ဆွီဒင်မြို့တော် စတော့ဟုမ်းအကြောင်း သိကောင်းစရာ
စတော့ဟုမ်းမြို့ ဟာဥရောပတိုက်က ကဆွီဒင်နိုင်ငံရဲ့မြို့တော်အဖြစ် လူသိများ ထင်ရှားပြီး နိုင်ငံရဲ့ အရှေဘက် ကမ်းရိုးတန်းဒေသမှာတည်ရှိပါတယ်။ မြို့အနေအထားမှာ တော်လဆီအွန် ပင်လယ်အော်နှင့်မေလာရေအိုင်ကြီးတို့၏ကမ်းခြေနှင့် ကျွန်းငယ် ကလေးများပေါ်တွင် ကျယ်ပြန့်စွာ တည်ရှိနေသဖြင့် အလွန်လှပ လေရကား၊ စတော့ဟုမ်းမြို့ကို ကမ္ဘာ့မြောက်ပိုင်း၏ ဗင်းနစ်မြို့ လို့တင်စားခေါ်ဝေါ်ကြပါတယ်။
စတော့ဟုမ်းမြို့ ဟာ သဘာဝအလှအပတွေကြောင့် အထူးထင်ရှားပြီး ဒီမြို့မှာ ဆွီဒင်နိုင်ငံရဲ့ တတိယမြောက်အကြီးဆုံးရေကန် Lake Malaren လည်းရှိပါတယ်။ စတော့ဟုမ်းမြို့တော်ရဲ့ အဓိကအပိုင်းတွေဟာ ကျွန်းကြီးလေးကျွန်းပေါ် မှာပဲ တည်ရှိနေတာဖြစ်ပြီး ဒီကျွန်းစုတွေဟာ အစဉ်လိုက်တည်ရှိနေတာပါ။ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း စာရင်းတွေအရတော့ စတော့ဟုမ်းမြို့တော်ရဲ့ လူဦးရေ ဟာ (၉၅၀၀၀၀) ရှိပြီးမြို့တော်ရဲ့ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်သူ စုစုပေါင်းကတော့ ၁သန်းခွဲနီးပါးရှိပါတယ်။ စတော့ဟုမ်းမြို့ဟာ အကျယ်အဝန်းကတော့ ၇၃စတုရန်းမိုင် ဖြစ်ပါတယ်။
Sodermalm ကျွန်းစုပိုင်းမှာတည်ရှိ တဲ့ Skinnarviksberget အရပ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား အထူးထင်ရှားပါတယ်။ ဒီနေရာဟာ ပင်လယ်ရေပြင်ထက် ၁၇၄ ပေမြင့်ပြီး စတော့ဟုမ်းမြို့တော်နဲ့ တစ်ဆက် တည်း တည်ရှိနေတဲ့ Riddarifjarden ဒေသက သဘာဝအလှအပတွေကို ရှုမြင်ခံစား နိုင်ပါတယ်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို အေဒီ ၁၂၅၂ ခုနှစ်လောက်ကတည်းက ဆွီဒင် တော်ဝင်မှူးမတ်တစ်ဦးဖြစ်တဲ့ Birger Jarl က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော Lake Malaren ကနေ Baltic ပင်လယ်ထဲစီးဝင်နေတဲ့ နေရာ ဖြစ်တဲ့ စတော့ဟုမ်းမြို့နေရာမှာဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေစေရန်ရည်ရွယ်ချက်နဲ့ ဆည်တစ်ခုအနေနဲ့ စတင်တည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီဒေသဟာ ရေခံမြေခံကောင်းမွန်တာကြောင့် လာရောက်အခြေချသူများပြား လာခဲ့ပြီး နှစ်(၁၀၀)အတွင်းမှာ ဆွီဒင်နိုင်ငံရဲ့ အကြီးမားဆုံးသောမြို့တော် ဖြစ်လာပါတယ်။
