ရေးသားသူ – သမန်းကျား(ရတနာပုံ)
ကမ္ဘာ့ပထမဆုံးကားကို တီထွင်ထုတ်လုပ်ခဲ့သူ ဟင်နရီဖို့ဒ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်နေတာနဲ့ ကမ္ဘာ့အကောင်းဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီ အများစုက အမေရိကန်ပြည်ထောင်စုမှာ ရှိနေတာနဲ့က ဆက်စပ်မှုရှိနေမယ်လို့ ထင်ရပါတယ်။ ကမ္ဘာကျော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတွေ ကနေ ရွေးချယ်ထားတဲ့ ကားအမှတ်တံဆိပ်တွေက ကိုယ်စားပြုနေတဲ့ အဓိပ္ပာယ်တွေကို ဖော်ပြရရင် ကားကောင်းအများစုကို အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်တာကို တွေ့ရပါတယ်။
၁။ Mercedes
၁၈၇၂ ခုနှစ်မှာ ဂျာမန်နိုင်ငံသား Gottlieb Daimler ဟာ သူ့ဇနီးသည်ထံကို Deutz မြို့က အိမ်အသစ်ကို ဘယ်လို သွားရမယ်ဆိုတဲ့ မြေပုံ ရေးဆွဲပေးခဲ့ပါတယ်။ အဲဒီမြေပုံထဲမှာ သူတို့ရဲ့ အိမ်သစ်ရှိရာ တည်နေရာကို သုံးမြှောင့်ကြယ်ပုံနဲ့ ပြသခဲ့ပါတယ်။ အဲဒီ့ သုံးမြှောင့်ကြယ်ပုံဟာ သူတို့ရဲ့ မိသားစုထဲမှာ အရေးပါတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာပြီး ၁၉၁၀ ပြည့်လွန် နှစ်နောက်ပိုင်း သူတို့ရဲ့သားတွေက မာစီးဒီးကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့အခါမှာလည်း သူတို့ထုတ်လုပ်တဲ့ ကားရဲ့ အမှတ်တံဆိပ် ဖြစ်သွားပါတယ်။ သုံးမြှောင့်ကြယ်ရဲ့ အစွန်းသုံးခုဟာမြေကြီး၊ ပင်လယ်နဲ့ လေ ကိုကိုယ်စားပြုပါတယ်။ သဘောကတော့ မာစီးဒီးအင်ဂျင်တွေကို ကုန်း၊ ရေ၊ လေ သုံးတန်လုံးမှာ အသုံးပြုနိုင်တယ် ၊ သူတို့ကုမ္ပဏီရဲ့တံဆိပ်ဟာ နေရာတိုင်းမှာ စိုးမိုးမယ်လို့ ဆိုတာပဲဖြစ်ပါတယ်။
၂။ Ferrari
ပထမကမ္ဘာစစ်မှာ အီတလီလေတပ်ရဲ့ အကောင်းဆုံး တိုက်လေယာဉ်မှူးဖြစ်ခဲ့သူ ဖရန်ဆက်စ်ကိုဘရပ် ကာဟာ ကဆုန်ပေါက်နေတဲ့ မြင်းနက်ပုံကို သူ့လေယာဉ်မှာ ကံကောင်းစေတဲ့ အဆောင်အဖြစ် ရေးဆွဲထားလေ့ရှိပါတယ်။ ၁၉၂၃ ခုနှစ်မှာ ကားမောင်းပြိုင်ပွဲတစ်ခုကို သွားကြည့်ရင်း အင်ဇိုဖရာရီဆိုသူ ပြိုင်ကားမောင်းသမားနဲ့ ရင်းနှီးခင်မင်ခဲ့ပြီး သူ့ကို အမြဲ ကံကောင်းစေခဲ့တဲ့ ကဆုန်ပေါက် မြင်းနက်ပုံကို ကားတံခါးမှာ ရေးဆွဲဖို့ အကြံပြုခဲ့ပါတယ်။ ဖရာရီလဲ နောက်ခံ အဝါရောင်ဖြည့်ပြီး မြင်းအမြီး ထောင်နေတဲ့ပုံဆွဲပြီး ပြိုင်ပွဲဝင်တာ အနိုင်ရရှိခဲ့တဲ့အတွက် နောက်ပိုင်း ကဆုန်ပေါက် မြင်းနက်ပုံကို အမြဲသုံးခဲ့ပြီး သူ့နာမည် နဲ့ ကားထုတ်တဲ့အခါမှာလည်း အဲဒီအမှတ်တံဆိပ်ကိုပဲ ဆက်သုံးလာခဲ့တာ ဖြစ်ပါတယ်။
