Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း (သို့) ဂျာဗားကျွန်းမှ ကမ္ဘာ့အမွေအနှစ်တစ်ခု

by Thutamm
August 15, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း (သို့) ဂျာဗားကျွန်းမှ ကမ္ဘာ့အမွေအနှစ်တစ်ခု
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတအလင်း မဂ္ဂဇင်း)

ကမ္ဘာပေါ်တွင် အစ္စလာမ် ဘာသာဝင်များ အများဆုံးနေထိုင်လျက်ရှိသော နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ကမ္ဘာကျော် ဗုဒ္ဓ ဘာသာ ရှေးဟောင်းကျောင်းတော်ကြီးတစ်ခု တည်ရှိနေသည်။ယင်းသမိုင်းဝင် အဆောက်အုံကြီးသည် ဗောရောဗုဓ (Borobudur ) ဟု ထင်ရှားပြီး ကိုးရာစုက တည်ဆောက်ခဲ့သည့် မဟာယန ဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်သည်။

ဗောရောဗုဓ သည် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်ပြီးအင်ဒိုနီးရှားနိုင်ငံ၊ဂျာဗား အလယ်ပိုင်း၊မေဂျလန်တွင် တည်ရှိကာ ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံများအနက်တစ်ခုအပါအဝင်ဖြစ်သည်။ တစ်ဘက်လျှင် ၃၈၆ ပေစီရှိသည့် လေးထောင့်ပန္နက်ပေါ်တွင် တည်ထားသည့် ဗောရောဗုဓတွင် စတုရန်းပုံ အဆင့် ခြောက်ဆင့်နှင့် အဝိုင်းပုံအဆင့်သုံးဆင့်တည် ဆောက်ထားကာ အဆာက်အအုံ၏ ထိပ်အလယ်ပိုင်းကို အမိုးခုံးတစ်ခုဖြင့် အုပ်မိုးထားသည်။ ယင်းအဆောက်အအုံကြီးကို ရုပ်ကြွ များရှိသည့် အကွက်ပေါင်း ၂၆၇၂ ခုနှင့် ဗုဒ္ဓဆင်းတု ၅၀၄ ခု ဖြင့် အလှဆင်ထားသည်။ အဆောက်အအုံအလယ်ရှိ အမိုးခုံးပတ်လည်ရှိ အပေါက်များတွင် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် ၇၂ ဆူရှိသည်။

ဗောရောဗုဓကို ဆေးလင်ဒြာမင်းဆက်၊ အေဒီ ကိုးရာစုတွင် ဂျာဗာဗုဒ္ဓဘာသာ ဗိသုကာပုံစံအတိုင်း တည်ဆောက်ခဲ့ရာ အင်ဒို နီးရှားဒေသခံများ ဘိုးဘွားစဉ်ဆက် ရှိခိုးပူဇော်ခဲ့သည့် ယုံကြည်ကိုးကွယ်မှုများနှင့် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်စံဝင်မှုတို့ကိုရောယှက် ပုံဖော်ထားသည်။ထို့အတူ ဗောရောဗုဓ ဗိသုကာပုံစံများတွင် ဂုပ(္တGupta) ခေတ် အနုလက်ရာများ၏ သြဇာသက်ရောက်မှုများ ပေါ် လွင်နေကာ အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးနေပုံကို မြင်နိုင်ကြသည်။

ဗောရောဗုဓသည် ဗုဒ္ဓဘာသာဆိုင်ရာ ဝတ်ပြုဆောင်တစ်ခုဖြစ်သကဲ့သို့ ဘုရားဖူးများ လာရောက်လည်ပတ်ကြသည့် နေရာ တစ်ခုလည်းဖြစ်သည်။ဘုရားဖူးများသည် ဗောရောဗုဓ၏ အောက်ခြေမှစ၍ အဆောက်အအုံကို ပတ်၍ အပေါ်အဆင့်သုံးဆင့်သို့ တက်ရောက်နိုင်သည်။ယင်းအဆင့်သုံးဆင့်သည် ဗုဒ္ဓဘာသာ စကြာဝဠာ သီအိုရီအရ ကာမဘုံ၊ ရူပဘုံနှင့် အရူပဘုံတို့ကို ရည်ညွှန်း သည်။ ဗောရောဗုဓပေါ်သို့ တက်ရောက်သည့် လမ်းများတွင် ကျယ်ဝန်းသည့် လှေကားထစ်များနှင့် ဝရံတာများရှိကာ လမ်းတစ် လျောက် နံရံပေါက်များ နှင့် လက်ရန်းများတွင် ဗုဒ္ဓဆင်းတု ၁၄၆၀ ထည့်သွင်း ထုလုပ်ထားသည်။

