Via : The Voice Myanmar
ဆွစ်ဇာလန်နိုင်ငံနှင့် ဩစတြီးယန်းနိုင်ငံ နယ်စပ်ကြားရှိ အလွန်သေးငယ်သော ဘုရင့်နိုင်ငံလေး တစ်နိုင်ငံဖြစ်သည်။ တောင်ထူထပ်သော နှစ်နိုင်ငံကြားတွင်တည်ရှိပြီး ဥရောပတိုက်တွင် စတုတ္ထမြောက် အသေးဆုံးနိုင်ငံလေး တစ်နိုင်ငံလည်း ဖြစ်သည်။ မြူနီစီပယ်အုပ်ချုပ်မှု ဆိုင်ရာနယ်မြေ ၁၁ ခုဖွဲ့စည်းပေးထားပြီး လူဦးရေကလည်း ၃၈၁၁၁ (၂၀၁၇ ခုနှစ်စာရင်းအရ) သာရှိသည်။
ကမ္ဘာပေါ်တွင် အိုလံပစ်ရွှေတံဆိပ်ဆုရသည့် အထဲတွင် နိုင်ငံအရွယ်အစားနှင့်မလိုက်အောင် အများဆုံးရရှိထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး ဥရောပတိုက်၏ အလည်ပတ်သင့်ဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားခြင်း ခံရသည်။
လင့်ချ်တင်စတိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးနှင့်ယှဉ်မှ ထောင်ထဲရောက်နေသူ ၁၀ ဦးခန့်သာရှိကြောင်း ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည်။ ဓားထိုးမှုအနည်းငယ် ဖြစ်ဖူးသည့်ကလွဲပြီး ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနိုင်ငံအဖြစ် ထင်ရှားသည်။ နှစ်ပေါင်း ၂၀ အတွင်းတွင် လူသတ်မှုတစ်မှုသာဖြစ်ခဲ့ပြီး မုဒိမ်းမှုလုံးဝမရှိသော နိုင်ငံလည်းဖြစ်သည်။
လူဦးရေ ၃၈၀ဝ၀ ခန့်ရှိသော မြို့၏ လူနေအိမ်များတွင် တံခါးသော့ခတ်လေ့ မရှိခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ သူတို့နိုင်ငံသားတွေက ဆင်းဆင်းရဲရဲတွေ မဟုတ်ကြ။ သို့သော် နိုင်ငံသေးသေးလေးတွင် စိတ်ဝင်စားစရာတွေက ပြည့်နေသည်။
၁၈၈၆ ခုနှစ်က ဩစတြီးယန်းနှင့်ပရပ်ရှားတို့ စစ်ဖြစ်ခဲ့ကြသည်။ လင့်ချ်တင်စတိုင်းနိုင်ငံလည်း နှစ်နိုင်ငံကြားထဲတွင် ရှိနေသောကြောင့် စစ်ထဲဝင်ပါခဲ့ရသည်။ လင့်ချ်တင်စတိုင်း စစ်တပ် တစ်တပ်လုံးမှ စစ်သား ၈၀ ခန့်သာရှိသည်။ သူတို့ကလည်း တစ်ကြိမ်မှ တိုက်ပွဲအတွေ့အကြုံမရှိဟု ဆိုသည်။ သို့သော် စစ်ပွဲထဲရောက်ပြီးမှ အတွေ့အကြုံတွေ ရလာခဲ့ရသည်။
သူတို့ထဲက ပြန်လာသည့် စစ်သားများနှင့် စစ်တပ်ကို ဖွဲ့စည်းထားသော်လည်း စစ်သားအရေအတွက်က ၈၁ ဦးသာဖြစ်သည်။ ၂၀ဝ၇ ခုနှစ်တွင် ဆွစ်ဇာလန်ဘက်မှ တပ်များက သူတို့နယ်ဘက်ကို ကျူးကျော်ဝင်ရောက်လာသဖြင့် တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ရဖူးသည်။ ဆွစ်ဇာလန်ဘက်က တောင်းပန်သဖြင့် စစ်ပွဲဆက်မဖြစ်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ရသည်။