၃။ BMW
ဂျာမနီနိုင်ငံ အရှေ့ပိုင်းပြည်နယ် ဘာဗေးရီးယား အလံကို အတုယူပြီး စက်ဝိုင်းပုံထဲမှာ အဖြူရောင်နဲ့ အပြာရောင်တြိဂံ အကွက်လေးတွေကို သုံးထားပါတယ်။ ဒါပေမဲ့ တစ်ချိန်က BMW အမှတ်တံဆိပ်ဟာ လေယာဉ်အင်ဂျင်တွေ ထုတ်တယ်လို့ ထင်မှတ်မှားနေဆဲ ဖြစ်ပါတယ်။ BMW ဟာ တကယ်တော့ ဆိုင်ကယ်ကို အဓိက ထုတ်တာပါ။ နောက်ပိုင်းမှ ကားတွေ ထုတ်လာပြီး အခု လျှပ်စစ်ကားတွေ ဆက်တိုက် ထုတ်လုပ်နေပါတယ်။
၄။ Chevrolet
ကြည့်လိုက်ရင် ဘိုးတိုင် စည်းထားတာနဲ့တူတဲ့ အမေရိကန်ထုတ် ချက်ပလက်ကား အမှတ်တံဆိပ်ဟာ ကားထုတ်လုပ်သူ လူဝီချက်ပလက် ၁၉၀၈ ခုနှစ်က ပဲရစ်မြို့ကို အလည်အပတ်သွားရောက်စဉ် တည်းခိုခဲ့တဲ့ ဟိုတယ် အခန်းနံရံပေါ်က အပွင့်ကလေးကို အတုယူထားတာ ဖြစ်ပါတယ်။ အချို့ကလည်း ချက်ပလက် အမှတ်တံဆိပ်ကို ကြက်ခြေနီကွက်နဲ့ တူတယ်လို့ ပြောကြပါတယ်။
၅။ Volvo
ဆွီဒင်နိုင်ငံထုတ် ဗော်လ်ဗို ကားအမည်ကို ဘောသီးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ အမည်ကနေ ယူထားတာ ဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်မှာတော့ ဆွီဒင်ကားကုမ္ပဏီက အဲဒီနာမည်ကို ယူသုံးခဲ့တာပါ။ အမှတ်တံဆိပ်ပုံစံက ရောမစစ်သားတွေ ကိုင်ဆောင်တဲ့ ဒိုင်းပုံစံ ဖြစ်ပါတယ်။ အလယ်ကနေ ချွန်ထွက်နေတဲ့ မြားပုံလေးဟာ အစကတော့ အလှပဲ ထည့်ထားခဲ့ပေမယ့် အခုတော့ ကုမ္ပဏီရဲ့ ဒီဇိုင်းမှာ အဓိက အကျဆုံး ဖြစ်နေပါတယ်။
၆။ Toyota
၁၉၃၆ နှစ်မှာ ဂျပန်ကားကုမ္ပဏီပိုင်ရှင် ခီချီရိုတိုယိုဒါက သူ့ရဲ့ တိုယိုဒါကားတွေအတွက် အမှတ်တံဆိပ်ရေးဆွဲ ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ လူဦးရေ ၂၀၀၀ ကျော် ပါဝင်ပြိုင်ခဲ့ရာမှာ အမှတ်တံဆိပ်ကို စုတ်ချက် ၈ ချက်နဲ့ အပြီးရေးဆွဲလို့ရတဲ့ တိုယိုတာ အမှတ်တံဆိပ်ကို ရွေးချယ်ခဲ့ပြီး ကားအမှတ်တံဆိပ်ကိုလည်း မူလ တိုယိုဒါ ကနေ တိုယိုတာ လို့ ပြောင်းခေါ်ခဲ့ပါတယ်။ ဂျပန်လူမျိုးတွေအတွက် ၈ ဆိုတာ ကံကောင်းစေတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။