သမိုင်းနောက်ခံ

ဗောရောဗုဓကို အေဒီ ကိုးရာစုတွင် တည်ဆောက်ခဲ့သော်လည်း အေဒီ၁၄ ရာစုတွင် ဂျာဗာ၌ ဟိန္ဒူဘုရင် အုပ်ချုပ်မှုများ ဆုတ်ယုတ်ခဲ့ပြီး အစ္စလာမ်ဘာသာလွှမ်းမိုးလာချိန်တွင် စွန့်ပယ်ထားခြင်းခံခဲ့ရသည်။နှစ်ပေါင်းများစွာတိမ်မြုပ်နေသည့် ဗောရော ဗုဓအား ဂျာဗာကို အုပ်ချုပ်ခဲ့သူ ဗြိတိသျှလူမျိုး ဆာသောမတ်စ်စတန်းဖို့ဒ် ရက်ဖယ်လ်က ၁၈၁၄ ခုနှစ်တွင် ကမ္ဘာက သိရှိအောင် ဖော်ထုတ်ခဲ့သည်။

ထိုအချိန်မှစ၍ ဗောရောဗုဓကို ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ခဲ့ကာ ၁၉၇၅ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရနှင့် ယူနက်စ်ကိုအဖွဲ့တို့ ပူးပေါင်းလျက် အကြီးမားဆုံး ပြင်ဆင် မွမ်းမံမှုများကို ဆောင်ရွက်ခဲ့သည်။ ဗောရောဗုဓ ကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၊ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့(UNESCO) က ကမ္ဘာ့ အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

ဗောရောဗုဓသည် အင်ဒိုးနီးရှားနိုင်ငံတွင် ခရီးသွားများ အများဆုံး လာရောက်လည်ပတ်သည့်နေရာဖြစ်ပြီး အင်ဒိုနီးရှားရှိ ဗုဒ္ဓ ဘာသာဝင်များသည် ဗောရောဗုဓတွင် တစ်နှစ်လျှင် တစ်ကြိမ် Vesak ပွဲတော်ကို ကျင်းပကြသည်။
အဗောရောဗုဓ အပါအဝင် အင်ဒိုနီးရှားရှိ ရှေးဟောင်း အဆောက်အအုံများ၏ အမည်နာမ ရင်းမြစ်ကို ရှင်းလင်းစွာ မသိရှိကြ သော်လည်း ဗောရောဗုဓ ဟူသည့် အမည်ကို ဆာသောမတ်စ်ရက်ဖယ်လ်က သူ၏ ဂျာဗာသမိုင်းစာအုပ်တွင် ပထမဆုံးဖော်ပြခဲ့သည်။

စာရေးသူက ယင်းအဆောက်အအုံကို ဗောရောဗုဓ ဟုအမည်တပ်၍ သုံးစွဲခဲ့သော်လည်း ယင်းအမည်ကို အစောပိုင်း သုံးစွဲခဲ့သည့် အထောက်အထားများ မရှိခဲ့ချေ။သို့သော် ဗောရောဗုဓ သည် တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသော ဗုဒ္ဓဝိဟာရ ကျောင်းဟု အဓိပ္ပာယ်ရှိသည်ဟု ဆိုကြသည်။

တည်နေရာ

ဗုဒ္ဓရုပ်ကြွများကို တစ်နေရာတည်းတွင် စုစည်းထားသည့် အကြီးမားဆုံး အဆောက်အအုံဖြစ်သည့် ဗောရောဗုဓ သည် ယိုဂျာကာတာမှ အနောက်မြောက်သို့ ၂၅ မိုင်ကွာဝေးကာ ဆူရာကာတာမှ အနောက်သို့ ၅၃ မိုင်ကွာလှမ်းသည်။မီးတောင် နှစ်ခုနှင့် မြစ်နှစ်ခုအကြား တည်ရှိနေသည့် ဗောရောဗုဓသည် ကီဒူး လွင်ပြင်နေရာဖြစ်ပြီး ဂျာဗာဘာသာစကားအရ မြင့်မြတ်သောနေရာ ဟု ဆိုလိုသည်။ ယင်းနေရာသည် စိုက်ပျိုးရန် မြေသြဇာအထူး ကောင်းမွန်သော နေရာဖြစ်သဖြင့် ဂျာဗာဥယျာဉ်ဟု လည်း အမည်ရှိခဲ့ သည်။

