ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံ ကရင်မ်လင်နန်းတော်အနီးမှာထားရှိတဲ့ Tsar ခေါင်းလောင်းကြီးဖြစ်ပါတယ်။ သူ့ကို Tsrasky Kolokol, Royal Bell အစရှိသဖြင့် ခေါ်ကြပါသေးတယ်။ တတိယမြောက် Tsar ခေါင်းလောင်းလို့လည်းခေါ်ကြပါသေးတယ်။ ဒါကတော့ ဒီခေါင်းလောင်းကြီးရဲ့ရှေ့မှာ Tsar ခေါင်းလောင်းနှစ်လုံးကို တည်ဆောက်ဖူးတဲ့အတွက်ကြောင့်ပါ။ အမြင့် ၂၀.၁ပေ ၊ အချင်း ၂၂ ပေ ရှိကာ အလေးချိန် ၂၀၂ တန်ခန့် ရှိပါတယ်။
တည်ဆောက်ခိုင်းတဲ့သူကတော့ ရုရှားအင်ပါယာတည်ထောင်သူ ပီတာသည်ဂရိတ်ရဲ့ တူမတော် ရုရှားအင်ပါယာသခင်မ Anna Ivanovna ပဲဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးကို ကမ္ဘာပေါ်က အခြားခေါင်းလောင်းများကဲ့သို့ ဘယ်တုန်းကမှ ချိတ်ဆွဲခဲ့ခြင်း မရှိခဲ့ပါဘူးတဲ့။ ထူးခြားနေတာကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၁၁တန်ခန့် အလေးချိန်ရှိပါတယ်။
ရုရှားတွေဟာ ရှေးနှစ်ပေါင်းများစွာတည်းက ခေါင်းလောင်းတွေကို တည်ဆောက်ခဲ့ပါတယ်။ အေဒီ ၁၀ရာစုခန့်တည်းက ခေါင်းလောင်းတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဘုရားကျောင်းတွေမှာချိတ်ဆွဲဖို့အသုံးပြုခဲ့တာမဟုတ်ပဲ အရေးကြီးတဲ့အခမ်းအနားတွေ ဒါမှမဟုတ် မီးလောင်တာ၊ ရန်သူဝင်တာ စတဲ့အချိန်တွေမှာ အချက်ပေးဖို့အနေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံး Tsar ခေါင်းလောင်းကို ၁၆၀၀ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အလေးချိန် ၁၈တန်ရှိပါတယ်။
ဒုတိယ Tsar ခေါင်းလောင်းကိုတော့ ၁၆၅၅ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အလေးချိန် တန် ၁၀၀ ရှိပါတယ်။ ဒီခေါင်းလောင်းနှစ်လုံးစလုံး မီးလောင်မှုကြောင့်ပျက်စီးခဲ့ရပါတယ်။ သခင်မ Anna လက်ထက်ရောက်လာတဲ့အခါမှာတော့ သူမဟာ ယခင်ခေါင်းလောင်းတွေထက် ပိုကြီးမားတဲ့ခေါင်းလောင်းကြီးကို တည်ဆောက်ချင်ခဲ့ပါတယ်။ မူလခေါင်းလောင်းထက် တန် ၁၀၀ ပိုလေးတဲ့ခေါင်းလောင်းကို တည်ဆောက်ချင်တာကြောင့် သတ္တုရည်ကြိုအတတ်ပညာထွန်းကားတဲ့ ပြင်သစ်နိုင်ငံပါရီကို လူလွှတ်ကာ ခေါင်းလောင်းကြီးတည်ဆောက်ဖို့ အကူအညီတောင်းခံစေခဲ့ပါတယ်။
ပုံမှန်ထက် အဆမတန်ကြီးမားတဲ့ အရွယ်အစားကြောင့် သွန်းလောင်းဖို့မဖြစ်နိုင်ဟု ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ခေါင်းလောင်းတည်ဆောက်ရေးဟာ နယ်ခံ သတ္တုရည်ကြိုပညာရှင်များဖြစ်တဲ့ Ivan Motorin နဲ့ သူ့ရဲ့သားဖြစ်သူ Mikhail တို့ရဲ့တာဝန်ဖြစ်လာပါတယ်။ သူတို့ကလည်း သူတို့ရဲ့ရှိထားတဲ့ အတွေ့အကြုံနဲ့ ကြေးသွန်းခေါင်းလောင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။
ခေါင်းလောင်းတည်ဆောက်မှုကို ၁၇၃၃ခုနှစ်မှာ စတင်ခဲ့ပြီး ၁၇၃၄ခုနှစ်မှာ သွန်းလောင်းဖို့ပြင်ဆင်မှုများပြီးဆုံးခဲ့ပါတယ်။ Ivanovsky Square မှာ ကြီးမားတဲ့မြေကျင်းကြီးတူးပြီး ခေါင်းလောင်းကြီးကို စတင်သွန်းလောင်းခဲ့ပါတယ်။ပထမဆုံးသွန်းလောင်းချိန်မှာတော့ နည်းစနစ်မှားယွင်းခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ခေါင်းလောင်း သွန်းလောင်းမှု မပြီးဆုံးခင် ၁၇၃၅ခုနှစ်မှာတော့ ဖခင်ဖြစ်သူ Ivan Motorin ကွယ်လွန်ခဲ့တာကြောင့် သားဖြစ်သူ Mikhail တစ်ယောက်တည်းဆက်လုပ်ခဲ့ရပါတယ်။
