မီးတောင်တစ်တောင်ကို အဝေးကကြည့်ပြီး သိပ်လှတာပဲလို့ တွေးဖူးကြပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မီးတောင်တွေရဲ့အလှအပကြောင့် ဘဝအမောတွေပြေခဲ့ဖူးပါတယ်။ မီးတောင်တွေဟာ သဘာဝအတိုင်းလှပနေပေမယ့်လည်း တချို့အချိန်တွေမှာလူတော်တော်များများရဲ့အသက်တွေကိုယူသွားတဲ့အထိ ပြောင်းလဲနိုင်ပါတယ်။
သာမာန်အားဖြင့်တော့ မီးတောင်တိုင်းက အန္တရာယ်မပေးတတ်ကြပါဘူး။ အခုပြောပြမယ့် မီးတောင် (၁၀)ခုကတော့ ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးမီးတောင် စာရင်းဝင်တွေပဲဖြစ်ပါတယ်။
၁၀။ ကင်မရွန်းမီးတောင် ၊ ကင်မရွန်းနိုင်ငံ
ကင်မရွန်းနိုင်ငံက ကင်မရွန်းတောင်လို့ခေါ်တဲ့ မီးတောင်ဟာဆိုရင် အနောက်ဘက် ဆာဟာရကန္တာရ နဲ့ အာဖရိက အလယ်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ Fako လို့အမည်တွင်ပြီး အာဖရိကရဲ့ လေးခုမြောက် အမြင့်ဆုံးတောင်တစ်ခုဖြစ်ပါတယ်။ ၁၈၀၀ခုနှစ်လောက်က မီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကအရမ်းပြင်းထန် ခဲ့တာကြောင့် ချော်ရည်တွေဟာ မြေပြင်ကနေ အမြင့် ၂၀၀၀မီတာ လောက်အထိရောက်အောင် ပေါက်ကွဲထွက်ခဲ့တာပါ။ ချော်ရည်စီးကြောင်းကြီးဟာ Mapanja ရွာတစ်လျှောက်စီးဆင်းခဲ့ပါတယ်။ ပေါက်ကွဲပြီးနောက်ပိုင်းလေ့လာချက်များအရ တောင်ပေါ်မှာ မီးသွေးတုံးလိုအတုံးတွေအများကြီးရှိနေတာတွေ့ခဲ့ကြပါတယ်။ ဒီအတုံးကြီးတွေ ထုထည်ကြီးမာစွာတည်ရှိနေစေတဲ့အပြင် ပြင်းထန်တဲ့ငလျင်တွေကိုဖြစ်ပေါ်စေတဲ့အစွမ်းသတ္တိတဲ့ မီးတောင်ကြီးဖြစ်ပါတယ်။
၉။ Aira Caldera, ဂျပန်နိုင်ငံ
Supervolcano လို့သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံက Aira Calderna မီးတောင်ဟာ ကမ္ဘာ့မြေဆီလွှာထဲက ကျောက်ရည်ပူ ကီလိုမီတာ ၁၀၀၀ကျော်လောက်ကို ထုတ်နိုင်စွမ်းရှိပါတယ်။ ဒီမီးတောင်ရဲ့ အန္တရာယ်ကြောင့် ကမ္ဘာ့အစိတ်အပိုင်းတချို့တောင် ပျက်စီးသွားစေနိုင်တယ်လို့ သုတေသနပညာရှင်တချို့က ခန့်မှန်းထားကြပါတယ်။ မီးတောင်ရဲ့အကျိုးသက်ရောက်မှုတွေဟာ လေထုဖိအားကို ကမောက်ကမဖြစ်စေပြီး ဖန်လုံအိမ်နိယာမဖျက်စီးမှုကို အားပေးနေပါတယ်။
