ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
ကမ္ဘာမြေပြင်သည် ရေထု၊လေထုနှင့် မြေသားကျောက်သားထုများပေါင်းစည်းထားသည့် အလွန်ကြီးမားသော အစိုင်အခဲတစ်ခုသာ ဖြစ်ပေသည်။ ကမ္ဘာမြေကြီးပေါ်တွင် လူသားများပြုလုပ်ဖန်တီးခဲ့သည့် မရေတွက်နိုင်အောင်များပြားသည့် အရာများအနက်မြေအောက် သို့ဖောက်ထွင်းကာ တူးဖော်ခဲ့သည့် တွင်းနက်ကြီးများလည်း အပါအဝင်ဖြစ်သည်။ ကမ္ဘာမြေပြင်တွင်သဘာ၀ အလျောက်ဖြစ်ပေါ်နေ သည့် တွင်းများရှိခဲ့သော်လည်း အနက်ရှိုင်းဆုံးသော တွင်းကြီးများသည် လူသားများတူးဖော်ခဲ့ကြသည့် တွင်းများသာ ဖြစ်ကြောင်း တွေ့ရှိနိုင်ကြပေသည်။
ကမ္ဘာ့အနက်ရှိုင်းဆုံးတွင်းကြီးများကို မြေအောက်သယံဇာတများဖြစ်သည့် ဓာတ်သတ္ထု၊ရေနံ၊ သဘာဝဓာတ်ငွေ့စသည် တို့ ကို ထုတ်ယူရန် တူးဖော်ခဲ့ကြရာ အောက်တွင် ဖော်ပြထားသည့် တွင်းနက်ကြီး ၁၀ ခုသည် အကြီးမားဆုံးနှင့်အထင်ရှားဆုံးဖြစ် လာခဲ့သည်။
၁၀။ မွန်တီဆယ်လီယို ရေလှောင်တမံ (Monticello Dam)
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးလီးယားပြည်နယ်ရှိ မွန်တီဆယ်လီယို ရေလှောင်တမံကို ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့သည်။ယင်းရေလှောင်တမံကြီးသည် ဗာကာတောင်တန်းရှိ ပူတက်ချောင်းကို ဘာရီရက်စာရေကန်ကြီးအဖြစ်ချုပ်ထိန်းထားကာ ဆန်ဖရန်စစ္စကို အနောက်ပိုင်းပင်လယ်အော် ဒေသများသို့ရေများ ထောက်ပံ့ပေးသည့် ရေလှောင်ကန်ကြီးဖြစ် သည်။
ကျက်သရေမင်္ဂလာတွင်းကြီး(The Glory Hole) ဟု ထင်ရှားသည့် ရေလွှဲပေါက်သည် ရေမှတ် အပြည့်ဆုံးသို့ ရောက်ရှိချိန် တွင် တစ်စက္ကန့်လျှင် ရေထုထည် ၄၈၀၀၀ ကုဗပေ နှုန်းဖြင့် ကြီးမားသော ကွန်ကရစ် ပိုက်များသို့ ပို့ဆောင်ပေးနိုင်သည်။ မြေမျက်နှာပြင်အောက်သို့ အလွန်နက်ရှိုင်းစွာ တူးထားသည့် မွန်တီဆယ်လီယို ရေလှောင်တမံအတွင်း ၁၉၉၇ ခုနှစ်တွင် အမျိုးသမီး တစ်ဦး ရေနစ်ခဲ့ကာ ရေထုအားကြီးမားသဖြင့် ရေလွှဲပေါက်အတွင်းသို့ မျောပါသွားခဲ့သည်။ယင်းအချိန်မှစ၍ ရေလှောင် တမံတွင် ရေကူးခွင့်ကို ပိတ်ပင်ခဲ့သည်။
၉။ ဒါဗာဇာ ဓာတ်ငွေ့ပေါက်၀ (Darvaza Gas Crater)
