ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ဤကမ္ဘာမြေကြီး၏ မြောက်ဘက်အစွန်ဆုံးအခြမ်း၊ အလွန်အေးသောနေရာများတွင် အက်စ်ကီမိုးလူမျိုးတို့ နေထိုင်ကြသည်။ ရေခဲမှတ်အောက် အနှုတ် ၄၅ ဒီဂရီမျှအထိ အအေးချိန်ရှိနေသည့် ယင်းဒေသတွင် အက်စ်ကီမိုးတို့သည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသည်။အက်စကီမိုးတို့ သည်ရေခဲပြင်များသာရှိနေသော အရပ် ဒေသတွင်အစ်ဂလူး (Igloo) ဟုခေါ်သည့် ရေခဲအိမ် သို့မဟုတ် နှင်းခဲအိမ်များအတွင်းနေထိုင်ကာအလွန်ပြင်းထန်လှ သည့် အအေးဒဏ်ကို အံတုရင်း ဘ၀ ရှင်သန်မှုအတွက် ရပ်တည် ကြရပေသည်။ အရှေ့ဘက် ဆိုက်ဘေးရီးယားမှသည် အနောက်ဘက် ဂရင်းလန်၊အလာစကာ နှင့် ကနေဒါ နိုင်ငံအပေါ်ပိုင်းအထိ မိုင်ပေါင်း ၃၅၀၀ ကျော်ရှည်လျားသော ဝင်ရိုး စွန်းဒေသ တစ်လျောက်တွင် အက်စကီမိုးတို့၏ အိမ်များကို မြင်တွေ့နိုင်ကြပေသည်။
အက်စ်ကီမိုးတို့၏ ယဉ်ကျေးမှုသည် လွန်ခဲ့သော နှစ်ငါးထောင်လောက်ကတည်းက အလာစကာ ဒေသတွင် စတင်တည်ရှိခဲ့သည်ဟု ပညာရှင်တို့ကဆိုထားသည်။ ယင်းတို့သည် ဆိုက်ဘေးရီးယားမှ အစပြုကာ လွန်ခဲ့သော နှစ် တစ်သောင်းနှင့် တစ်သောင်း ငါးထောင်ကြားတွင် ဆင့်ကဲတိုးတက်ဖြစ်ထွန်းခဲ့သည်။အဆိုပါဒေသသို့ယနေ့ခေတ် ကိုရီးယား၊မွန်ဂိုလီးရား၊ ရုရှဒေသများမှ လူများရောက်ရှိနေထိုင်ခဲ့ကြသည်။ ကနေဒါ၊ အာတိတ်ဒေသသို့ အလာစကာမှ အက်စ်ကီမိုးများ အေဒီ ၁ ရာစုတွင် ပြောင်းရွှေ့ဝင်ရောက်လာခဲ့ကြသည်။
လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းကဝင်ရိုးစွန်းဒေသများတွင်အက်စ်ကီမိုးတို့ရောက်ရှိနေထိုင်ခဲ့ကြသည်။ အအေးပြင်းထန်လွန်းသော အဆိုပါ မြောက်ဝင်ရိုးစွန်းဒေသတွင် အက်စ်ကီမိုးတို့သည် ရှေးပဝေသဏီ ကာလများ ကတည်းကပင် အစ်ဂလူးများဖြင့် နေထိုင်ခဲ့သည် ဆိုသည့်အချက်မှာမည်သို့မျှယုံမှားသံသယမရှိနိုင်ပါချေ။ အဘယ်ကြောင့်ဆိုပါမူ အဆိုပါ ဒေသတွင် အစ်ဂလူးမှလွဲ၍ အခြားမည်သည့် အကာအရံ၊ အဆောက်အအုံ နှင့်မှ လူသားတို့ နေထိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ပေသည်။