ဒါ့အပြင် ပြင်းထန်တဲ့ဖိအားကြောင့် နျုကလိယားပေါက်ကွဲထွက်သလိုမျိုး ပေါက်ကွဲနိုင်ပါသေးတယ်။Aira Caldera မီးတောင်ကမ္ဘာပေါ်မှာရှိနေတာ ဘယ်လောက် အန္တရာယ်များလဲသိချင်ရင် နျူကလိယား ဗုံးတစ်လုံးပေါက်ကွဲထွက်တာကို စိတ်ကူးယဉ်ကြည့်လိုက်ရင် သိနိုင်ပါလိမ့်မယ်။
၈။ Mayon, ဖိလစ်ပိုင်နိုင်ငံ
Mayonမီးတောင်ကတော့ ဖိလစ်ပိုင်နိုင်ငံ၊ Bicol ပြည်နယ်က Albay နယ်ဘက်မှာတည်ရှိတာပဲဖြစ်ပါတယ်။ Mayon ဆိုတဲ့နာမည်ဖြစ်လာပုံက ဒဏ္ဍာရီထဲက မင်းသမီး Daragang Magayon ရဲ့နာမည်ကို အစွဲပြုပြီးပေးထားတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မီးတောင်တွေထဲက အပြင်းထန်နိုင်ဆုံး မီးတောင်ရှင်တစ်ခုဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှုများကြောင့် တောင်ရဲ့ပုံစံဟာ ကန်တော့ချွန်ပုံစံဖြစ်နေတာ အချိန်တော်တော်ကြာနေပြီဖြစ်ပါတယ်။
၁၈၁၄ခုနှစ်ကတည်းက စတင်ပြီး ပေါက်ကွဲမှုအကြိမ်ရေပေါင်း ၄၇ကြိမ်ထိအောင်ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုတိုင်းမှာ လူတွေရဲ့အသက်ပေါင်းများစွာ စတေးခံခဲ့ရပါတယ်။ မီးတောင်ပေါက်ကွဲနေစဉ်မှာ ထွက်လာတဲ့ချော်ရည်တွေဟာ မြေပြင်ပေါ်မရောက်ခင် ပေ ရာပေါင်းများစွာအထိ မြင့်တက်ပေါက်ကွဲထွက်ခဲ့ပါတယ်။ မြေပေါ်ရောက်တဲ့အခါမှာတော့ အနီးနားကရွာတွေဆီကို ပျံ့နှံသွားပြီး ပြာတွေနဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကီလိုမီတာ ၁၆၀လောက်အထိကို အမှောင်အတိ ဖုံးလွှမ်းသွားပါတော့တယ်။
၇။ Taal, ဖိလစ်ပိုင်နိုင်ငံ
Taal မီးတောင်ဟာ ဖိလစ်ပိုင်မှာပဲတည်ရှိပြီး ပေါက်ကွဲတဲ့နေရာမှာတော့ အလွန်ပြင်းထန်ပါတယ်။ မနီလာမြိုအနီးမှာတည်ရှိကာ မြို့နဲ့ ၅၀ကီလိုမီတာပဲဝေးပါတယ်။ မီးတောင်ရဲ့ အပေါ်ဘက် မြင်ကွင်းကိုကြည့်မယ်ဆိုရင် ကြီးမားတဲ့ မီးတောင်ဝကြီးကို အလယ်တည့်တည့်မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
လူပေါင်း ၅၀၀၀ ကနေ ၆၀၀၀အထိသေဆုံးစေခဲ့တဲ့မီးတောင်ဖြစ်တာကြောင့် သေမင်းတံခါးဝလို့ခေါ်ဝေါ်ရလောက်အောင်ကို အန္တရာယ်များတဲ့ မီးတောင်တစ်ခုဖြစ်ပါတယ်။ မီးတောင်ရဲ့ခေါင်းပေါက်ပေါ်မှာ သဘာဝအတိုင်းဖြစ်နေတဲ့ ရေကန်တစ်ခုလဲရှိနေပါတယ်။Taal မီးတောင်ဟာစုစုပေါင်း အကြိမ်ရေ ၃၃ကြိမ်ခန့်ပေါက်ကွဲခဲ့ပြီးဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယ active အဖြစ်ဆုံး မီးတောင်တစ်ခုပဲဖြစ်ပါတယ်။