တာ့ခ်မန်နစ္စတန် နိုင်ငံ၊ ကာရာကန် ကန္တာရအလယ်ရှိ ငရဲတံခါးဟု လူသိများသည့် ဒါဗာဇာ တွင်းပေါက်ဝကို ဆိုဗီယက် ဘူမိ ဗေဒပညာရှင်များက ၁၉၇၁ ခုနှစ်က တူးဖော်ခဲ့သည်။တူးစင်အောက်မှ မြေသားများပြိုကျခဲ့သဖြင့် မီတာ ၇၀ (ပေ ၂၃၀) အချင်း ရှိ သည့် ကျင်းကြီးတစ်ခု ကျန်ခဲ့သည်။သဘာဝဓာတ်ငွေ့များ အလျှံပယ်ထွက်နေသည့် ယင်းတွင်းပေါက်ကြီးသည် ကမ္ဘာပေါ်တွင် အနက် ရှိုင်းဆုံး တွင်းပေါက်တစ်ခုအဖြစ် ထင်ရှားခဲ့သည်။
တွင်းမှ ထွက်နေသည့် ဓာတ်ငွေ့များကို မီးရှို့ထားခဲ့သည်မှာ ဆယ်စုနှစ် လေးခုတိုင်ခဲ့ပြီဖြစ်သည်။ဆိုဗီယက်ပညာရှင်များ က ယင်းတွင်းကြီးကို တူးဖော်ခဲ့စဉ် မတော်တဆမှုတစ်ခုဖြစ်ခဲ့ရာ အဆိပ်ငွေ့များ ထွက်ရှိမလာစေရန် မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ ဒါဗာဇာ ဓာတ်ငွေ့ပေါက်၀ မှ မီးများကို မိုင်များစွာ ဝေးကွာသည့် နေရာများမှ မြင်နိုင်ကြသည်။မီးတောင်ဝ၏အနက်သည် ၉၉ ပေ ဖြစ်သည်။
၈။ ဂွာတီမာလာမြို့တော် တွင်းပေါက် (Sinkhole in Guatemala City)
ဂွာတီမာလာနိုင်ငံမြို့တော်ရှိ တွင်းပေါက်ကြီးတစ်ခုသည် ၂၀၁၀ ပြည့်နှစ် မေလတွင် သုံးထပ်စက်ရုံကြီးတစ်လုံးကို ဝါးမျို ခဲ့ကာ လူ ၁၅ ဦး ကွယ်လွန်ခဲ့ပြီး လူ ၃၀၀ ကျော်သည် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ကြရသည်။ယင်းတွင်းပေါက်ကြီးသည် ၆၅ ပေ ကျော် ကျယ်ဝန်းလျက် ပေ ၃၀၀ အနက်ရှိသည်။တွင်းပေါက်ကြီး ပြိုကျခဲ့ရခြင်းသည် အဂါသာ အပူတိုင်းမုန်တိုင်းတိုက်ခတ်မှု၊ပါကာရာ မီး တောင်ပေါက်ကွဲမှုနှင့်မြေအောက်မိလ္လာပိုက်များ ယိုစိမ့်မှုများ ကြောင့်ဖြစ်ကြောင်း ဘူမိဇလဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။
ဂွာတီမာလာနိုင်ငံမြို့တော်တွင် ၂၀၀၇ ခုနှစ်က အလားတူ တွင်းပေါက်တစ်ခုပြိုကျခဲ့ကာ ပေ ၁၀၀ နက်သည့် တွင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ဒေသခံများသည် အလားတူ တွင်းပေါက်ကြီးများဖြစ်လာမည်ကို စိုးရိမ်လျက်ရှိနေကြပြီး ဖြစ်ပေါ်ခဲ့သည့် တွင်းများ အတွင်းသို့ ရွှံ့ကွန်ကရစ်ဟု ခေါ်သည့် ဘိလပ်မြေ၊ထုံးနှင့်ရေတို့ရောစပ်ထားသည့် ဖျော်ရည်ကို လောင်းထည့်ရန် စီစဉ် ခဲ့ကြသည်။သို့သော် ပညာရှင်များက ဘိလပ်မြေများလောင်းထည့်ခြင်းသည် မြေအောက်ရေလမ်းကြောင်း ပြောင်းကာ အခြားနေရာ များတွင် တွင်ပေါက်များဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးခဲ့ပြီး ကျောက်တုံးကြီးများကို အလွှာလိုက် ထည့်သွင်းသင့် ကြောင်းအကြံ ပေးခဲ့သည်။