အစ်ဂလူးများကို မည်သူက စတင်တည်ဆောက်ခဲ့သည်ကို မည်သူကမျှ တိကျစွာမပြောနိုင်သော်လည်း အပင် မရှိ၊ အရိပ်မရှိ ၊ နားခိုရာမရှိသည့် ရေခဲပြင်ဒေသသို့ လူတို့စတင်ရောက်ရှိနေထိုင်ကတည်းက ရေခဲအိမ်များရှိနေမည်မှာ သေချာလှပေသည်။ ယခုခေတ်အထိတိုင် သစ်မရှိ၊ သံမရှိ ၊ ဆောက်လုပ်ရေးပစ္စည်းဆို၍ မည်သည့်အရာမှမရှိသည့် အရပ် ဒေသတွင် ရေခဲကို အိမ်ဆောက်နေရန်မှတစ်ပါး အခြားနည်းမရှိနိုင်ပါပြီ။ အစ်ဂလူးများကို ယေဘုယျအားဖြင့် အရွယ်အစား သုံးမျိုးတွေ့ရှိနိုင်သည်။
၁၊ အသေးငယ်ဆုံးအစ်ဂလူးများကို တစ်ည၊ နှစ်ညတာ ယာယီ နေထိုင်နိုင်ရန် ဆောက်လုပ်ခြင်းဖြစ်ပြီး အမဲလိုက်သည့် အချိန်များတွင် အများဆုံး အသုံးပြုကြသည်။ ရေခဲနေသည့် ပင်လယ်ပြင်ပေါ်တွင်အမဲလိုက်ရင်းတစ်ထောက်နားခိုရန် ဆောက်လုပ်လေ့ရှိကြသည်။
၂၊ အတန်အသင့် ကျယ်ဝန်းသော အလတ်စား အစ်ဂလူးများကို မိသားစု တစ်စု ၊ နှစ်စုမျှနေနိုင်အောင် ဆောက်လုပ် ကြသည်။အိပ်ခန်းတစ်ခန်းသာပါလေ့ရှိပြီး မကျယ်ဝန်းသော ဧရိယာ တစ်ခုအတွင်း အရွယ်တော် အစ်ဂလူးများစုစည်းကာ အင်နွတ်(Inuit)ရွာ များအဖြစ်တည်ထောင်လေ့ရှိပါသည်။ အင်နွတ်ဟူသည်မှာ အက်စ်ကီမိုးတို့ကိုခေါ်သော ဒေသ အခေါ်အဝေါ်ပင်ဖြစ်သည်။
၃၊ အစ်ဂလူးအကြီးများကို နှစ်လုံးတွဲ ဆောက်လေ့ရှိကာ တစ်ခုကို အခမ်းအနားများ ယာယီကျင်းပရန်အသုံးပြုပြီး အခြား တစ်ခုမှာမူ လူများနေထိုင်ရန်ဖြစ်သည်။ အကြီးစားအစ်ဂလူးတစ်ခုအတွင်း အခန်းငါးခန်းအထိ ပါဝင်ပြီးလူဦးရေ ၂၀ ခန့် အထိနေနိုင်သည်။အရွယ်စုံအစ်ဂလူးများကို တစ်ခုနှင့် တစ်ခု လိုဏ်ခေါင်းပုံ ပြွန်များဖြင့်သွယ်ဆက်ကာ အစ်ဂလူးကြီး များ အဖြစ်လည်းဆောက်လုပ်ကြသည်။ ထိုအစ်ဂလူးခန်းကျယ်များတွင် ထုံးတမ်းစဉ်လာပွဲလမ်းသဘင်များကို ကျင်းပ လေ့ရှိပေသည်။
အစ်ဂလူး(Igloo)ဟူသော စကားလုံးသည် အင်နွတ်(Inuit) ဘာသာ(Ignu) မှဆင်းသက်လာပြီး အိမ်ဟု အဓိပ္ပါယ်ရသည်။ အစ်ဂလူးများကိုအက်စကီမိုးတို့မိသားစုများနေထိုင်နိုင်ရန်ဆောက်လုပ်ကြသည်။ကျွမ်းကျင်သော အက်စကီမးိုတစ်ယောက်သည် အစ်ဂလူးတစ်လုံးကို တစ်နာရီ အတွင်းပြီးအောင်ဆောက်နိုင်သည်ဟု ဆိုသည်။ အချို့သော အစ်ဂလူးများသည် ပြူတင်းပေါက်များကိုပင် တပ်ဆင်ထားပြီး ရေခဲတုံးများ၊ဖျံအူများဖြင့် ပြုလုပ် သည်။
