ရေးသားသူ – TMK (သမန်းကျား) ၊ ရတနာပုံနေ့စဉ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအရှေ့ပိုင်းက အိုင်ဂျင်မီးတောင်ကြီး ပေါက်ကွဲခဲ့တာ ၆၆-နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် မီးတောင်ကြီးဟာ အတော့်ကို သက်ဝင်လှုပ်ရှားဆဲဖြစ်ပါတယ်။ နဂါးပွက်အိုင်လိုပဲ မီးတောင်အခိုးအငွေ့တွေ ရှူးခနဲ၊ ရှူးခနဲ ထွက်နေတာဟာလည်း ကမ္ဘာကြီးပေါ်က ငရဲခန်းကြီးအတိုင်း တုန်လှုပ်ခြောက်ချားဖွယ် ကောင်းလှပါတယ်။ ဒီလိုအဆိပ်ငွေ့တွေအဆက်မပြတ်လွှတ်ထုတ်နေတဲ့မီးတောင်ထဲကိုဆင်းပြီး ဆာလ်ဖာတူးဖော်ရေးလုပ်ငန်းလုပ်ကိုင် နေကြတဲ့ လုပ်သားတွေကို မြင်ရ၊တွေ့ရတဲ့အခါ မအံ့သြဘဲမနေနိုင်တော့ပါဘူး။
ဒေသခံအင်ဒိုနီးရှားလူမျိုးတွေဟာ ညသန်းခေါင်အချိန်မှာ အိုင်ဂျင်မီးတောင်ကြီးကို စတက်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၇၉၉ မီတာရှိတဲ့ မီးတောင်ကြီးကို မတ်စောက်တဲ့တောင်တက်လမ်းကျဉ်းလေးအတိုင်း တွန်းတက်ရ ပါတယ်။ အပေါ်ကိုရောက်လာတာနဲ့အမျှ အမှောင်ထုကပိုပြီးထူထဲလာပြီးတော့ ရှူရတဲ့လေဟာလည်း မီးတောင် အခိုးအငွေ့တွေနဲ့ ပြည့်လာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ကျွန်တော့်အဖို့မှာတော့ အာခေါင်၊ လည်ချောင်း၊ အဆုပ် အားလုံးပူစပ်ပြီး အောက်ကိုပြန်ဆင်းပြေးချင်တဲ့စိတ်တွေ တားမရ၊ဆီးမရ ဖြစ်လာပါတယ်။
အားကောင်းလှတဲ့ဓါတ်မီးနဲ့ထိုးထားတာတောင် အရှေ့ကို ၃-ပေထက်ပိုမမြင်ရအောင် မီးတောင်အခိုးအငွေ့တွေက ဖုံးလွမ်းနေတာပါ။ ဒီလိုနဲ့မီးတောင်ထိပ်ဝကိုရောက်ပါပြီ။ မီးတောင်အခိုးအငွေ့တွေက ပြင်းထန်လွန်းတော့ ဘယ်လို မှ အသက်ရှူလို့မရတော့ပါဘူး။ အားလုံး ဓါတ်ငွေ့ကာမျက်နှာဖုံးတွေထုတ်ပြီး စွပ်ရပါတယ်။ အတူပါလာတဲ့ ထိုင်း ကမ္ဘာလှည့်ခရီးသည်တစ်ဦးကတော့ ချောင်းအဆက်မပြတ်ဆိုးပြီး အသက်မရှူနိုင်တော့ပဲ သတိလစ်မလို ဖြစ်နေလို့ ဒေသခံတွေက တောာင်အောက်ကို ပြန်သယ် သွားကြပါတယ်။
ကျွန်တော်တို့ကတော့ မီးတောင်ဝကနေအောက်ကို ဆက်ဆင်းကြတယ်။ ကျွန်တော့်စိတ်ထဲမှာ နဂါးပါးစပ်ကနေ ဗိုက်ထဲကို ဝင်နေရတဲ့အတိုင်းပဲ။ အဆိပ်ငွေ့တွေနဲ့ပြည့်နေတဲ့ အဆိပ်တွင်းထဲကို ငါဘာဖြစ်လို့ဆင်းနေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ အောက်အဆင်းမှာ လမ်းတစ်ဝက်လောက်ရောက်တော့ နှင်းနဲ့မီးခိုး တွေကြား အပြာရောင်မီးတွေဟာ ရေတံခွန်စီးကျနေတဲ့အတိုင်း လင်းနေတာကိုတွေ့ရတယ်။
ဒါ မီးတောင်ဓါတ်ငွေ့ နဲ့ လေနဲ့ထိတွေ့ပြီး ပေါက်ကွဲမှုဖြစ်နေတာတဲ့။ အပူချိန်က ၄၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်နိုင်တယ်တဲ့။ ပြုတ်များကျ သွားရင် မတွေးရဲစရာ။ အပေါ်ပြန်တက်ရင်ကောင်းမယ်လို့တွေးမိပေမယ့် အောက်ကိုတအားဆင်းမိသွားပြီ။ မထူး တော့ဘူး။
