ကမ္ဘာပေါ်မှာ အကြီးဆုံးကြာပင်ကတော့ Victoria amazonica ဖြစ်ပြီး ကြာမျိုးနွယ်စုတွေထဲမှာတော့ အကြီးဆုံးဖြစ်ပါတယ်။ ဒီကြာပင်ကြီးတွေကို ၁၈၀၁ခုနှစ်တုန်းက ဘိုလီးဗီးယားနိုင်ငံမှာ ပထမဆုံး ရှာတွေ့ခဲ့ကြပါတယ်။ တောင်အမေရိက အမေဇုန်မြစ်ဝှမ်းမှာတော့ အလွန်ပေါများစွာ တွေ့ရတတ်ပါတယ်။ တောင်အမေရိကတိုက်၊ အပူပိုင်း အမေဇုန် မြစ်ချောင်းများ၊ ကန်ကြီးများ၊ အိုင်ကြီးများရဲ့ ရေတိမ်ပိုင်းမှာ ပေါက်လေ့ရှိပါတယ်။
ဒီကြာပင်ကြီးတွေရဲ့ ကြာပန်းဟာ ဂွာရာနာ နိုင်ငံရဲ့ အထိမ်းအမှတ် ပန်းပွင့်လည်းဖြစ်ပါတယ်။ ဒီကြာပင်ကြီးတွေ နာမည်ကြီးရငခြင်း အကြောင်းကတော့ သူ့ရဲ့ကြီးမားဝိုင်းစက်တဲ့ ကြာရွက်တွေကြောင့် ဖြစ်ပါတယ်။ ဒီကြာအမျိုးအစားကို အမေဇုန်ကြာ ၊ ဝိတိုရိယကြာ ၊ ဧရာမကြာ စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ခေါ်ဆိုကြပါတယ်။
ဒီကြာပင်ရဲ့ရေပေါ်ပေါ်နေတဲ့ ကြာရွက်တွေဟာ အချင်း ၁၀ပေ အထိရှိနိုင်ပြီး ရိုးတံကတော့ ၂၆ပေ အထိတောင် ရှည်နိုင်ပါတယ်။ လူတက်ထိုင်နိုင်တဲ့အထိတောင် ခိုင်ခန့်တဲ့ကြာရွက်ကြီးတွေဖြစ်ပါတယ်။ ဒီကြာရွက်တွေဟာ အကြီးမြန်ပြီး အစပိုင်းမှာတင် တစ်နေ့တည်းနဲ့ ၅ စတုရန်းပေ အထိကြီးထွား ပြန့်ကားနိုင်ကြပါတယ်။
အရွက်ရဲ့အောက်ဘက်မျက်နှာပြင်ကတော့ အနီရောင်ဖြစ်ပြီး အောက်ဘက်မှာတော့ ထက်မြပြီး ပုံသဏ္ဍာန်ရှုပ်ထွေးတဲ့ ကျောရိုးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျောရိုးတွေဟာ အရွက်စားငါးတွေရဲ့ရန်ကနေ အပင်ကို မထိခိုက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။
ကြာပင်ကြီးမှာပွင့်တဲ့ ကြာပန်းတွေရဲ့သက်တမ်းကတော့ အလွန်တိုပါတယ်။ ပွင့်ပြီးတဲ့အချိန်ကနေ ၄၈နာရီအထိပဲ ကြာရှည်နိုင်ပါတယ်။ ကြာပန်းရဲ့ ရနံဟာ အခြားအပင်ရဲ့ ဝတ်မှုန်တွေကို သယ်ဆောင်လာတဲ့ ပိုးတောင်မာတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဝတ်မှုန်ကူးပြောင်းပြီးတဲ့နောက်မှာတော့ ကြာပန်းဟာ ပိတ်သွားပြီး ပိုးတောင်မာတွေဟာ ထောက်ချောက်ထဲရောက်သွားပါတယ်။
နောက်တစ်နေ့ ညနေပြန်ပွင့်လာတဲ့အချိန်မှ အခြားအပွင့်တွေရှိရာကို ပျံသွားခွင့်ရကြပါတယ်။ ပွင့်ခါစည မှာ အဖြူရောင်ဖြစ်ပြီး ဒုတိယညမှာ ပန်းရောင် ပြောင်းသွားလေ့ရှိပါတယ်။ ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ ပန်းပွင့်ဟာ တဖြည်းဖြည်းအောက်ကျသွားပြီး ရေမျက်နှာပြင်နဲ့ ထိကပ်သွားပါတော့တယ်။ ပန်းပွင့်ရဲ့အရွယ်အစားကတော့ အချင်း ၁၅လက်မခန့် ရှိနိုင်ပါတယ်။
အပင်ရဲ့နာမည်ကို Victoria ဖြစ်နေရခြင်းကတော့ ၁၈၃၇ခုနှစ်မှာ အင်္ဂလိပ်ရုက္ခဗေဒပညာရှင် John Lindley က ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၅၀မှာတော့ ဂျာမန်ရုက္ခဗေဒပညာရှင် Poeppig က အမေဇုန်ကအပင်ဖြစ်တဲ့အတွက် Amazonica လို့ ထပ်ပေးပါတယ်။ ဒါကို Lindley က ငြင်းခဲ့ပေမယ့် ၂၀ ရာစုမှာတော့ နှစ်မျိုးလုံးကိုတွဲပြီး ဒီကြာပင်ရဲ့နာမည်ကို Victoria amazonica ရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခေါ်လာကြပါတော့တယ်။
Victoria amazonica ကို အဆင့်အတန်းမြင့်တဲ့ အပင်အဖြစ်သတ်မှတ်ထားပြီး တန်ဖိုးထားလေ့ရှိကြပါတယ်။ အစေ့ကိုတော့ အကင်တွေနဲ့အတူ အစားအစာအဖြစ် စားသုံးကြပါတယ်။ ယခုအခါမှာတော့ ဒီကြာပင်ကြီးတွေကို နိုင်ငံအများစုက အပန်းဖြေနေရာတွေ ၊ ပန်းခြံတွေ နဲ့ ဟိုတယ်ကြီးတွေမှာ အလှအပအနေနဲ့ စိုက်ပျိုးထားရှိလာကြပါပြီ။
မူရင်းဒေသ အမေဇုန်မြစ်ဝှမ်းနဲ့ အမေဇုန် မိုးသစ်တောရဲ့ ရာသီဥတုပြောင်းလဲမှု နဲ့ ပျက်စီးမှုတွေဟာ ဒီကြာပင်တွေကို တဖြည်းဖြည်းလျော့နည်းလာစေပါတယ်။ ဒါကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာ့အကြီးဆုံးကြာပွင့်ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။
VIDEO
သုတဇုန်
Discussion about this post