၂၀ရာစု အစောပိုင်းတွင် ယင်းနေရာကို ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်စဉ် ဗုဒ္ဓဘာသာ ဆိုင်ရာ အဆောက်အအုံ သုံးခုဖြစ် သည့် ဗောရောဗုဓ၊ ပါဝန်းနှင့် မန်ဒပ်တို့ကို တွေ့ရှိခဲ့သည်။ယင်းတို့သည် မျဉ်းတစ်ဖြောင့်တည်းတည်ရှိနေကြကာ တစ်ခုနှင့် တစ်ခု မည်သို့ ဆက်စပ်နေသည်ကို အတိအကျ မသိရှိကြပါချေ။ ဗောရောဗုဓ အနီးတွင်ရှိခဲ့သည်ဟု ယူဆကြသည့် ရေကန်ဟောင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသီများ အကြား ဆွေး နွေးငြင်းခုံမှုများရှိခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဒတ်ချ် အနုပညာရှင် ဟိန္ဒူနှင့်ဗုဒ္ဓဘာသာ ဗိသုကာလက်ရာ သုတေသီ W.O.J. Nieuwenkamp က ကီဒူးလွင်ပြင်နေရာသည် တစ်ချိန်က ရေကန်တစ်ခုဖြစ်ခဲ့ပြီး ဗောရောဗုဓ သည် ရေကန်အတွင်းမျောနေသည့် ကြာပွင့်တစ်ပွင့်ကို ကိုယ်စားပြုကြောင်း တင်ပြခဲ့သည်။

ဗောရောဗုဓ အဆောက်အအုံသည် ၄၉ ပေမြင့်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၈၆၉ ပေရှိ ကျောက်သားမြေလွှာ တောင်ကုန်းပေါ်တွင် ခန်းခြောက်သွားသည့် ရေကန်ကြမ်းပြင်၌ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။၁၉၇၄ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်တွင် ဗောရောဗုဓ တည်ဆောက်ထားသည့် တောင်ကုန်းနှင့် အနီးဝန်းကျင်မှ မြေလွှာများ ကို တူးဖော်၍ အပင်ဝတ်မှုန်နှင့် မျိုးမှုန်များရှိ မရှိ စမ်းသပ်မှုများပြုလုပ်ခဲ့သည်။လေ့လာသုတေသနပြုချက်များအရ ဗောရောဗုဓ အနီး တွင် စိုက်ကွင်းများနှင့် ထန်းပင်များသာရှိခဲ့ပြီး ရေကန်မရှိခဲ့ကြောင်း ၂၀၀၅ ခုနှစ်တွင် ယူနက်စ်ကိုက ထုတ်ဝေခဲ့သည့် စာတမ်းတွင် ဖော်ပြခဲ့သည်။

တောတွင်းမှ ဗောရောဗုဓ

ဗောရောဗုဓကို မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ကြောင်း ရေးသားထားသည့် မှတ်တမ်းမှတ်ရာများ မတွေ့ရှိရသော်လည်း တည်ဆောက်ချိန်ကို ကိုးရာစုဟု ခန့်မှန်းသည်။ အလယ်ဂျာဗားတွင် ဆေးလင်ဒြာမင်းဆက်များသည် ခရစ်နှစ် ၇၆၀ မှ ၈၃၀ အထိ အုပ်စိုးခဲ့ကြပြီး ဗောရောဗုဓကို ၈၂၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း ယူဆကြသည်။ ဆေးလင်ဒြာ တို့ သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် ဟိန္ဒူများဖြစ်ကြကာ ယင်းအချိန်က ကီဒူးလွင်ပြင်နှင့် တောင်တန်းများဝန်းကျင်၌ ဟိန္ဒူနှင့်ဗုဒ္ဓ ဘာသာ အဆောက်အအုံများကို တည်ဆောက်ခဲ့ကြသည်။ ဗောရောဗုဓ ၏ အရှေ့ဘက် ခြောက်မိုင်ကျော်အကွာတွင် ဟိန္ဒူ ဘုရား ကျောင်းတစ်ခု ကို လည်း တွေ့ရှိခဲ့ရပေသည်။