မီးတောင်တွင်းရဲ့အောက်ခြေကို ရောက်ပါပြီ။ ဒေသခံလုပ်သားတွေက မှောင်နဲ့မည်းမည်းထဲမှာ လုပ်ငန်းစကြ တော့တာပဲ။ သံချောင်းအရှည်ကြီးတွေနဲ့အဝါရောင်ကျောက်သားတွေကို လိုက်ခွာကြတယ်။ အဲဒါ ဆာလ်ဖာတွေ တဲ့။ မီးတောင်ထဲမှာ ဘယ်နားကြည့်ကြည့် ဆာလ်ဖာတွေအပြည့်ပဲ။ ဒီလိုနဲ့ အရုဏ်တက်ချိန်ရောက်လာတယ်။ ဒီတော့မှ မလှမ်းမကမ်းမှာ ရေကန်တစ်ကန်ကိုတွေ့လိုက်ရတယ်။ ရေက နို့နှစ်ရောင်၊ ဒါပေမယ့် ပြာလဲ့လဲ့နဲ့၊ အခိုးအငွေ့တွေကတောက်လျှောက်ထွက်နေပုံများ ရေပူကန်လိုလို။
ကိုင်ကြည့်လို့ရတယ်ဆိုလို့ ကိုင်ကြည့်လိုက်တာ ရေကနွေးနွေးလေးပဲ။ အနက် မီတာ ၂၀၀ လောက်ရှိတယ်တဲ့။ ရေထဲမှာ မီးတောင်ဓါတ်ငွေ့နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်နဲ့ပြည့်နေတယ်။ လက်ကလည်း အက်ဆစ်လောင်သလို ပူစပ်ပူလောင်ဖြစ်သွားတယ်။ လေတစ်ချက်အပြေးမှာ လုပ်သားတွေကိုကြည့်လိုက်တော့ ဓါတ်ငွေ့ကာအစွပ်မပါသူ တွေလည်းရှိတာကိုတွေ့ရတယ်။
မာဖလာလို လည်စည်းတစ်မျိုးနဲ့ နှာခေါင်းကိုတစ်ချက်တစ်ချက်အုပ်ပြီး ဒီအတိုင်း အသက်ရှူပြီးတော့ ဆာလ်ဖာတွေခွာနေကြတာကိုတွေ့ရတယ်။ ပြီးတာနဲ့ နောက်ကျောမှာပိုးရမယ့်ခြင်းတွေထဲကို ဆာလ်ဖာတွေထည့်ကြတယ်။ ကြိုးကိုနဖူးမှာသိုင်းပြီး မနည်းဆင်းလာရတဲ့မီးတောင်ကြီးကို ဝိတ်အပြည့်ထည့်ထား တဲ့ ခြင်းကိုလွယ်ပြီး ပြန်တက်ကြမယ်၊ ဓါတ်ငွေ့ကာအစွပ်တွေမပါပဲ။
ခြင်းတွေပိုးပြီး တောင်ကိုတက်ကြတော့ သူတို့ရဲ့အသက်ရှူသံတွေဟာ ရွှီးခနဲ၊ရွှီးခနဲ မြည်လာတယ်။ လည်ချောင်း၊ အဆုပ် တွေထဲမှာ ခရာတွေ၊ ဝီစီတွေ၊ ပလတ်စတစ်တွေ ထည့်ပေးထားတဲ့အတိုင်းပဲ။ အနည်းဆုံး ၈၀ ကီလိုဂရမ် လောက်လေးတဲ့ ဆာလ်ဖာတွေကို သယ်ရင်း လွှားခနဲလွှားခနဲတောင်တက်နေကြသူတွေကို ကျွန်တော်တအံ့တသြ ကြည့်ရင်း သူတို့နဲ့သိပ်မပြတ်အောင် ကြိုးစားနေရတယ်။
မေးကြည့်တော့ ကျင့်သားရနေပါပြီ။ ဒီလိုပဲ မီးတောင်ထဲကိုဆင်းလိုက်၊တက်လိုက် လုပ်နေတာ နှစ်နဲ့ချီနေပါပြီ။ မျက်စိစပ်ပေမယ့် အဆိပ်တော့မသင့်ပါဘူး။ ကျောလည်းမနာပါဘူး။ ဒူးပဲနည်းနည်းနာတယ်။ တစ်ညကို နှစ်ခေါက် လောက် သယ်နိုင်ရင် မိသားစုစားဝတ်နေရေး ဖူလုံပါတယ်လို့ အသက် ၄၂-နှစ် အရွယ် ဒေသခံအထမ်းသမား တစ်ဦးက ပြောပြပါတယ်။
ဆက်ပြီးမေးကြည့်တော့ ဆာလ်ဖာ တစ်ကီလိုကို အမေရိကန် ၈ ဆင့် နဲ့ ကုမ္ပဏီက ဝယ်တယ်၊ တစ်ညကို နှစ်ခေါက်သယ်နိုင်ရင် ၁၂ ဒေါ်လာလောက်ရတယ်လို့ပြောရင်း သူထမ်းလာတဲ့ဆာလ်ဖာခြင်းကို ထရော်လီလှည်း ပေါ် တင်လိုက်ပါတယ်။ အခု အဲဒီဆာလ်ဖာခြင်းကို မီတာထောင်နဲ့ချီပြီး အောက်ကိုပြန်ချရပါဦးမယ်။ ထရော်လီ လှည်းဝယ်ဖို့ပိုက်ဆံမတတ်နိုင်သူတွေလည်း ရှိသေးတယ်။ ခြင်းကိုထမ်းပြီး တောင်အောက်ကို အစ၊အဆုံး ပြန်ဆင်း ကြတယ်။
သက်ပြင်းကိုအခါခါချရင်း ဒီကမ္ဘာကြီးပေါ်မှာ ဒီလောက်အန္တရာယ်များပြီး ဒီလောက်ပင်ပန်းဆင်းရဲတဲ့နည်းနဲ့ လုပ်ကိုင်ရှာဖွေစားသောက်ရသူတွေ ရှိသေးပါလားလို့ သံဝေဂရမိပြီး ဒါဟာ ကျွန်တော်တွေ့ဖူးခဲ့သမျှထဲမှာ ကမ္ဘာ့ အကြမ်းတမ်းဆုံးအလုပ်တစ်ခု ဖြစ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။
VIDEO
TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။
Discussion about this post