အဲဒီတံဆိပ်ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးတဲ့နောက် ၁၉၈၉ ခုနှစ်မှာတော့ လက်ရှိ လိုဂိုကို ရွေးချယ်ခဲ့ပါတယ်။ လက်ရှိ လိုဂိုရဲ့ ဘဲဥပုံစက်ဝိုင်း ၃ခုဟာ customerတွေရဲ့နှလုံးသား၊ထုတ်ကုန်တွေရဲ့နှလုံးသားနဲ့ နည်းပညာတွေရဲ့နှလုံးသား ဆိုတဲ့ နှလုံးသား၃ခုကို ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ Toyota အမှတ်တံဆိပ်ဟာ သူ့စာလုံးကို ဖော်ညွှန်းနိုင်စွမ်းရှိပါတယ်။
၇။ Maserati
ကားတွေကို အီတလီနိုင်ငံ ဘလုံညာမြို့က မဆယ်ရာတီ ညီအစ်ကိုများ ကုမ္ပဏီက ထုတ်လုပ်တာ ဖြစ်ပါတယ်။ အမှတ်တံဆိပ်ကိုလည်း ဘလုံညာမြို့ ဗဟိုရင်ပြင်က နက်ပကျွန်း နတ်ရုပ်တုရဲ့လက်နက် အသွားသုံးချောင်းပါ ခက်ရင်းခွကို တုပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
၈။ Subaru
ဂျပန်နိုင်ငံထုတ် ဆူဘာရုကားတွေရဲ့ အမှတ်တံဆိပ်ကတော့ ခြောက်မြှောင့်ကြယ် ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးရိုးခြောက်မြှောင့်တော့ မဟုတ်ပါဘူး၊ လေးမြှောင့်ကြယ်ကို အရှည်ဆွဲဆန့်လိုက်တဲ့ပုံပါ။ အဲဒါ တကယ်တော့ Taurus ကြယ်တာရာရဲ့ ပုံကို ထုတ်ထားတာ ဖြစ်ပါတယ်။ ထူးထူးခြားခြား ကြည့်လိုက်ရင် ကြယ်ခြောက်ပွင့် ပေါ်နေပါလိမ့်မယ်။ အဲဒါ ဆူဘာရုရဲ့ ပင်ရင်း ကုမ္ပဏီ Fuji Heavy Industries ရဲ့ အဖွဲ့ဝင် ကုမ္ပဏီ ခြောက်ခုကို ကိုယ်စားပြုပါတယ်။
၉။ Hyundai
ကိုရီးယား ကားကုမ္ပဏီရဲ့ အဓိပ္ပာယ်က “ခေတ်မီ” ဖြစ်ပါတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ ဈေးဝယ်ယူသူ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို ပုံမှန်ကြည့်ရင် H ပုံစံဖော်ထားပြီး ကုမ္ပဏီရဲ့ အမည် အစ စာလုံးနဲ့လည်း တူတဲ့ ပါးနပ်တဲ့ အမှတ်တံဆိပ် ဒီဇိုင်းလေးပါ။
၁၀။ Smart
ဒီကားကုမ္ပဏီကတော့ ဆွစ်နာရီကုမ္ပဏီ Swatch ရယ်၊ Mercedes ရယ်၊ Art ရယ်တွေကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Swatch က အစုရှယ်ယာရှင်ပါ။ Mercedes က ဒီအမှတ်တံဆိပ်ကို တာဝန်ခံ ထိန်းသိမ်း စောင့်ရှောက်ရသူပါ။ Art ကတော့ အနုပညာပေါ့။ Compact ဆိုတဲ့ ထိရောက်မှုအား ပြင်းထန်ဖို့ ရည်ရွယ်ပြီး C ကို ထင်းနေအောင် ရေးသားထားသလို ရှေ့သို့ ချီတက်မည်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မြားပုံလည်း ပါဝင်ပါတယ်။