သွားတုတပ်ဆင်ဖူးသူတိုင်း လင့်ချ်တင်စတိုင်းကို သတိရကြသည်။ အဘယ်ကြောင့်ဆိုသော် သွားတုအများစုကို ယင်းဒေသက ထုတ်လုပ်သောကြောင့်ဖြစ်သည်။ နှစ်စဉ် သွားတုပုံပေါင်း သန်း ၆၀ ခန့် ထုတ်လုပ်ပေးပြီး ကမ္ဘာအနှံ့ ပို့ပေးနေရသည်။ လင့်ချ်တင်စတိုင်းနိုင်ငံမှ Vivadent အမှတ်တံဆိပ် သွားတုသည် နာမည်ကျော်သည်။ ဥရောပတိုက်၏ သွားတုပုံလုပ်ပေးသည့် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးပိုင်ဆိုင်ထားသည်။ ကမ္ဘာ့ဈေးကွက် ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်သည်။
သွားတုပုံစံပေါင်း အမျိုးအစား ၁၀ဝဝဝ ခန့် ထုတ်ပေးသည်။ အဖြူ၊ ပုလဲ၊ ရွှေရောင်သွားတွေလည်း ထုတ်သည်။ ဘောလိဝုဒ်နှင့် ဗြိတိန်နိုင်ငံတို့က လင့်ချ်တင်စတိုင်း သွားတုများကို အထူးနှစ်သက်ကြသည်။ အိန္ဒိယရုပ်ရှင်များထဲတွင် မင်းသား မင်းသမီးတို့၏ သွားဖြူဖြူလေးများသည် ဤဒေသ လက်ရာများဖြစ်သည်ဟု ဆိုကြသည်။
နိုင်ငံအကျယ်က ၆၂ မိုင် ပတ်လည်လောက်သာရှိပြီး လူဦးရေ ၃၈၀ဝ၀ ခန့်နေထိုင်သော နိုင်ငံသည် ကမ္ဘာပေါ်တွင် အသေးဆုံး နိုင်ငံတစ်နိုင်ငံဟု ဆိုရမည်။ နိုင်ငံအတွင်း နေထိုင်သော ပြည်သူတို့သည် တင်းကျပ်သည့် စည်းကမ်းများနှင့် နေထိုင်ကြရသည်။ နိုင်ငံတကာက အလုပ်လုပ်ရန် ရောက်လာသည့် ခိုးဝင်သူများကို သုံးနှစ်သာ နေထိုင်ခွင့်ဗီဇာထုတ်ပေးသည်။ ဆက်နေချင်လျှင် အများက သူ့ကိုထောက်ခံတင်ပြမှ နေထိုင်ခွင့်ရှိသည်။ လင့်ချ်တင်စတိုင်းတွင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၁၅,ဝဝဝ ခန့် ရှာဖွေနိုင်ပါသည်။ အခွန်ကလည်း အနည်းငယ်သာ ပေးဆောင်ရသည်။ ဝင်ငွေ၏ ၂၄ ရာခိုင်နှုန်းကိုသာ အခွန်ကောက်သည်။
အခွန်ကောက်ခံနှုန်း နည်းသည့်အတွက်လည်း နိုင်ငံခြားကလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများစွာ လာလုပ်ကြသည်။ မြို့နေလူအများစုမှာ ဇူးရစ်၊ မြူးနစ်နှင့်မီလန် စသည့် ဂျာမနီနိုင်ငံ မြို့ကြီးများကို သွားရောက် အလုပ်လုပ်ကြသည်က များသည်။ နိုင်ငံအတွင်း ကားပြေးဆွဲမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
လင့်ချ်တင်စတိုင်းတွင် ဘုရင် ဒုတိယမြောက် ဖရန့်ဖ်ဂျိုးဆက် လက်ထက်ကတည်းက ဩဂုတ်လ ၁၆ ရက်နေ့သို့ရောက်တိုင်း ဘုရင့်မွေးနေ့ကို ကျင်းပလေ့ရှိသည်။ ဩဂုတ်လ ၁၅ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသဖြင့် နှစ်ရက်ဆက်တိုက် ပွဲတော်ကြီးကို တစ်နိုင်ငံလုံး ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ၁၉၈၉ ခုနှစ်တွင် မင်းသား ဂျိုးဇက် ကွယ်လွန်သွားသော်လည်း ထိုနေ့ရောက်တိုင်း ပွဲတော်ကို ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။