အစ်ဂလူးများသည် အရွယ်စုံရှိသော်လည်းသာမာန်အားဖြင့် မိသားစု တစ်စု နေနိုင်လောက်အောင်သာဆောက် လုပ်လေ့ရှိပေသည်။ အစ်ဂလူးများကို အလာစကာပြည်နယ်နှင့် ဂရင်းလန်ကျွန်းတို့တွင် မြင်တွေ့နိုင်သော်လည်း အများ စုမှာ ကနေဒါနိုင်ငံ အလယ်ပိုင်းနှင့်အနောက်ပိုင်းတို့တွင် တည်ရှိပေသည်။ ၁၉၂၂ ခုနှစ်က ရိုက်ကူးခဲ့သော Nanook of the North”အမည်ရှိ အသံတိတ် ရုပ်ရှင်ကားတွင် အစ်ဂလူးတစ်လုံး ဆောက်လုပ်ပုံကို အစအဆုံး ပြသပေးခဲ့သည်။
အစ်ဂလူးတစ်လုံးဆောက်လုပ်ရန် နှင်းကော် ဂေါ်ပြားတစ်ချောင်းနှင့် လွှ တစ်ချောင်းသာလိုအပ်သည်။ ယင်း ဂေါ်ပြားနှင့်လွှတို့သည်လည်း အများအားဖြင့် ဖျံ၊ ပိုလာဝက်ဝံ၊ ဝေလငါးစသောဝင်ရိုးစွန်းသတ္တဝါများ၏ အရိုးများဖြင့်ပြုလုပ် ထားသော ကိရိယာ များပင်ဖြစ်ပေသည်။ အစ်ဂလူးတစ်လုံးသည် လူတစ်ယောက်အပေါ်တက်ကာ မတ်တတ်ရပ်နေသည့်တိုင် မည်သို့မျှ တုန်ခါလှုပ်ရှားမှု မဖြစ်သကဲ့သို့ ပြင်းထန်သော နှင်းမုန်တိုင်းဒဏ်ကိုလည်းမလဲမပြို ခံနိုင်စွမ်းရှိသည်။
ကနေဒါနိုင်ငံ အာတိတ်ဒေသသည်အအေးဆုံးအရပ်ဖြစ်ရုံသာမက ဆောင်းကာလသည် အလွန်ရှည်လျားလှပေ သည်။ တစ်နှစ်ပတ်လုံးတွင် နေအလင်းရောင်ကို ရက်အနည်းငယ်မျှသာ တွေ့မြင်ကြရသည်။ ထို့ကြောင့်လည်း ထိုအရပ် နေ လူသားတို့သည်အသက်ရှင်ရပ်တည်နိုင်ရန်အတွက်ထိုဒေသ၏ ပြင်းထန်လွန်းသောဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ရန် ကြိုးပမ်းကြရသည်။ စားရေး၊ ဝတ်ရေး၊ နေရေးတို့သာမက သွားလာသယ်ယူရေးတို့ကိုပါ အဆင်ပြေ အောင် ဆောင်ရွက်ကြရပေသည်။ ကျယ်ပြန့်သော ပထဝီဝင်ဒေသ တစ်ခုအတွင်း နေရာကြဲကြဲ လူနည်းနည်း နေကြသည့်အက်စ်ကီမိုးတို့သည် ပစိဖိတ်၊ အတ္တလန်တိတ်နှင့်အာတိတ် သမုဒ္ဒရာများကြားနေကြသူများ၊ မြောက်ပိုင်းရေခဲတောင်တန်းများတွင်နေကြသူများ နှင့် အာတိတ်လွင်ပြင် တွင်နေကြသူများဟူ၍ အုပ်စုများကွဲပြားကြသည်။
ဆောင်းရာသီသည် ရှည်လျားလှသဖြင့် အက်စ် ကီမိုးတို့သည် ရေခဲနှင့်နှင်းထုများကြားတွင်နှစ်ပတ်လည်နေထိုင်ကြရသည်။ မြေမျက်နှာပြင်တစ်ခုလုံးသည် အမြဲတမ်းခဲ နေပြီး မြောက်ပိုင်းစွန်းများ၏ဆောင်းကာလများသည် မည်းမှောင်နေသည့် နေ့ရက်များပင်ရှိပေသည်။ တစ်ခါတစ်ရံတွင် တစ်လ လုံး ကြာသည့်တိုင် နေကို မမြင်ကြရပါချေ။ထို့ကြောင့်လည်း ကနေဒါနိုင်ငံအာတိတ်ဒေသအများစုကို နှင်းခဲ ကန္တာရ (Snow frozen desert) ဟု ခေါ်ဆိုကြခြင်းဖြစ်ပေသည်။