ဗောရောဗုဓသည် တောတောင်အတွင်း မီးတောင်ပြာများအောက်တွင် ရာစုနှစ် အတန်ကြာ ပျောက်ကွယ်နေခဲ့ပြီး ယင်း အဆောက်အအုံကို မည်သည့် အချိန်တွင် နောက်ဆုံး အသုံးပြုခဲ့ကြောင်း မသိရှိကြချေ။ခရစ်နှစ် ၉၂၈ ခုနှစ်မှ ၁၀၀၆ ခုနှစ်အတွင်း မီဒန်မင်းဆက်တွင် မီးတောင်များပေါက်ကွဲမှုကြောင့် မြို့တော်ကို ဂျာဗားအရှေ့ပိုင်းသို့ ပြောင်းရွှေ့ခဲ့သဖြင့် ဗောရောဗုဓ သည် တစ် ဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။၁၅ ရာစုတွင် ဂျာဗားဒေသမှ လူဦးရေ အများစုသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းခဲ့ပြီးနောက် ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အအုံများသည် စွန့်ပယ်ထားခြင်းခံခဲ့ရသည်။

ဗြိတိသျှတို့သည် ဂျာဗားကို၁၈၁၁ ခုနှစ်မှ ၁၈၁၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ရာ ဘုရင်ခံချုပ် ဆာသောမတ်စ်စတန်းဖို့ဒ် ရက်ဖယ် လ်သည် ဂျာဗားသမိုင်းကို အထူးစိတ်ဝင်စားခဲ့သည်။သူသည် ဂျာဗားဒေသမှ ရှေးဟောင်းပစ္စည်းများကို စုဆောင်း၍ဒေသခံများ နှင့် ဆက်သွယ်ကာ မှတ်တမ်းများပြုစုခဲ့သည်။၁၈၁၄ ခုနှစ်တွင် ဆမ်မာရမ်သို့ ရောက်ရှိခဲ့စဉ် Bumisegoro ကျေးရွာအနီးတောနက် အတွင်း၌ကြီးမားသော အဆောက်အအုံကြီးတစ်ခုရှိနေကြောင်းသိရှိခဲ့ပြီးနောက် ဒတ်ချ် အင်ဂျင်နီယာ ကောနီးယပ်စ်ကို စေလွှတ်၍ စုံစမ်းစေခဲ့သည်။

နှစ်လအကြာတွင် ကောနီးယပ်စ်နှင့် လုပ်သား ၂၀၀ တို့သည် အပင်များကို ခုတ်ထွင်ရှင်းလင်းပြီး၊ အချို့ စိုက်ကွင်းများကို မီးရှို့လျက် မြေကြီးများကို ဖယ်ရှား၍ အဆောက်အအုံကြီးကို ဖော်ထုတ်နိုင်ခဲ့သည်။အဆောက်အအုံ ပြိုလဲသွားမည်ကို စိုးရိမ်သဖြင့် ကောနီးယပ်စ်သည် မြေကြီးများအားလုံးကို မတူးဖော်ဘဲ ပုံကြမ်းများဆွဲကာ ဆာသောမတ်စ်စတန်းဖို့ဒ် ရက်ဖယ် ထံတင်ပြခဲ့သည်။ ဗောရောဗုဓ အဆောက်အအုံတစ်ခုလုံးကို ၁၈၃၅ ခုနှစ်တွင် ဖော်ထုတ်နိုင်ခဲ့ကာ ဒတ်ချ်လူမျိုး Isidore van Kinsbergen က ကျောင်း တော်ကြီးကို ၁၈၇၂ ခုနှစ်တွင် ပထမဆုံး ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယိုးဒယားဘုရင် ချူလာလောင်ကွန်သည် ၁၈၉၆ ခုနှစ်တွင် ဂျာဗားသို့ ရောက်ရှိလာကာ ဗောရောဗုဓမှ ပန်းပုရုပ်များကို ယူ ဆောင်သွားခဲ့ရာ ရုပ်ကြွ ၃၀၊ဗုဒ္ဓရုပ်ပွားတော် ငါးဆူ၊ခြင်္သေ့ရုပ်နှစ်ခု၊တိရိစ္ဆာန်ဦးခေါင်းပါ လူရုပ်တစ်ခု၊အိန္ဒိယ လူမျိုးရုပ်ကြွများ၊ တံခါး စောင့်ဒါွရပါလ တစ်ရုပ်နှင့် မကာန်းရုပ်များပါဝင်သည်။ယခုအခါ ယင်းပစ္စည်းအများစုကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အမျိုးသား ပြတိုက် တွင်ပြသထားသည်။