၁၁။ Porsche
ကားတွေကို မြောက်အမေရိကမှာ Porche ကားကုမ္ပဏီက ၁၉၅၁ ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့ပါတယ်။ Porche ကားဒီဇိုင်း ရေးဆွဲသူ Ferdinand Porche နဲ့ ၁၉၅၀ ခုနှစ်က နယူးယောက်မြို့ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲတင် လက်သုတ်ပုဝါပေါ် ရေးဆွဲခဲ့ပြီး အတည်ပြု ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဂိုမှာပါတဲ့ မြင်းပုံစံကိုတော့ ဂျာမနီမြို့တော်တစ်ခုဖြစ်တဲ့ စတုဂတ်မြို့ရဲ့ အထိမ်းအမှတ်လိုဂိုတံဆိပ်ကနေ ပုံစံယူထားတာဖြစ်ပါတယ်။
၁၂။ Lamborghini
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး၊ လူတွေ အလိုချင်ဆုံး ဇိမ်ခံ ပြိုင်ကားအမျိုးအစား တစ်မျိုး ဖြစ်တဲ့ လန်ဘော်ဂီနီရဲ့ ရွှေရောင်နဲ့ အမည်းရောင် စပ်ထားတဲ့ အမှတ်တံဆိပ်ကို ကုမ္ပဏီ တည်ထောင်သူ Ferrruccio Lamborghini က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အလယ်ခေါင်က နွားသိုးကြီးကတော့ Ferruccio ရဲ့ ရာသီခွင်ဖြစ်တဲ့ Taurus ကို ကိုယ်စားပြုထားတဲ့ သတ္တဝါ ဖြစ်ပါတယ်။
၁၃။ Rolls-Royce
ဒီကားကို အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ အသုံးပြုနေတဲ့ အမှတ်တံဆိပ်ကို ၁၉၁၁ ခုနှစ်မှာ ချာလီစကိုင်း ဆိုသူက ရေးဆွဲခဲ့ပါတယ်။ Rolls-Royce ရဲ့ အစ စာလုံး နှစ်လုံးကို ထပ်ပူးပြီး ရေးဆွဲထားပြီးတော့ ကုမ္ပဏီရဲ့ စည်းလုံး ညီညွတ်မှုကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်လို့ လေ့လာ ရေးသားလိုက်ရပါတယ်။
၁၄။ Audi
ဒီနာမည်ကြီး ဂျာမန်ကားကုမ္ပဏီ ရဲ့လိုဂိုကတော့ ကွင်းလေးခု ဆက်ထားတဲ့ပုံပါ။ဒီကွင်းလေးခုဟာ ၁၉၃၂ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Auto-Union အဖွဲ့ကိုဖွဲ့စည်းတုန်းက ပါဝင်ခဲ့တဲ့DKW၊Horch၊Wanderer နဲ့ Audi စတဲ့ ကုမ္ပဏီလေးခုကို ကိုယ်စားပြုပါတယ်။
၁၅။ Volkswagen
Volkswagen ရဲ့လိုဂိုကတော့ W ပေါ်မှာ V ကို ထပ်ထားတဲ့ပုံပါ။လိုဂိုက ရိုးရှင်းသလို အဓိပ္ပါယ်ကလည်း ရိုးရှင်းလှပါတယ်။V ဆိုတာ Volks ဖြစ်ပြီး W က Wagen ပဲဖြစ်ပါတယ်။ Volkswagen ရဲ့အဓိပ္ပါယ်က လူထုရဲ့ကား(people’s car) ဖြစ်ပါတယ်။
သမန်းကျား(ရတနာပုံ)
Discussion about this post