ရာသီဥတုက အလွန်ဆိုးရွားသည့်အပြင်လေမုန်တိုင်းကကျရောက်တတ်သေးသည်။မုန်တိုင်းနှင့် အတူ ကြီးမား သောနှင်းခဲကြီးများက ပါလာသည်။နွေရာသီကာလသည် ရက်အနည်းငယ်လေးမျှသာရှိသည်။ နှင်းခဲတုံးကြီးများကို ဖြတ် တောက်ကာအမိုးခုံး အစ်ဂလူးများကို ဆောက်လုပ်ကြသည်။ဖြတ်တောက်ထားသောနှင်းခဲတုံးများသို့မဟုတ် ရေခဲတုံး များကိုစပရိန်ပုံစံ ခွေကာ တစ်တုံးနှင့် တစ်တုံး အနည်းငယ်စီ စွေစောင်းလျက် ဆင့်သွားခြင်းဖြင့်နောက်ဆုံးတွင်ထိပ်၌ နှင်းခဲ၊ ရေခဲ အတုံးများဆက်မိ သွားပြီးအမိုးခုံးပုံသဏ္ဍာန်ပေါ်လာကာ အစ်ဂလူးဖြစ်သွားလေတော့သည်။ အစ်ဂလူး၏ အရွယ်အစားကိုမူတည်လျက် တည်ဆောက်ချိန်ကွာခြားသည်ဖြစ်ရာယေဘုယျအားဖြင့် မိနစ် ၃၀ အတွင်း တည်ဆောက်ပြီးစီးလေ့ရှိသည်။အချို့ကြီးမားသော အစ်ဂလူးများသည်၄မီတာခန့်ကျယ်၍ ၃ မီတာ အထိ မြင့် ကြသည်။အစ်ဂလူးအတွင်း အိပ်စင်များကို ရေခဲဖြင့်ပင်ပြုလုပ်ကာ သားမွေးများနှင့် တိရိစ ္ဆာန်အရေများခင်းထားကြပေ သည်။
အချို့သော အစ်ဂလူးများသည် ဝေလငါးအရိုးဖြင့် တိုင်ထူပြီး သားရေတစ်ခုခုဖြင့် ကာရံတတ်ကြသေးသည်။ ရေခဲ တုံးများကိုစီကာ အစ်ဂလူးပြုလုပ်ထားခြင်းသည် အတွင်းမှလေကို ပြင်ပသို့ မထွက်စေဘဲ လေအိတ်ကြီးတစ်ခုသဖွယ် ဖြစ်နေစေသောကြောင့် အတွင်းမှ အပူငွေ့ကို ထိမ်းသိန်းထားနိုင်ပေသည်။ပြင်ပတွင် အပူချိန်က အနှုတ် ၄၅ ဒီဂရီ စင်တီဂရိတ် ရှိချိန်တွင် အစ်ဂလူး၏ အတွင်းမှ အပူချိန်သည် အနှုတ် ၇ ဒီဂရီ စင်တီဂရိတ်မှ ၁၆ ဒီဂရီ စင်တီဂရီတ်အတွင်း သာ ရှိသဖြင့် လူတို့၏ ကိုယ်ငွေ့ဖြင့်ပင် အအေးဒဏ်ကို ခံနိုင်ကြပေသည်။ အစ်ဂလူးအတွင်းမီးဖိုကိုဖိုထားသော်လည်း ပြင်ပမှ ပြင်းထန်သော အအေးဓာတ်ကြောင့် မီးဖိုအပူငွေ့များက အစ်ဂလူး၏ ရေခဲ၊ နှင်းခဲများကို မပျော်စေနိုင်ပါချေ။
နှစ်ပတ်လည် အေးခဲနေသောဒေသဖြစ်သောကြောင့် အက်စကီမိုးတို့သည် မည်သည့်စိုက်ပျိုးရေးလုပ်ငန်းကိုမျှ လုပ်၍မရကြဘဲ ဝင်ရိုးစွန်းသားကောင်များကို အမဲလိုက်ကာ အသက်မွေးကြရသည်။နွေရာသီဆိုသည့် ကာလတို လေး အတွင်းတွင်ပေါက်တတ်သော ချုံ သာသာ အပင်ငယ်များသည် အက်စကီမိုးတို့ စားသုံးရန်မည်သို့မျှ ဖြစ်နိုင်ဘွယ် မရှိပါချေ။ ထို့ကြောင့်လည်းကမ္ဘာမြေပြင် ၏ အပေါ်ဆုံးထိပ် တွင်နေထိုင်ကြကာ ခက်ခဲပင်ပမ်းစွာ အသက်မွေးရပ်တည် နေကြသည့် အက်စကီးမိုးတို့ကို ထူးခြားအံ့သြဖွယ်ကောင်း လွန်းလှသည့် လူသားများ ဟု ဆိုနိုင်ပါပေတော့သည်။
