လက်ရှိအချိန်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်လာတဲ့ ရုပ်တုကတော့ အိန္ဒိယနိုင်ငံက စည်းလုံးခြင်းရုပ်တု(Statue of Unity) ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နာမာဒါဒေသမှာ တည်ရှိပါတယ်။ ရုပ်တုရဲ့အမြင့်ဟာ ၅၉၇ပေ ဖြစ်တာကြောင့် ယခင်က အမြင့်ဆုံးဖြစ်တဲ့ တရုတ်က Spring Temple ရုပ်တုထက် ပေ ၂၀၀ နီးပါးပိုမြင့်ပါသေးတယ်။ ကမ္ဘာကျော် လေဘာတီရုပ်တုထက် ဆိုရင် ၂ဆ ပိုမြင့်ပါတယ်။
အိန္ဒိယ အမျိုးသား သူရဲကောင်း ဆာဒါ ဝါလာဘိုင် ပတေး ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဝါလာဘိုင် ပတေးကို ကမ္ဘာမှာတော့ လူသိနည်းပေမယ့် အိန္ဒိယနိုင်ငံအတွက်တော့ တကယ်တန်ဖိုးရှိခဲ့တဲ့ လူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံရဲ့ အကျယ်အဝန်းဖြစ်အောင် စုစည်းပေးခဲ့သူဟာ ဝါလာဘိုင် ပတေး ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ဗြိတိသျှတို့ထံက လွတ်လပ်ရေးရခဲ့တဲ့အခါ အိန္ဒိယနိုင်ငံဟာ လက်ရှိအကျယ်အဝန်းမရှိသေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါင်း ရာနဲ့ ချီကျန်ခဲ့ပါတယ်။ အင်္ဂလိပ်တို့က အဲဒီဒေသတွေကို အိန္ဒိယနဲ့ ပေါင်းလိုကပေါင်း (သို့) ပါကစ္စတန်နဲ့ပေါင်းလိုက ပေါင်း ခွင့်ပြုခဲ့ပါတယ်။ ဒါကို ပတေးက အပျော့အမာ နည်းလမ်းပေါင်းစုံသုံးပြီး အဲဒီဒေသေတွေကို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို အိန္ဒိယတည်ထောင်သူ ဖခင်ကြီးလို့ ဆိုနိုင်ပါတယ်။ အိန္ဒိယခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဂန္ဒီကို မဟတ္တမဘွဲ့ပေးကြသလို ပတေးကိုလည်း ဆာဒါး(အကြီးအကဲ) လို့ သူ့ရဲ့နာမည်ရှေ့မှာတပ်ပြီး တလေးတစား ခေါ်ဝေါ်ကြပါတယ်။
ဒီရုပ်တုကြီးဟာ နာမာဒါဆည်ရဲ့ မျက်နှာချင်းဆိုင်က ၅ဧက ခန့်ရှိတဲ့ Sadhu Bet ကျွန်းမြေ ပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး ရုပ်တုရဲ့ဘေးပတ်လည်မှာတော့ ဧက ၃၀၀၀ ခန့်ကျယ်တဲ့ လူလုပ်ရေကန်တစ်ခုကို တူးဖော်ထားပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ L&T က တာဝန်ယူကာ ၂၀၁၃ ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့မှာတော့ တည်ဆောက်ပြီးစီးခဲ့ပါတယ်။
ဒီရုပ်တုတည်ဆောက်ရေးအတွက် စုစုပေါင်း အချိန် ၅၆လ ကြာမြင့်ခဲ့ပြီး လုပ်ငန်းခွင်မှာ ကွန်ကရစ် ကုဗပေပေါင်း ၂.၆သန်း ၊ သံမဏိတန်ချိန်ပေါင်း ၅၇၀၀ ၊ သံမဏိထောက်တိုင်ပေါင်း တန်ချိန် ၁၈၅၀၀၀ နဲ့ ကြေးပြားတန်ချိန်ပေါင်း ၂၂၅၀၀၀ ကို သုံးစွဲခဲ့ရပါတယ်။ ဒီဇိုင်းကတော့ အိန္ဒိယနာမည်ကျော် ပန်းပုဆရာကြီး Ram V. Sutar ရဲ့လက်ရာဖြစ်ပါတယ်။
ရုပ်တုရဲ့ အောက်ခြေမှာတော့ ပြတိုက်အဆောက်အဦးကို ထည့်သွင်းတည်ဆောက်ထားပြီး ဒီပြတိုက်မှာ ပတေးရဲ့ အထ္ထုပတ္တိကို အများပြည်သူလေ့လာနိုင်အောင် ပြသထားပါတယ်။
ဒီရုပ်တုရဲ့ စုစုပေါင်း တည်ဆောက်မှု ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၄၂၀သန်း ဖြစ်ပါတယ်။ ပတေး ကိုဂုဏ်ပြုတာအပြင် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုယ်တိုင် ကမကထ ပြုပြီး တည်ဆောက်ခဲ့ပေမယ့် ဒေသခံတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို သာခံခဲ့ရပါတယ်။
ရုပ်တုဖွင့်ပွဲကို မိုဒီကို မလာဖို့ အကြီးအကဲတွေက လက်မှတ်ထိုးကာ ဒေသခံထောင်ပေါင်းများစွာ ဟာ ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေဒီလို စိတ်နာရခြင်းအကြောင်းကတော့ ရုပ်တုကြီး နဲ့ တာဒါ ဆရိုဗာ ဆည်တည်ဆောက်ရေးတွေကြောင့် ဒေသခံတွေရဲ့ အဓိကအားထားရာ နာမာဒါမြစ်ကြီးအပြင် သဘာဝပတ်ဝန်းကျင်တွေလည်း ပျက်စီးခဲ့ရလို့ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်ရေသန့်တွေ လုံလုံလောက်လောက် မရှိတဲ့အခြေအနေမှာ လိုအပ်ချက်တွေကို ဖြည့်စွက်ရမယ့်အစား အခုလို သန်းပေါင်း ရာချီကုန်ကျတဲ့ ရုပ်တုကို တည်ဆောက်ရပါ့မလား ဆိုတဲ့ ဝေဖန်ထောက်ပြချက်တွေ ပြင်းထန်ခဲ့ပါတယ်။
Discussion about this post