စတော့ဟုမ်းမြို့တော်တွင်းမှာပဲ နောင်အခါ Helgeandsholmen ကျွန်းစုဆိုတဲ့နာမည်နဲ့ ကျော်ကြားလာမယ့် ရှေးဟောင်းအမွေအနှစ် များစွာရှိတဲ့ မြို့ဟောင်းတစ်ခုကို (၁၃)ရာစု အလယ်လောက်က တည်ဆောက်ခဲ့ကြဖြစ်ပါတယ်။ (၁၇)ရာစုလောက်မှာတော့ ဆွီဒင်နိုင်ငံဟာ အင်အားကြီးမားတဲ့နိုင်ငံတစ်ခု ဖြစ်လာတာနဲ့အညီ မြို့တော် စတော့ဟုမ်း ဟာ လည်းဖွံဖြိုးတိုးတက်လာပါတော့တယ်။ (၁၉)ရာစု အလယ်ပိုင်းလောက်မှာတော့ စတော့ဟုမ်းဟာ ဆွီဒင်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ စတော့ဟုမ်းရဲ့ မြို့မြေဧရိယာဟာ ဥရောပတိုက်မှာ အလျှင်အမြန် ဖွံဖြိုးတိုးတက်မှု အရှိဆုံးနေရာ ဖြစ်နေပါပြီ။ စတော့ဟုမ်းမြို့တွင်းမှာရှိတဲ့ Gamla Stan ဟာ ယခင်ကဆွီဒင်နိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ပြီးအလယ်ခေတ်ကာလက ဥရောပမှာ အလွန်ထင်ရှားတဲ့ ပြဇာတ်တွေကပြရာနေရာ ဖြစ်ပါတယ်။ဒီနေရာဟာ စတော့ဟုမ်းရဲ့ အထင်ရှားဆုံးသောလည်ပတ်စရာနေရာလည်း ဖြစ်ပြီး ရှေးဟောင်းပြဇာက်တွေအပါအဝင် ယဉ်ကျေးမှုလက်ရာ အချို့ကိုယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ Gamla Stan နဲ့ကပ်လျက်တည်ရှိနေတဲ့ Riddarholmen ကျွန်းစုဟာလည်း ထင်ရှားတဲ့ဒေသတစ်ခုဖြစ်ပြီး လာရောက်လည်ပတ်သူတွေအနေနဲ့ ဒီနေရာတွေမှာရှိတဲ့ သမိုင်းဝင်ပြတိုက်တွေကို အေးအေးလူလူ လမ်းလျောတ်ပြီး လည်ပတ်နိုင်ပါတယ်။
လူသားတွေရဲ့စိတ်အာရုံကို ကိုင်လှုပ်စေတဲ့နေရာများ၊ စားသောက် ဆိုင်များ ၊ကော်ဖီဆိုင်များ၊ အရက်ဘားများ၊ ကုန်တိုက်များစွာတည်ရှိနေတဲ့ ဒီနေရာဟာ စတော့ဟုမ်းမြို့တော်ရဲ့ အမှတ်အသားပမာဖြစ်နေတာပါ။ စတော့ဟုမ်းမှာတည်ရှိတဲ့ Royal Palace(ဘုရင့်နန်းတော်)ဟာ ဆွီဒင်နိုင်ငံရဲ့ ဘုရင် ဧကရာဇ်အဆက်ဆက် နေထိုင်ရာနေရာဖြစ်ပြီး Gamla Stan အရပ်မှာတည်ရှိပါတယ်။ ဘုရင်မင်းမြတ်ရုံးစိုက်ရာနေရာဖြစ်ပြီး တော်ဝင်မျိုးနွယ်တွေရဲ့ အခြေချနေထိုင်ရာနေရာ တရားစီရင်ရေးလုပ်ငန်းတွေ ပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။ ဒီနေရာဟာ ဆွီဒင်နိုင်ငံ ရဲ့အကောင်း၊အဆိုးမှန်သမျှကို ဝေဖန်သုံးသပ် အဖြေရှာရာနေရာဖြစ်ပြီး ဘုရင်မင်းမြတ် ရဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကို ထမ်းဆောင်ရန် ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့ ကြတာဖြစ်ပါတယ်။
Skansen ဟာ ဆွီဒင်နိုင်ငံရဲ့ ပထမဆုံးသောအမိုးဖွင့် ပြတိုက်နဲ့ တိရိစ္ဆာန်ရုံဖြစ်ပြီး စတော့ဟှမ်းမှာရှိတဲ့ Djurgarden ကျွန်းပေါ်မှာတည်ရှိပါတယ်။ ဒီပြတိုက်ကိုတော့ ဆွီဒင်နိုင်ငံသား ကျောင်းဆရာ၊ရှေးဟောင်းလေ့လာရေးပညာရှင်Artur Immanuel Hazelius(၁၈၃၃-၁၉၀၁)က ၁၈၉၁ အောက်တိုဘာ(၁၁) ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ တည်ထောင်သူရဲ့ ရည်ရွယ်ချက်ကတော့ ဆွီဒင်နိုင်ငံရဲ့ ယနေ့အချိန်လို စက်မှုဖွံဖြိုးပြီး နိုင်ငံအဖြစ်ရောက်အောင် ဘယ်လိုအဆင့်ဆင့်ဖြတ်သန်း လာခဲ့ရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ ဥရောပမှာအလွန်နာမည်ကျော်ကြားပြီး နှစ်စဉ် လာရောက်လေ့လာသူ (၁.၃)သန်းလောက်ရှိပါတယ်။