၆။ Nevado del Ruiz, ကိုလံဘီယာနိုင်ငံ
Nevado del Ruiz မီးတောင်ဟာ ချော်ရည်၊ မီးတောင်ပြာ အများအပြားနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး ကိုလံဘီယာနိုင်ငံရဲ့ Caldas နဲ့ Tolima နယ်တွေရဲ့အစပ်မှာ တည်ရှိနေပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ မီးတောင်တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့အန္တရာယ်ကတော့ “pyroclastic flows” လို့ခေါ်တဲ့ လေပူတွေနဲ့ မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်လာတဲ့ အငွေ့အသက်တွေဟာ လူနေမှုပတ်ဝန်းကျင်မှာပျံ့နှံနေတာ နှစ်ပေါင်းကြာနေတာကြောင့်ဖြစ်ပါတယ်။
၁၉၈၅ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၅၀၀၀ကျော်သေဆုံးခဲ့ပြီး အနီးနားက Armero ရဲ့မြို့တွေပျက်ဆီးခဲ့ရပါတယ်။ Nevado del Ruiz မီးတောင်က ထွက်နေတဲ့ အဆိပ်ငွေ့တွေဟာ သေဆုံးမှုတွေရဲ့ သမိုင်းဝင်အငွေ့အသက်တွေပဲဖြစ်ပါတယ်။
၅။ Mount Pelée, ပြင်သစ်နိုင်ငံ
ပြင်သစ်နိုင်ငံ Martinique ဒေသရဲ့ မြောက်ဘက်အဆုံးမှာတည်ရှိတဲ့ Mount Pelée မီးတောင်ဟာ ယခုအခါ သိပ်Active မဖြစ်တော့ပေမယ့်လည်း အနီးနားပတ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဟာ မီးတောင်ရဲ့ ယခင်ပေါက်ကွဲမှုတွေကြောင့်ဆိုတာ သက်သေတည်နေပါတယ်။ Mount Pelée မီးတောင်ဟာ ၂၀ရာစုမှာ မီးတောင်ပေါက်ကွဲမှုကြောင့် သတ်မှတ်ခဲ့တဲ့ အန္တရာယ်ရှိဆုံး မီးတောင်စာရင်းရဲ့ အောက်ဆုံးကိုရောက်ခဲ့ပါတယ်။
မီးတောင်တွေရဲ့ပုံစံဖြစ်တဲ့ ကန်တော့ပုံသဏ္ဍာန်မီးတောင်တစ်ခုဖြစ်ပြီး ချော်ရည်တွေဖွဲ့စည်းမှုအတိုင်း တည်ရှိနေပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကဆိုရင် Saint-Pierre တစ်မြို့လုံးကို ရစရာမရှိအောင်ပျက်စီးသွားစေတဲ့အပြင် လူပေါင်း ၃၀၀၀၀ကျော်ရဲ့ အသက်တွေပေးခဲ့ရပါတယ်။ ၎င်းရဲ့အလွန်ပူလောင်လှတဲ့ ဓာတ်ငွေ့တွေနဲ့ မီးတောင်ချော်ရည်တွေကို ရှောင်ရှားဖို့ခက်ခဲလွန်းလှတာကြောင့်ဖြစ်ပါတယ်။
၄။ Michoacan-Guanajuato, မက္ကဆီကိုနိုင်ငံ