၇။ ဧရာမတွင်းပြာကြီး(Great Blue Hole)
ဗဟို အမေရိကအရှေ့ဘက် ကမ်းရိုးတန်းရှိ ဘယ်လ်လီဇီနိုင်ငံသည် ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။မြောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ၊တောင်ဘက်နှင့် အနောက်ဘက်တွင် ဂွါတီမာလာနိုင်ငံ နှင့် နယ်နိမိတ် ဆက်နေပြီး အရှေ့ဘက်တွင် ကာရီဘီယံ ပင်လယ်ရှိသည်။ဘယ်လ်လီဇီနိုင်ငံ၏မြို့တော်သည် ဘယ်လ်မိုပန်(Belmopan) ဖြစ်သော်လည်း အကြီးဆုံးမြို့သည် ဘယ်လ်လီဇီမြို့(Belize City) ဖြစ်သည်။
ဘယ်လ်လီဇီမှ ၄၃ မိုင်ကွာဝေးသည့် ဘယ်လ်လီဇီကမ်းလွန် မီးပြတိုက်ကျောက်တန်းတွင်ရှိသည့် တွင်းပြာကြီး သည် ၉၈၄ ပေကျယ်ဝန်း၍ ၃၅၄ ပေ နက်ရှိုင်းသည်။ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ကြည့်ရှုကြသည့် တွင်းပြာကြီးသည် ကြီးမား သော ရေအောက်တွင်းကျယ် တစ်ခုဖြစ်ပြီး ရေအောက်သက်ရှူကိရိယာဖြင့် ရေငုပ်နိုင်သည့် အကောင်းဆုံးနေရာများ အနက် တစ်ခု အပါအဝင်ဖြစ်သည်။
တွင်းပေါက်ရှိ ရေသည် ပုံဆောင်ခဲတစ်ခုအလား အံ့သြဖွယ်ကောင်းအောင် ကြည်လင်နေကာ ပင်လယ်ပြင်သဘာဝမျိုးစုံ ကို ကြည့်ရှုနိုင်သည်။ယင်းတွင်းပေါက်နေရာသည် ရေခဲခေတ် နှောက်ပိုင်း (last ice age) တွင် ထုံးကျောက် ဂူတစ်ခုဖြစ်ခဲ့ကြောင်း ပညာ ရှင်များက ပြောဆိုသည်။ယင်းတွင်းပြာကြီးသည် ကမ္ဘာ့ ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ထား သည့် ဘယ်လ်လီဇီ သန္တာကျောက်တန်း အရံအတားစနစ်နေရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
၆။ ဒိုင်ယာဗိခ် သတ္ထုတွင်း(Diavik Mine)
ကနေဒါနိုင်ငံ၊ဒိုမီနီယမ် စိန်တူးလုပ်ငန်း ကော်ပိုရေးရှင်း၏ ဒိုင်ယာဗိခ်သတ္ထုတွင်းသည် ကနေဒါနိုင်ငံတွင် စိန်ကာရက်များစွာ ထုတ်လုပ်နေသည့် အကြီးဆုံး စိန်တူးမိုင်းတွင်းဖြစ်သည်။ ဒိုင်ယာဗိခ်သတ္ထုတွင်းသည် ပေ ၆၀၀ ကျော် အနက်ရှိကာ ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံးသော တွင်းပေါက်များတွင် တစ်ခုအပါအဝင်ဖြစ်ကာ ဝန်ထမ်းအင်အား ၁၀၀၀ ကျော်ဖြင့် စိန်တူး လုပ်ငန်းများဆောင် ရွက်နေသည်။ဒိုင်ယာဗိခ်မှ နှစ်စဉ် စိန်ကာရက် ခုနစ်သန်း( ပေါင် ၃၁၀၀ ကျော်) ထုတ်လုပ်လျက်ရှိသည်။