သို့သော် ယခုအခါ၌ လေယာဉ်ပျံများသည် နေရာအနှံ့အပြားကို သွားလာနိုင်ကြပြီဖြစ်သဖြင့် မြောက်ဘက်ပိုင်းနေ အက်စကီးမိုး လူမျိုးများထံသို့လည်း လေယာဉ်ပျံများဖြင့် လူဖြူတို့၏ ပစ္စည်း များကို ပို့ပေးနိုင်လေသည်။ အချို့ အက်စကီးမိုးလူမျိုးတို့သာ ဝေးကွာလွန်းသောနေရာများတွင် နေထိုင်လျက်ရှိကြသဖြင့် ပြောင်းလဲချက်များကို မသိရှိနိုင်ကြသေးချေ။ အလာစကာနှင့် ဂရင်းလန်းတောင်ပိုင်းနေ အက်စကီးမိုးလူမျိုးများကမူ လူဖြူများ ဝတ်ဆင်သကဲ့သို့ပင် ဝတ်ဆင်၍နေကြပေပြီ။ ဂရင်းလန်းနေ အက်စကီးမိုးလူမျိုးအား ဒိန်းမတ်အစိုးရက ကျောင်းများနှင့် ဆေးကုသပေးသောအဖွဲ့များ၏ အကျိုးကျေးဇူးကိုခံစားစေသည်။
အမေရိကန်အစိုးရက အလာစကာနှင့် ဂရင်းလန်းတောင်ပိုင်းနေ အက်စကီးမိုးလူမျိုးများအဖို့ နေ့ကျောင်းများနှင့် ကျောင်းအိပ် ကျောင်းစားနေထိုင်နိုင်သော ကျောင်းများကို ဖွင့်လှစ်ပေးထား သည်။ ၁၉၂၅ ခုနှစ် က အမေရိကန်ပြည်ထောင်စုအစိုးရသည် အက်စကီးမိုးလူမျိုးအတွက် လုပ်ငန်းသစ်တစ်ရပ်ကိုတည်ထောင် ပေးရန် ကြိုးစားကြည့်လေသည်။ ထိုလုပ်ငန်းသစ်မှာ ဆိုက်ဗီး ရီးယားပြည်နယ်မှ ယဉ်ကျေးပြီး တန်းဒြသမင်များကို သွင်းပေး ခြင်းဖြစ်သည်။ ထိုသမင်များနှင့်အတူ ကျွမ်းကျင်သည့် လက် လူမျိုးကိုလည်း ခေါ်လာခဲ့သည်။ တိုင်းရင်းသားအင်ဒီးယန်းများ က ကျွဲနွားများကိုမွေးမြူကြသကဲ့သို့ အက်စကီးမိုးလူမျိုးတို့က လည်း ထိုတန်းဒြသမင်များကို မည်ကဲ့သို့ထိန်းသိမ်း စောင့် ရှောက် မွေးမြူရကြောင်းကို သိလာကြစေရန် သင်ကြားပြသ ပေးရန်အတွက် ထိုလက်လူမျိုးများကိုပါ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
အချိန် ရသောအခါတွင် အက်စကီးမိုးလူမျိုး အမြောက်အမြားအား ဝင်ငွေရရှိနိုင်စေရန် ကြံစည်ပေးချက် ဖြစ်သည်။ သို့သော် ယခုအခါတွင် အခက်အခဲအများအပြားနှင့် ရင်ဆိုင်ရလျက်ပင် ရှိနေသေးသည်။အက်စကီးမိုးလူမျိုး အမြောက်အမြားသည် စည်သွတ်လုပ်ငန်းများနှင့် တည်ဆောက်ရေ လုပ်ငန်းများတွင် ဝင်ရောကလုပ်ကိုင်လျက် ရှိကြလေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကအက်စကီးမိုးလူမျိုးတို့သည် ကင်းထောက်လုပ်ငန်းများတွင်ကောင်းမွန်စွာဝင်ရောက် ထမ်းဆောင်ခဲ့ကြလေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
Discussion about this post