Michoacan-Guanajuato မီးတောင်ဝရဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ တောင်ကြီးဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ပုံစံပေါ်နေပါတယ်။မက္ကဆီကိုနိုင်ငံရဲ့အလယ်တည့်တည့် မှာတည်ရှိပြီး ဧရိယာအားဖြင့်၂၀၀ကီလိုမီတာခန့်ရှိပါတယ်။ တောင်ဧရိယာတစ်ခုလုံးကတော့ မီးသွေးခဲကြီးလိုမဲနက်နေပါတယ်။
ပထမဆုံးအကြိမ်အနေနဲ့ ၁၇၅၆ခုနှစ်မှာ ပေါက်ကွဲခဲ့ပြီး နောက်ပိုင်းဆက်တိုက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။မြောက်ဘက်မှ အနောက်ဘက်သို့ စီးဆင်းနေတဲ့ ချော်ရည်စီးကြောင်းတွေအခုထိရှိနေတုန်းပါပဲ။ ပေါက်ကွဲမှုတွေကတော့ ၁၉၄၃ ခုနှစ်ကနေ ၁၉၅၂အတွင်းပေါ်ပေါက်ခဲ့ပြီး အနီးနားမှာရှိတဲ့ရွာတွေကို ချော်ရည်စီးကြောင်းက ဝါးမြိုသွားခဲ့ပါတယ်။
၃။ Mount Vesuvius , အီတလီ
ဗီဆူးဗီးယပ်မီးတောင်သည် ကမ္ဘာ ပေါ်တွင် အထင်ရှားဆုံးသော မီးတောင်တစ်ခုဖြစ်ပြီး ဥရောပတိုက်၏ တစ်လုံးတည်း သော မီးရှင်တောင် ဖြစ်ပါတယ်။ အီတလီနိုင်ငံ နေပယ်ပင်လယ်အော်ပေါ်တွင် တည်ရှိပြီး နေပယ်မြို့မှ အရှေ့တောင်ဘက် ၇ မိုင်ခန့် ကွာဝေးပါတယ်။ အကြိမ်ကြိမ်ပေါက်ကွဲခဲ့ဖူးတဲ့ မီးတောင်ကြီးဖြစ်ပါတယ်။ အေဒီ ၇၉ ခုနှစ်မတိုင်ခင်အထိ ဒီတောင်ကို မီးတောင်ဟု မသိကြပဲ သာမန်တောင်တစ်ခုလို့ပဲ ထင်ခဲ့ကြပါတယ်။ အေဒီ ၆၃ ခုနှစ်မှစ၍ ၁၆ နှစ်လုံးလုံး အဲဒီတောင် ပတ်ဝန်းကျင်ဒေသများတွင် ငလျင်လှုပ်ခဲ့ပြီးနောက် ၇၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မီးတောင်အကြီးအကျယ် ပေါက်ကွဲ ခဲ့ရာ၊ ဟာကျူလေနီယမ်၊ ပွန်ပီ နှင့် စတာဗီယေးမြို့တို့သည် ပြာနှင့် ချော်များအောက်တွင် နစ်မြုပ်သွားတဲ့အထိ အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။
အေဒီ ၄၇၂ ခုနှစ်တွင်လည်း မီးတောင်ဝမှ ပြာများ အကြီးအကျယ် လွင့်တက်ပြန်ရာ ကွန်စတန်တီနိုပယ်မြို့တိုင်အောင်ပင် ပြားများ ရောက်သည်ဟု ဆိုကြပါတယ်။ ၁၆၃၁ ခုနှစ်တွင် ချော်ရည်များ နှင့် ရေပူများသည် တောင်ခြေရင်းသို့ စီးဆင်းကျလာသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရွာများမှ လူပေါင်း ၁၈ဝဝဝ ခန့် သေခဲ့ရဖူးပါတယ်။ ၁၇၉၄ ခုနှစ်၊ ၁၈၂၂ ခုနှစ်၊ ၁၈၅၅ ခုနှစ်၊ ၁၈၇၂ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်၊ ၁၈၉၅ ခုနှစ်၊ ၁၉ဝ၆ ခုနှစ်၊ ၁၉၂၉ ခုနှစ်၊ ၁၉၄၄ ခုနှစ်များတွင်လည်း မီးတောင်ပေါက်ကွဲ ခဲ့ရာ ၁၉ဝ၆ ခုနှစ်တွင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး မြို့ ရွာ နှင့် လူပေါင်းများစွာ သေကြေခဲ့ရပြန်ပါတယ်။