စတော့ဟုမ်းမြို့ဟာကမ္ဘာပေါ်မှာ ပန်းခြံနဲ့တွဲလျက်တည်ရှိတဲ့ ပထမဆုံးသော မြို့လည်းဖြစ်ပါတယ်။ တွဲလျက်တည်ရှိနေတဲ့ Royal National City Park ဟာအမြဲစိမ်းလန်းစိုပြေနေတာဖြစ်ပြီး ၉.၅ ကီလိုမီတာ(၆ မိုင်)လောက်ရှည်လျားပါတယ် ဒီပန်းခြံဟာ စတော့ဟုမ်းမြို့တော်ကို ပတ်လျက်တည်ရှိနေတာပါ။ ဒီပန်းခြံဟာ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တော့တွေနဲ ဆက်စပ်လျက်တည်ရှိနေတာဖြစ်ပြီး ဒီသစ်တောတွေထဲမှာတော များစွာသော သားရဲတိရိစ္ဆာန်တွေရဲ့ မျိုးစိတ်တွေ တည်ရှိနေပါတယ်။ ဒီတောတွေထဲမှာတော့ သမင်၊ ဒရယ်၊ မြေးခွေး၊ ဦးချိုပြားဆပ်၊ ရှားပါး ငှက်မျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ အခြားအင်းဆက် မျိုးစိတ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Djurgarden ကျွန်းမှာရှိတဲ့ Vas Museum မှာတော့ ပင်လယ်သတ္တဝါတွေကို သွားရောက်လေ့လာနိုင်ပါတယ်။ ဒါအပြင် ဒီပြတိုက်မှာ (၁၇)ရာစုလောက် နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောကြီး Vasa ကိုလည်း အကောင်းပတိအတိုင်း(တာဝန်ရှိသူတွေကပြန်လည် ပြုပြင်ထား)တဲ့ အတိုင်း ယင်းယာဉ်မှာ တပ်ဆင်ထားတဲ့ပစ္စည်းတွေနဲ့အတူ မြင်ရမှာပါ။ အမြောတ် (၆၄)လက် လောက်တပ်ဆင်ထားတဲ့ Vasa စစ်သဘောၤဟာ ၁၆၂၈ခုနှစ်လောက် ကတည်းကရေကြောင်းခရီးရှည်တစ်ခုအတွင်း နစ်မြုပ်ခဲ့တဲ့နာမည်ကျော်ဆွီဒင်ဘုရင်တပ်မတော် ပိုင်ရေယာဉ်လည်းဖြစ်ပါတယ်။ တရားဝင်ဖော်ပြထားချက်တွေအရတော့ Vas Museum ကို ၁၉၉၀ခုနှစ်လောက်ကစတင်ဖွင့်လှစ်ခဲ့ပြီးစိတ်ပါဝင်စားစွာနဲ့လာရောက်လေ့လာ သူအများအပြား လည်းရှိနေတာပါ။ ဒီပြတိုက်ဟာ ရှေးခေတ် မြောက်ဥရောပဒေသရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား၊ စာပေဆိုင်ရာ အမွေအနှစ်အတော်များများရှိနေပါတယ်။
စတော့ဟုမ်းမြို့တော်မှာ ပြတိုက်ပေါင်း ၁၀၀ ခန့်ရှိနေပြီး ဒီပြတိုက်တွေကို နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက် လေ့လာကြပါတယ်။ ဒီပြတိုက်တွေဟာ ကမ္ဘာတက္ကသိုလ်အသီးသီးက သုသေသန စာတမ်းပြုစု တဲ့ ကျောင်းသား/သူတွေရဲ့ ပညာသိုမီးရာ ဌာနေလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နယ်ပယ်အသီးသီးက