ယင်းသတ္ထုတွင်းကို ၂၀၀၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တူးဖော်ရေး လုပ်ငန်းများစတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ မြေအောက်တူးဖော်မှုများ ဆောင်ရွက်ခဲ့သည်။ကောင်းကင်ဓာတ်ပုံများမှကြည့်လျှင်ဒိုင်ယာဗိခ်၏ ကြီးမားသော တွင်းပေါက်ကြီး နှစ်ခုကို မြင်နိုင်သည်။ ဒိုင်ယာဗိခ်သည် ကနေဒါနိုင်ငံ၏ ဝေးလံသောအနောက်မြောက်ပိုင်းနယ်မြေရှိ Lac de Gras ကျွန်းပေါ်တွင်တည်ရှိသည်။ အလွန် နက်ရှိုင်းသည့် ယင်းတွင်းမှ ၂၀၁၅ ခုနှစ်တွင် ၁၈၇ ဒသမ ၇ ကာရက် ရှိသည့် စိန်ရိုင်းတုံးကြီးကိုရရှိခဲ့ရာ ကနေဒါနိုင်ငံတွင် တူးဖော် ရရှိခဲ့သမျှ စိန်များတွင် အကြီးဆုံးဖြစ်ခဲ့သည်။
၅။ ကင်မ်ဘာလေ စိန်တွင်း(Kimberley Diamond Mine)
တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် စိန်အထွက်ဆုံးနိုင်ငံတစ်ခုအဖြစ် ထင်ရှားပြီး စိန်တွင်းများစွာရှိသည့်အနက် ကင်မ်ဘာလေ စိန်တွင်းသည် မြောက်ပိုင်းအာဖရိကအငူ ပြည်နယ်မြို့တော်တွင် တည်ရှိသည်။စိန်တွင်းသည် ဘောလုံးအားကစား ကွင်း ရှစ်ကွင်း အရွယ်၊ဧရိယာ ၄၂ ဧက ကျယ်ဝန်းကာ ကမ္ဘာပေါ်တွင် သဘာမဟုတ်ဘဲ လူများတူးဖော်သည့် တွင်းများတွင် အကြီး ဆုံးတွင်း ဖြစ်သည်။ ကင်မ်ဘာလေ စိန်တွင်းသည် တွင်းဝအကျယ် ၁၅၁၉ ပေ၊ အနက် ၇၈၇ ပေ ရှိပြီး မိုင်းတူး လုပ်သား ၅၀၀၀၀ ကျော်က တူးဖော်ခဲ့ကြသည်။
ကင်မ်ဘာလေ စိန်တွင်းကို တွင်းကျယ်ကြီးဟု ခေါ်ဆိုခဲ့ကြပြီး ၁၈၇၁ က ဖွင့်လှစ်ခဲ့ကာ ၁၉၁၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။ တစ်ချိန်က ကင်မ်ဘာလေ စိန်တွင်းတွင် ကျန်းမာရေးညီညွတ်မှုမရှိသည့် အနေအထားများ၊ ရေပြတ်လပ်မှုများ၊ အောက်ဆီဂျင် လုံ လောက်စွာ မရရှိခြင်းစသည့် အကြောင်းများကြောင့် လူများစွာ အသက်ဆုံးရှုံးခဲ့သည်။ယခုအခါတွင် ယင်းတွင်းကြီးသည် ကမ္ဘာ လှည့် ခရီးသွားများ လာရောက်လည်ပတ်ကြသည့် ခရီးသွားဒေသ တစ်ခုအဖြစ် တည်ရှိနေသည်။
၄။ မာနီစိန်တွင်း (Mirny Diamond Mine)
မာနီစိန်တွင်းသည် ရုရှနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး သတ္ထုတွင်းတစ်တွင်း ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှု ကြာရှည်စွာ မပြုလုပ်ခဲ့သည့် တွင်းပေါက်ဖြစ်သည်။မာနီစိန်တွင်းကို ၁၉၅၇ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်ပိတ်သိမ်းခဲ့သည်။ တွင်း၀ အချင်း ၃၉၀၀ ပေနှင့် အနက် ၁၇၂၂ ပေရှိသော မာနီစိန်တွင်းသည် ကမ္ဘာပေါ်တွင် စတုတ္ထ အနက်ရှိုင်းဆုံး တွင်းအဖြစ် မှတ် တမ်းဝင်ခဲ့သည်။