ဗီဆူးဗီးယပ်မီးတောင်ကြီးသည် ယင်းသို့ အကြိမ်ကြိမ် ပေါက်ကွဲ၍ ပတ်ဝန်းကျင်ဒေသများကို ဒုက္ခပေးခဲ့ပေမယ့် ဒီ တောင်ခြေရင်းနှင့် အောက်ဘက်တောင်စောင်းများက မြေဩဇာကောင်း၍ စပျစ်ခြံလုပ်ငန်းအလွန်ဖြစ်ထွန်းသောကြောင့် လူများဆက်လက်နေထိုင်ကြတုန်းပါ။ ဒါပေမယ့် မီးတောင်မှ မီးခိုး ထွက်တဲ့ အရိပ်အကဲကြည့်ကာ တထိတ်ထိတ်နှင့် နေထိုင်ကြရခြင်း ဖြစ်ပါတယ်။
၂။ Krakatao, Indonesia
Krakatao မီးတောင်ဟာ အင်ဒိုနီးရှား ပင်လယ်ရေပိုင်နက်ဖြစ်တဲ့ ဂျားဘားကျွန်းနဲ့ ဆူမားတြားကျွန်းကြားမှာတည်ရှိပါတယ်။ ၁၈၈၃ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဟာဆိုရင် အနီးနားကလူတွေဘယ်တော့မှ မမေ့နိုင်အောင်ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ အသံဟာဆို နျူကလိယားဗုံးပေါက်ကွဲမှုအတိုင်း အကြိမ်များစွာပေါ်ပေါက်လာပြီး World War II မှာ ကျဲခဲ့တဲ့ Hiroshima ဗုံးသံနဲ့တောင်သွားတူနေတယ်လို့ဆိုပါတယ်။ ဒီပေါက်ကွဲသံတွေကို ၄၈၀၀ကီလိုမီတာ အကွာအဝေးကနေတောင်ကြားရပါတယ်တဲ့။ Krakatao မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီမုန်တိုင်းကြောင့် လူပေါင်း ၃၅၀၀၀ကျော်သေဆုံးခဲ့ရပါတယ်။
၁။ Mount Tambora, Indonesia
အန္တရာယ်အများဆုံးမီးတောင်တစ်ခုဖြစ်တဲ့ Mount Tambora ဟာ အင်ဒိုနီးရှားနိုင်ငံ Lesser Sunda ကျွန်းပေါ်မှာတည်ရှိပါတယ်။ အင်ဒိုနီးရှားကျွန်းစုမှာ အမြင့်ဆုံးတောင်တစ်ခုလည်းဖြစ်ပါတယ်။ ပေါက်ကွဲမှုပေါ်ပေါက်ခဲ့တဲ့ ကာလကတော့ ၁၈၁၅ခုနှစ်မှာဖြစ်ပြီး ကီလိုမီတာ ၂၀၀၀ အကွာကနေတောင် ပေါက်ကွဲသံတွေကြောက်စရာကောင်းအောင်ကြားခဲ့ရပါတယ်။
ဒါ့အပြင် လူပေါင်း ၇၁၀၀၀လောက်သေဆုံးခဲ့ပြီး အဲ့ဒီထဲက ၁၂၀၀၀ခန့်ကတော့ ချက်ချင်းဆိုသလိုသေဆုံးခဲ့ကြတာပါ။ မီးတောင်ပေါက်ကွဲမှုကထွက်ပေါ်လာတဲ့ ပြာတွေရဲ့ ကြောက်စရာကောင်းတဲ့ရလဒ်ကတော့ အနီးနားမှာရှိတဲ့ရွာတွေက နေထိုင်သူတွေကိုရောဂါတွေနဲ့အတူ သေဆုံးခြင်းတွေ ဖြစ်ပေါ်စေတော့တာပါပဲ။
သုတဇုန်
Discussion about this post