ကမ္ဘာရဲ့တောင်ဘက်အစွန်ဆုံးမှာတည်ရှိတဲ့ တောင်ဘက်အကျဆုံးမြို့ဆိုတာနဲ့ အများစု သိကြတာကတော့ အာဂျင်တီးနားနိုင်ငံက အူဆွိုင်းယား Ushuaia မြို့ဖြစ်ပါတယ်။ Beagle ရေလက်ကြားမှာတည်ရှိတဲ့ ဒီမြို့ကို ၁၈၈၄ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လူဦးရေ ၆သောင်းနီးပါးနေထိုင်တဲ့ မြို့လည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကမ္ဘာ့တောင်ဘက်အကျဆုံးမြို့ဟာ Ushuaia မဟုတ်တော့ပါဘူး။ အကြောင်းကတော့ Ushuaia ထက် တောင်ဘက်ပိုကျတဲ့ Puerto Williams ကို မြို့အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့်ပါ။
ဒါကြောင့် ပွာတိုဝီလျံ Puerto Williams ဟာ တောင်ဘက်အကျဆုံးမြို့ဖြစ်သွားပါတယ်။ သူ့ကို ကမာ့္ဘကုန်းမြေအဆုံးကမြို့လို့လည်းခေါ်ကြပါတယ်။ Puerto Williams ကတော့ ချီလီရဲ့မြို့တစ်မြို့ဖြစ်ပြီး Beagle ရေလက်ကြား နာဗာရီနိုကျွန်းပေါ်မှာ တည်ရှိပါတယ်။ တချိန်ကတော့ ချီလီနိုင်ငံ တောင်ပိုင်းဟာ Yahgan တိုင်းရင်းသားတွေရဲ့နယ်မြေဖြစ်ပါတယ်။ ဥရောပသားတွေဟာ ၁၆ရာစုမှာ ဒီနယ်မြေကိုရောက်ခဲ့ပေမယ့် သိပ်စိတ်ဝင်စားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ၁၉ရာစုအရောက်မှာတော့ ဒီနယ်မြေမှာ ရွှေထွက်တာကို သိရှိပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရွှေရှာအဖွဲ့တွေဟာ ဒီနေရာအနှံအပြားမှာ ရွှေရှာခြင်းအလုပ်ကို လုပ်ကြပါတော့တယ်။
သူတို့ဟာ Picton, Lennox နဲ့ Nueva ကျွန်းတွေပေါ်မှာပါ ရွှေရှာခြင်းအလုပ်ကို လုပ်ခဲ့ကြပါတယ်။ ဒီလိုရှာရင်း Navarino ကျွန်းကိုပါ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ၁၉၅၃ ခုနှစ်မှာ Puerto Luisa လို့အမည်ပေးပြီး ဆိပ်ကမ်းဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ Fuerte Bulnes ချီလီခံတပ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိန်-ချီလီ နိုင်ငံရေးသမား သင်္ဘောသား John Williams Wilson ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေရာကို Puerto Williams လို့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။
အဲဒီနောက်တော့ ဒီနေရာဟာ ချီလီတပ်မတော်ရဲ့ ရေတပ်ဌာနတစ်ခုဖြစ်လာခဲ့ပါတယ်။ ၆၃၂ စတုရန်းမီတာကျယ်ဝန်းတဲ့ ရေတပ်ဆေးရုံကိုတော့ ၁၉၆၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လျှပ်စစ်မီးကိုတော့ ၂၀၀၂ ခုနှစ်မှာမှ ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ဝန်းကျင်က ဒီနေရာမှာ နေထိုင်သူနဲ့ ရေတပ်သား စုစုပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ပဲ ရှိခဲ့ပေမယ့် ဒီနေ့အချိန်မှာတော့ လူဦးရေ ၃၀၀၀ ခန့် ရှိလာခဲ့ပါပြီ။
ဒီနေရာဟာ ၂၀ ရာစုကတည်းက ခရီးသွားတွေနဲ့ သုတေသနပညာရှင်တွေ မကြာခဏလာရောက်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကတော့ တောင်အမေရိကတိုက် တောင်ဘက်အဆုံးကုန်းမြေဖြစ်တဲ့ ကိတ်ဟွန်း Cape Horn အငူကိုလာကြတာဖြစ်ပြီး ၊ သုတေသန နဲ့ သိပ္ပံပညာရှင်တွေကတော့ အာန္တာတိကတိုက်က သုတေသနစခန်းတွေဆီကို ဒီနေရာက တဆင့်သွားကြလို့ ဖြစ်ပါတယ်။ Puerto Williams နဲ့ အန္တာတိကတိုက်ရဲ့အနီးဆုံးဖြစ်တဲ့ King George ကျွန်း ရဲ့အကွာအဝေးကတော့ ၅၉၆.၅မိုင် ဖြစ်ပါတယ်။
အာန္တာတိကတိုက်ကိုသွားဖို့ Puerto Williams မှာ ခရီးသွားကုမ္ပဏီများစွာရှိနေပါတယ်။ ဒီလိုသွားတဲ့အခါမျိုးမှာ ပင်လယ်ကူးဇိမ်ခံသင်္ဘောကြီးတွေနဲ့သာမက ရွက်လှေကြီးတွေနဲ့လည်း သွားရောက်နိုင်ပါတယ်။ ကြာချိန်ကတော့ ၁၀ ရက်ကနေ ၃ပတ်လောက်အထိ ကြာနိုင်ပါတယ်။
ဒီမြို့ငယ်လေးဟာ သစ်တော တောင်တန်းတွေနဲ့ အတူ အလွန်လှပတဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပါတယ်။ လေအလွန်တိုက်လေ့ရှိပြီး အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားကာ နွေအခါတောင်မှ အပူချိန် ၁၀ ဒီဂရီဆဲစီးယပ်လောက်ပဲ ရှိတတ်ပါတယ်။ မြို့နေသူတွေရဲ့ အဓိကလုပ်ငန်းကတော့ မွေးမြူရေး နဲ့ ငါးဖမ်းခြင်းလုပ်ငန်းတွေဖြစ်ပါတယ်။
အရင်ကတော့ အန္တာတိက နဲ့ Cape Horn ကိုသွားမယ့်သူတွေသာ လာကြလေ့ရှိပေမယ့် ယနေ့အခါမှာတော့ တောင်ဘက်အကျဆုံးမြို့ ဆိုတဲ့ ဂုဏ်ပုဒ်ထပ်တိုးလာပြီဖြစ်တဲ့အတွက် လာရောက်လည်ပတ်သူ ပိုမိုများပြားလာခဲ့ပါပြီ။ ဒီနေရာမှာ စားသောက်ဆိုင် ၊ ဟိုတယ် ၊ လေဆိပ် ၊ ပြတိုက် ၊ ဆက်သွယ်ရေးစခန်း နဲ့ ခရီးသွားကုမ္ပဏီတွေ အများအပြားရှိနေပါတယ်။
Puerto Williams ရဲ့တောင်ဘက်အကျဆုံးမြို့ဆိုတာကို အာဂျင်တီးနားမီဒီယာတွေကတော့ လက်မခံပါဘူး။ သူတို့အတွက်တော့ လူဦးရေ ၃၀၀၀ ဝန်းကျင်ပဲတဲ့ Puerto Williams ဟာ မြို့တစ်မြို့မဟုတ်ပဲ သူတို့ရဲ့ Ushuaia မြို့သာ တောင်ဘက်အကျဆုံးမြို့ဖြစ်ကြောင်း ဆိုလေ့ရှိကြပါတယ်။
Discussion about this post