ဆိုက်ဘေးရီးယား အရှေ့ပိုင်း မာနီတွင် တည်ရှိသည့် ယင်းတွင်းကြီးကို ကမ္ဘာကြီး၏ ချက်နေရာဟု တင်စားခေါ်ဝေါ်ခဲ့ကြ ပြီး ကမ္ဘာပေါ်တွင် လူသားများ တူးဖော်ခဲ့သည့်တွင်းများအနက် ဒုတိယ အကြီးဆုံးဖြစ်သည်။မာနီစိန်တွင်းပေါ်ရှိ လေထုအတွင်းသို့ လေ ယာဉ်များ ဖြတ်ကျော် ပျံသန်းခြင်းကို တားမြစ်ထားသည်။တစ်ချိန်က ယင်းတွင်းပေါက်အတွင်သို့ ရဟတ်ယာဉ်တစ်စီးပျက်ကြခဲ့ရာ တွင်းပေါက်က ဆွဲငင်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ မာနီစိန်တွင်းတွင် တူးဖော်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့စဉ်က စိန်အများဆုံး ထွက် ရှိခဲ့သည့် နှစ်တွင် ကာရက် ၁၀ သန်းအထိ ရရှိခဲ့သည်။
၃။ ယူဒက်ချ်နာရာ ပိုက်တွင်း(Udachnaya Pipe Mine)
ရုရှနိုင်ငံ စိန်ကုမ္ပဏီ အယ်လ်ရိုစာ ပိုင်ဆိုင်သော ယူဒက်ချ်နာရာ တွင်းကြီးသည် ရုရှနိုင်ငံ၊ ယာကူတီရာ အနောက် ပိုင်းတွင် တည်ရှိသည်။ယင်းတွင်းကို ၁၉၅၅ ခုနှစ် ဇွန်လတွင် တွေ့ရှိခဲ့ပြီး ပေ ၁၉၇၀ ကျော် နက်ရှိုင်းသည်။ အယ်လ်ရိုစာ ကုမ္ပဏီသည် မြေ အောက် မိုင်းတွင်းကို ဖွင့်ရန် ဆောင်ရွက်ခဲ့စဉ် ၂၀၁၅ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး မူလမျက်နှာပြင်အကျယ် ၅၂၄၉ ပေမှ ၆၅၆၁ ပေ သို့ ကျယ်ပြန့်သွားခဲ့ကာ ၂၀၉၉ ပေ အထိ နက်ရှိုင်းသွားခဲ့သည်။
ယူဒက်ချ်နာရာ စိန်တွင်းမှ စိန်ရိုင်းများအပါအဝင် သတ္ထုရိုင်း တန်ချိန်သန်း ၃၅၀ ကျော် ထုတ်လုပ်နိုင်ခဲ့ရာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ဘီလီယံ ၈၀ ရှိသည်။စိန်တွင်းတွင် လုပ်ငန်းများဆောင်ရွက်ခဲ့စဉ်က သတ္ထုရိုင်းများကို တစ်နှစ်လျှင် ပျမ်းမျှ ၁၂ ဒသမ ၈ သန်း ထုတ်လုပ်ခဲ့သည်။ ယူဒက်ချ်နာရာ စိန်တွင်း၌ အရံစိန်ပေါင်း ၂၂၅ ဒသမ ၈ သန်း ကာရက်ရှိမည်ဟု ခန့်မှန်းခဲ့ပြီးနှစ်စဉ် စိန် ထုတ်လုပ်စွမ်းအားသည် ကာရက် ၁၀ ဒသမ ၄ သန်း ဖြစ်သည်။
၂။ ချူချီ ကာမတာ ကြေးနီမိုင်း(Chuquicamata Copper Mine)
ချီလီနိုင်ငံ၊ကိုဒီလ်ကို ကုမ္ပဏီက ပိုင်ဆိုင်သည့် ချူချီ ကာမတာ ကြေးနီမိုင်းသည် ဆန်တိုင်ဂို မြို့မြောက်ပိုင်းတွင် တည်ရှိ သည်။ချူချီဟု ပိုမိုထင်ရှားသည့် သတ္ထုမိုင်းကို ၁၈၈၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကြေးနီအများဆုံး ထွက်ရှိသည့် သတ္ထု တွင်းကြီးဖြစ်လာခဲ့သည်။