အသိပညာရှင် အတတ်ပညာကို နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ နိုဗယ်ဆုပေးတဲ့အခမ်းအနားကိုလည်း စတော့ဟုမ်းမြို့တော်မှာ ပေးအပ်လေ့ရှိပါတယ်။ စတော့ဟုမ်းမြို့ဧရိယာရဲ့ (၃၀)ရာခိုင်နှုန်းဟာ ရေကြောင်းလမ်းနဲ့သွားလာရအောင် ပြုလုပ်ထားပြီး အခြား(၃၀%)လောက်ကတော့ စိမ်းလန်းတဲ့ပန်းခြံတွေဖြစ်အောင် ဖန်တီးထားတာပါ။
စတော့ဟုမ်းမြေအောက်မီးရထားလမ်းကိုတော့ ၁၉၅၀ လောက်ကစတင် ဖွင့်လှစ်ထားခဲ့ တာဖြစ်ပြီး မီးရထားဘူတာရုံတွေမှာ ဆင်ယင်ထားတဲ့ ရှေးအလွန်ကျတဲ့ အပြင်အဆင် တွေကြောင့် ထင်ရှားပါတယ်။ စတော့ဟုမ်းမြို့မှာတံတား (၅၇)စင်းရှိပါတယ်။ စတော့ဟုမ်းမြို့ရဲ့ အကျဉ်းဆုံးလမ်းတွေဖြစ်တဲ့ Marten Trotzigs alley ဟာ သာမန် လူခြေလှမ်း ၃၆ လှမ်းသာ သွားရပြီး (၃၅)လက်မသာ ကျယ်ပြန့်ပါတယ်။လမ်းတွေရဲ့ ကျဉ်းမြောင်းသေးသွယ်တဲ့ အနေအထားတွေက စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စတော့ဟုမ်းမြို့ဟာ ၁၉၁၂ခုနှစ်နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကနေစတင်ထင်ရှားလာတာပါ။
ဒါအပြင် ၁၉၅၆ ခုနှစ် မှာသြစတေးလျနိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း စတော့ဟုမ်းရိုးရာ တစ်ယောက်စီး မြင်းအလှပြိုင်ပွဲကို ထည့်သွင်းယှဉ်ပြိုင်စေခဲ့ တာကြောင့်လည်း တစ်မျိုးတစ်ဖုံ ကျော်ကြားလာပါသေးတယ်။ ဆောင်းတွင်းကာလ ရောက်တဲ့အခါ စတော့ဟုမ်းမြို့မှာ နေ့တာအလွန်တိုပြီး (၆)နာရီ လောက်သာ ကြာပါတယ်။ ဇွန်လကနေ ဇူလိုင်လဝက်ရောက်တဲ့အချိန်မှာတော့ ညတာဟာတိုသွားခဲ့ပြီး (၆)နာရီသာ ကြာပါတော့တယ်။ ကျန်တဲ့ (၁၈)နာရီလောက်ဟာ နေ့အချိန်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့မြို့တော်တွေထဲမှာ စတော့ဟုမ်းမြို့ဟာ အသန့်ရှင်းဆုံးဖြစ်တယ် လို့ သက်ဆိုင်ရာမှတ်တမ်းတွေ ကဖော်ပြနေပါတယ်။ ဘောလုံးအားကစားနည်းနဲ့ ဟော်ကီအားကစားနည်းကတော့ စတော့ဟုမ်းရဲ့ အဓိက လူစိတ်ဝင်မှုများတဲ့ အားကစားနည်းတွေဖြစ်ပါတယ်။ ဆောင်းရာသီရေခဲတဲ့အချိန်မှာတော့ ရေခဲပြင်တွေပေါ်မှာ စကိတ်စီးခြင်း ၊ စကီးစီးခြင်းတွေကိုပြုလုပ်လေ့ရှိကြပါတယ်။ စီးပွားရေးအနေနဲ့ကတော့ အင်ဂျင်စက်၊ တံတား၊ သင်္ဘောစသော သံထည်ပစ္စည်းများ၊ စက္ကူနှင့် အစားအသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သဖြင့် ထိုလုပ်ငန်း ရပ်များဆိုင်ရာ စက်ရုံများကိုလည်း စတော့ဟုမ်းမြို့မှာ မြင်တွေ့နိုင်ပါတယ်။
အောက်က ၂မိနစ်စာ ဗီဒီယိုလေးကိုကြည့်ပြီး စတော့ဟုမ်းကို ခဏတဖြုတ်သွားလည်လိုက်ပါဦး 🙂
Discussion about this post