ထိန်းသိမ်းပြုပြင်ရေး

ဇောရောဗုဓကို အနီးရှိ ကျောက်မိုင်းမှ မီးခိုးရင့်ရောင်andesite ကျောက် ၇၂၀၀၀ ကုဗပေ အသုံးပြု တည်ဆောက်ခဲ့သည်။ ကျောက်တုံးများကို ဖြတ်တောက်၍ အင်္ဂတေ မသုံးဘဲ ကျောက်တုံးများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက် တည်ဆောက်ခဲ့သည်။ အဆောက်အအုံတွင် အပိုင်းသုံးပိုင်းပါဝင်ကာ အောက်ခံ အဆောက်အအုံသည် ၄၀၄ ပေပတ်လည်ရှိ၍ နံရံများက ၁၃ ပေမြင့်သည်။ သည်။အပေါ်ဆုံးတွင်ရှိသည့် အမိုးခုံးသည် မြေပြင်မှ ၁၁၅ ပေမြင့်သည်။ ဗောရောဗုဓကို အရှေ့ဘက်သို့ မျက်နှာလှည့်ထားပြီး လှေကား များကို လေးဘက်တပ်ဆင်ထားကာ ခုံးပေါက် များတွင်ခြင်္သေ့ရုပ် ၃၂ ရုပ်ရှိသည်။

ဗောရောဗုဓ ထိန်းသိမ်းပြုပြင်စောင့်ရှောက်ရေးကော်မရှင်ကို ၁၉၀၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ကာ ၁၉၀၇ ခုနှစ်မှ ၁၉၁၁ ခုနှစ် အထိ လုပ်ငန်းများကို ပထမဆုံး ဆောင်ရွက်ခဲ့သည်။ကျောင်းတော်ကြီး ထိန်းသိမ်းရေးကို ဆက်လက် ဆောင်ရွက်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်းနှင့် အင်ဒိုနီးရှား အမျိုးသား တော်လှန်ရေးကာလအတွင်း ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ရပ်ဆိုင်းခဲ့ သည်။အင်ဒိုနီးရှားအစိုးရသည် ယူနက်စ်ကိုအဖွဲ့နှင့် ပူးပေါင်း၍ ဗောရောဗုဓကို ပြင်ဆင်ခဲ့ရာ ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင်ဖြစ်ပွားခဲ့သည့် မီရာပီ မီးတောင်ပေါက်ကွဲမှုသည် ဗောရောဗုဓကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။မီးတောင်ပေါက်ကွဲသဖြင့် ထွက်ရှိလာသည့် ပြာများသည် ဗောရောဗုဓပေါ်သို့ကျရောက်ခဲ့ရာ မီးတောင် ဝသည် ဗောရောဗုဓမှ ၁၇ မိုင်ကွာဝေးသော်လည်း ပြာများသည် တစ်လက်မ အထူ ရှိခဲ့သည်။ထို့ကြောင့်ဗောရောဗုဓကို နိုဝင်ဘာလ ၅ ရက်မှ ၉ ရက် အထိပိတ်ကာ သန့်ရှင်းရေး ပြုလုပ်ခဲ့ရသည်။ယူနက်စ်ကိုအဖွဲ့က အမေရိကန်ဒေါ်လာ ၃ သန်းလှူ ဒါန်း ခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်း ကီလပ်မီးတောင်ပေါက်ကွဲမှုကြောင့် ဗောရောဗုဓကို ပိတ်ထားခဲ့ရပြန်သည်။

၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ဗောရောဗုဓသည် ဘုရားဖူးများလာရောက်၍ ဘုရားဝတ်ပြုသည့် နေရာအဖြစ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။နှစ်စဉ် မေလ သို့မဟုတ် ဇွန်၏ လပြည့်ရက်တွင် ဗုဒ္ဓ ဘုရားရှင်၏ ဖွား၊ပွင့်၊စံ သုံးရပ်အထိမ်းအမှတ် Vesak ပွဲတော် ကို ကျင်းပလေ့ရှိရာ ထိုရက်သည် အင်ဒိုနီးရှားနိုင်ငံ၏တရားဝင် ရုံးပိတ်ရက်ဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဗောရောဗုဓ

ဗောရောဗုဓသည် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်ကြသည့် နေရာတစ်ခုဖြစ်လာခဲ့ကာ ၁၉၇၄ ခုနှစ်တွင် ခရီးသည် ၂၆၀ ၀၀၀ လာရောက်ခဲ့ကြသည့် အနက် ပြည်ပမှ လာရောက်သူ ၃၆ ၀၀၀ ပါဝင်ခဲ့သည်။ထိုအချိန်မှစ၍ နှစ်စဉ် လာရောက်လည်ပတ်သူဦးရေ တိုးတက်လာခဲ့ရာ ၁၉၉၀ ပြည့်နှစ်လယ်တွင် ဗောရောဗုဓသို့ခရီးသွား ၂၅ သိန်းအထိ ရောက် ရှိခဲ့သည်။

ဗောရောဗုဓသည်အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းဆု များကို ၂၀၀၄ခုနှစ်၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်များတွင် ရရှိ ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် အကြီးမားဆုံးသော ရှေးဟောင်းဗုဒ္ဓဘာသာနယ်မြေအဖြစ် စံချိန်တင်ခဲ့သည်။

ခရီးသွားလုပ်ငန်းကြောင့် ဝင်ငွေများစွာရရှိလာသည့် ဗောရောဗုဓကို အင်ဒိုနီးရှားအစိုးရက လုံခြုံရေးတင်းကြပ်စွာချထားခဲ့ သည်။ ၁၉၈၅ ခုနှစ်တွင် ဗောရောဗုဓတွင် ဗုံးကိုးလုံးပေါက်ကွဲခဲ့သဖြင့် စေတီ ကိုးခုသည် ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့သည်။ ၁၉၈၀ ပြည့် နှစ်တွင် ဗောရောဗုဓကို ဗုံးခွဲ တိုက်ခိုက်ခဲ့သဖြင့် နောက်ကွယ်မှု ကြိုးကိုင်သူ မျက်မမြင် အစ္စလာမ် တရားဟောဆရာ ကို ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင်လည်း ဗုံးကွဲမှု ဖြစ်ပွားခဲ့သဖြင့် တရားခံများကို ထောင်ဒဏ်အသီး သီးချမှတ်ခဲ့သည်။

ဗောရောဗုဓ ဝန်းကျင်နေရာများကို IS အဖွဲ့ က တိုက်ခိုက်ရန် ခြိမ်းခြောက်ခဲ့သဖြင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် ၂၀၁၄ ခုနှစ်၊သြဂုတ်လတွင် လုံခြုံရေး အထူးတင်းကျပ်ကာ ကာကွယ်မှုပြုခဲ့သည်။ CCTV ကင်မရာများတပ်ဆင်ပြီး ညဘက်များတွင်ပါ ဗောရောဗုဓဝန်းကျင်ကို ကင်းလှည့်ကာ စောင့်ရှောက်ခဲ့သည်။ ခရီးသွားလုပ်ငန်းကြောင့် ဝင်ငွေများစွာရရှိနေသည့် ဗောရောဗုဓသည ်အင်ဒိုနီးရှားနိုင်ငံ၏ အမှတ်လက္ခဏာတစ်ခုအဖြစ် ထင်ရှားလျက်ရှိရာ ရေရှည် တည်တံ့ခိုင်မြဲစေရန် သက်ဆိုင်ရာ အစိုးရနှင့် ယူနက်စ်ကိုအပါအဝင် အဖွဲ့အစည်းများက ထိန်းသိမ်း စောင့်ရှောက်လျက်ရှိနေပေသည်။

VIDEO

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Tags: buddhismworld places
Next Post
အာဖရိကတိုက်က အဖြူရောင်မြို့တော် ကာဆာဘလန်ကာ

အာဖရိကတိုက်က အဖြူရောင်မြို့တော် ကာဆာဘလန်ကာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!