ချူချီသည် ပင်လယ်ရေမျက်နှာပြင်အထက် ၉၃၅၀ ပေ အထက်တွင် တည်ရှိနေကာ ပေ ၂၇၉၀ နက်ရှိုင်းသည်။ ချူချီသည် ၁၉၉၀ ပြည့်နှစ် များအထိ ကမ္ဘာပေါ်တွင် အကြီးမားဆုံး တွင်းကြီးအဖြစ် ရပ်တည်ခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် ကြေးနီလူသားဟု အမည် ပေးထားသည့် ရုပ်ကြွင်းတစ်ခုကို ချူချီမှ ရရှိခဲ့သည်။ယင်းရုပ်ကြွင်း၏ သက်တမ်းကို ခရစ်နှစ် ၅၅၀ ဟု တွက်ချက်နိုင်ခဲ့ပြီး မိုင်းအတွင်း ကျောက်တုံးများပြိုကျရာမှ ပိတ်မိပြီးသေဆုံးခဲ့သူဟု ခန့်မှန်းခဲ့ကြသည်။၁၆ ရာစုကလည်း ချူချီ မှ ကြေးဖြင့်ပြုလုပ်ထားသည့် မြင်းခွာ တစ်ခုကိုရရှိခဲ့သည်။
၁။ ဘင်ဟန် ကင်ယွန် သတ္ထုမိုင်း(Bingham Canyon Mine)
ကမ္ဘာပေါ်တွင် လူလုပ်တွင်းများအနက် အနက်ရှိုင်းဆုံးဖြစ်သည့် ဘင်ဟန်ကင်ယွန်သတ္ထုမိုင်းသည်အမေရိကန်ပြည်ထောင်စု ယူတက်ပြည်နယ်၊ အိုကွီရာတောင်တန်းတွင် တည်ရှိကာသတ္ထု တူးဖော်မှု လုပ်ငန်းများကို ၁၉၀၆ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့သည်။ ယခုအချိန်တွင် ဘင်ဟန်ကင်ယွန်တွင်းကြီးသည် နှစ်မိုင်ခွဲခန့်အထိ ကျယ်ဝန်းပြီး ၃၁၆၈ ပေနက်ကာ တွင်း၏ အကျယ်အဝန်း ဧရိယာ သည် ဧက ၁၉၀၀ ရှိသည်။
ကန်နီကော့ ကြေးနီမိုင်းဟုလည်း ထင်ရှားသည့် ဘင်ဟန်ကင်ယွန်သတ္ထုမိုင်းကို ၁၈၄၈ ခုနှစ်တွင် ဆန်းဖို့ဒ်နှင့် သောမတ်စ် ဘင်ဟန် ညီ အစ်ကို နှစ်ဦးကတွေ့ရှိခဲ့ပြီး ၁၈၆၃ ခုနှစ်တွင် ကြေးနီများစတင် ထုတ်လုပ်ခဲ့သည်။ကြေးနီမိုင်းမှ ကြေးနီတန်ချိန် ၁၇သန်း ကျော်၊ရွှေ အောင်စ ၂၃ သန်းနှင့်ငွေသတ္ထု အောင်စ သန်း ၁၉၀ကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလတွင် တန်ချိန် သန်း ၁၅၀ ရှိသည့် အပျက်အစီးများသည် မိုင်းတွင်း အတွင်းသို့ ကျရောက်ရာမှ ကြီး မားသော မြေပြိုမှု ဖြစ်ပွားခဲ့သည်။ယင်းဖြစ်ရပ်သည် လူသားများကြောင့် ဖြစ်ပွားခဲ့ရသည့် အကြီးမားဆုံး မြေပြိုမှု အဖြစ်မှတ်တမ်းဝင် ခဲ့သည်။ ယင်းအပျက်အစီးများကိုရှင်းလင်းရန် အနည်းဆုံး သုံးနှစ် အချိန်ယူရမည်ဖြစ်ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံ မဂ္ဂဇင်း
Discussion about this post