွေကို အစားထိုးတာ ၊ ယနေ့ခေတ်တိုင်အောင် သုံးနေကြတဲ့ ၅၅ ဂါလံဆန့် သံမဏိတိုင်ကီတွေဟာ သူမရဲ့စိတ်ကူးတွေကနေ ဖြစ်လာတာပါ။
သတင်းထောက်ဘဝကတည်းက နွမ်းပါးသူတွေဘက်က ရပ်ခဲ့သလို သူဌေးမကြီးဖြစ်လာတော့လည်း နယ်လီဟာ ပြောင်းလဲမသွားခဲ့ပါဘူး။ သူ့စက်ရုံက အလုပ်သမားတွေကို လခကောင်းကောင်းပေးတာ ၊ သင့်တင့်တဲ့အလုပ်ချိန်ပဲထားပေးတာ ၊ အလုပ်သမားတွေအတွက် အားကစားရုံတွေ ၊ စာကြည့်တိုက်တွေ ၊ ဆေးရုံတွေ ဆောက်ပေးတာ စသည်ဖြင့် ပြုလုပ်ခဲ့ပါတယ်။ သူမပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာကုန်လုနီးပါးဖြစ်တဲ့အထိ နွမ်းပါးသူတွေအတွက် ပြုပြင်မှုပေါင်းများစွာကို ကူညီထောက်ပံ့ပေးခဲ့သူလည်းဖြစ်ပါတယ်။
ပထမကမ္ဘာစစ်အတွင်းမှာတော့ စစ်မြေပြင်ကို ဆင်းကာ သတင်းထောက်အလုပ်ကို ပြန်လုပ်ခဲ့ပါတယ်။ အရှေ့ဥရောပ နဲ့ ရုရှားစစ်မျက်နှာတွေအထိ သွားရောက်ခဲ့ပြီး သတင်းတွေ ရေးသားပေးပို့ခဲ့တယ်။ အကျင့်ပျက်လာဘ်စားမှုတွေကိုလည်း မကြာခဏဖွင့်ချရေးသားခဲ့သလို နွမ်းပါးသူတွေကို ကူညီစောင့်ရှောက်ကြဖို့ သူ့ဆောင်းပါးတွေမှာ အမြဲတိုက်တွန်းရေးသားခဲ့တယ်။ ၁၉၂၂ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့ အသက် ၅၈ နှစ်အရွယ်မှာ အာဂအမျိုးသမီး နယ်လီဟာ အဆုတ်အအေးမိရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီအထိ စာရေးခြင်းအလုပ်ကို မစွန့်လွှတ်ခဲ့ပါဘူး။
နယ်လီရဲ့စွမ်းဆောင်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဂုဏ်ထူးဆောင် အမျိုးသမီးဆု National Women’s Hall of Fame Award ကို ချီးမြှင့်ခံရသလို သူမပုံနဲ့ စာပို့တံဆိပ်ခေါင်း ထုတ်ဝေကာ ဂုဏ်ပြုခံရသူလည်းဖြစ်ပါတယ်။ သူ့အကြောင်း ရုပ်ရှင်တွေရိုက် စာအုပ်တွေရေးခဲ့ကြသလို The New York Press Club က လည်း ထူးချွန်တဲ့သတင်းထောက်လူငယ်တွေကို Nellie Bly Cub Reporter ဆု ဆိုပြီးနှစ်စဉ်ပေးအပ်လျှက်ရှိပါတယ်။ ဒါတွေကတော့ အမျိုးသမီးတစ်ယောက် အနေနဲ့ သူမတူအောင် စွမ်းဆောင်ပြခဲ့တဲ့ နယ်လီဘလိုင်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Discussion about this post