ဒုတိယအကြိမ် ၁၇၃၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာတော့ သွန်းလောင်းမှု အောင်မြင်ခဲ့ပါတယ်။ ၁၇၃၇ခုနှစ်မှာတော့ ခေါင်းလောင်းပေါ်မှာ နတ်သမီးရုပ်များ ၊ သူတော်စင်ရုပ်များ နဲ့ သခင်မ Anna ရဲ့ လူအရွယ်အစားအရုပ်တွေကို ပညာရှင်များကရေးထွင်း အလှဆင်ခဲ့ကြပါတယ်။ အလှအပတွေရေးခြယ်လို့ မပြီးဆုံးခင်မှာပဲ ကရင်မ်လင်နန်းတော်မှာ ပြင်းထန်တဲ့မီးလောင်မှုဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကိုထောက်ထားတဲ့ သစ်သားတိုင်တွေကို မီးလောင်တာကြောင့် ရေတွေနဲ့ ဝိုင်းပက်ကြပါတယ်။ အဲဒီအချိန်မှာပဲ အပူအအေးမညီမျှမှုကြောင့် ခေါင်းလောင်းကြီးဟာ ပဲ့ထွက်သွားပါတယ်။
အခုမြင်နေတဲ့ ၁၁လေးတဲ့အပဲ့ဟာ ဒီအကြောင်းကြောင့်ပဲ့ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကို နှစ်ပေါင်းများစွာဒီအတိုင်းပဲထားခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၁၀၀ခန့်ကြာတဲ့အချိန် ၁၈၃၆ခုနှစ်မှာမှ သွန်းလောင်းတဲ့တွင်းထဲက ထုတ်ကာ အောက်ခံခုံပေါ်ကို တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
တချို့စာတွေထဲမှာ Tsar ခေါင်းလောင်းဟာ ကမ္ဘာပေါ်မှာ အသံသာဆုံးခေါင်းလောင်းလို့ တွေ့ဖူးဖတ်ဖူးကြမှာပါ။ တချို့ကလည်း အခုမမြည်တော့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ အလွန်သာယာတဲ့အသံနဲ့ မြည်ခဲ့ဖူးတယ်လို့ ဆိုသူတွေကလည်း ဆိုကြပါတယ်။ အမေရိကန် သိပ္ပံပညာရှင်တစ်စုကလည်း Tsar ခေါင်းလောင်းကြီးရဲ့ အသံကို ဖန်တီးခဲ့ဖူးပါတယ်။ တကယ်တမ်းတော့ Tsar ခေါင်းလောင်းကြီးဟာ ဘယ်တုန်းကမှ အသံမမြည်ခဲ့ပါဘူးတဲ့။
ဒီလိုမမြည်ရတဲ့အကြောင်းကတော့ ခေါင်းလောင်းသွန်းလောင်းစဉ်မှာ နည်းစနစ်မှန်ကန်မှုမရှိခဲ့လို့ပဲဖြစ်ပါတယ်။ ခေါင်းလောင်းဘာကြောင့် အသံမမြည်ရသလဲ ဆိုတာကို ကြေးသွန်းပညာရှင် ဆရာကြီးဦးဝင်းမောင်က ပြောပြခဲ့ပါတယ်။
” ခေါင်းလောင်း တစ်လုံးကို သွန်းလုပ်တဲ့အခါ မို ( mould ) ထဲကို ကြေးရည်တွေ လောင်းထည့်တဲ့အချိန် သတ်မှတ်ချိန် အတွင်း အလျင်မီအောင် လောင်းထည့်ရပါတယ်။ ပထမလောင်းထည့်လိုက်တဲ့ ကြေးရည်တွေ အေးပြီး မခဲမီ၊ နောက်ကြေးရည်တွေကို အချိန်ကိုက် လောင်းထည့်ရပါတယ်။ ရှေ့ ကြေးရည်တွေ အေးပြီး ခဲ သွားခဲ့ရင် နောက်လောင်းထည့်တဲ့ ကြေးရည်နဲ့ အတွင်းထဲမှာ မဆက်တော့ပါဘူး။ အဲဒီလို မဆက်တော့တဲ့အခါ အတွင်းမှာအက်ကြောင်းဖြစ်ပြီး ခေါင်းလောင်းက အသံမမြည်တော့ ပါဘူး။ နောက်တစ်ချက်ကတော့ ခေါင်းလောင်းသွန်းပြီး သွားတဲ့အခါမှာ စိတ်ချရတဲ့ အချိန်တစ်ခုရောက်မှ မိုလုပ်စဉ် မံထားတဲ့ ရွှံတွေကို ခွာရပါတယ်။ အညီအမျှ မအေးမီ ခွာလိုက်ရင် ခွာလိုက်တဲ့ နေရာက အေးပြီး အပူ အအေးမျှပဲ အက်သွားပါတယ်။ အဲဒီအခါ ခေါင်းလောင်း အသံမမြည်တော့ပါဘူး။ ”
ဒါတွေကတော့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး Tsar ဇာကိုလိုကို နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တချို့ပဲဖြစ်ပါတယ်။
Discussion about this post