Vaduz ရဲတိုက်ကြီးအရောက် လမ်းများပေါ်တွင် မီးပုံပွဲတွေ ကျင်းပကြသည်။ အရက်တွေသောက်၊ ဒေသထွက် အစားအစာတွေ တည်ခင်း၊ တိုင်းရင်းသား ဝတ်စုံတွေဝတ်ကာ ရိုးရာအကတွေ ကကြသည်။ ထိုအချိန်တွင် နိုင်ငံတကာမှ ဧည့်သည်တွေလည်း ပွဲတော်ကိုလာရောက်ပြီး ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ဘုရင်ကလည်း ထီးနန်းကို လာရောက်လုယူမည့်သူများ မရှိသောကြောင့် ပျော်ရွှင်စွာနှင့် ငြိမ်းချမ်းသည့် အထိမ်းအမှတ်ပွဲတော်ကြီးကို ကျင်းပပေးကာ တစ်နိုင်ငံလုံးပျော်ရွှင်စွာ သောက်စားကခုန်လေ့ ရှိကြသည်။
နိုင်ငံ၏ GDP အရတွက်လျှင် လင့်ချ်တင်စတိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ဆိုရမည်။ နိုင်ငံတွင် အလုပ်လက်မဲ့နှုန်းကလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ချမ်းသာသူ များသဖြင့်လည်း ပျော်ရွှင်စွာ လုပ်ချင်ရာလုပ်ပြီး နေထိုင်ကြသည်။
နိုင်ငံကသေးသော်လည်း ဒေသ ၁၁ ခုခွဲထားပြီး ဒီမိုကရေစီနည်းကျ မဲဖြင့်ရွေးကောက် တင်မြှောက်ကြကြောင်း တွေ့ရသည်။ တစ်နိုင်ငံလုံးတွင် ရဲတပ်ဖွဲ့ဝင် ၁၀ဝ သာရှိသည်။ နိုင်ငံတွင် အကြမ်းဖက်မှုကလည်း မရှိ၊ ခိုးမှု လူသတ်မှုလည်း မရှိသောကြောင့် ရမ်ဘိုလို လူစွမ်းကောင်းတွေ ပေါ်ထွက်လာမည့် နိုင်ငံမဟုတ်ဟု ဆိုကြသည်။
နိုင်ငံကသေးပြီး ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှုအများစု လွှမ်းမိုးခြင်းခံရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အထူးသဖြင့် ဂျာမနီနိုင်ငံတောင်ပိုင်း ယဉ်ကျေးမှု အများစုနှင့် ဩစတြီးယန်း၊ ဘာဘေးရီးယန်း၊ ဆွစ်ဇာလန်နိုင်ငံတို့၏ ယဉ်ကျေးမှုများ ပေါင်းစုံထားရာ မြို့ဟူ၍လည်း ဆိုနိုင်သည်။
လင့်ချ်တင်စတိုင်းသို့ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်အများစု လာရောက်ကြခြင်းမှာ စကိတ်စီးရန် ဖြစ်သည်။ ဩစတြီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ နိုင်ငံတကာ စကိတ်စီးပွဲတော်ကို ဤအရပ်တွင် လာလုပ်ကြသည်။ လင့်ချ်တင်စတိုင်းရှိ မဲလ်ဘန်းမြို့လေးသည် စကိတ်စီးရန် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်ထားကြပြီး လာရောက် လည်ပတ်လေ့ရှိကြသည်။
နိုင်ငံခြားမှလာသော ဧည့်သည်အများစုမှာ စကိတ်စီးရန် မဟုတ်ကြပေ။ သူတို့သည် ဆွစ်ဇာလန်ဘက်က ရောက်လာကြခြင်းဖြစ်ပြီး အပျော်သက်သက် လည်ပတ်ကြခြင်း ဖြစ်သည်။ အများစုမှ ဘုရင်နေထိုင်ခဲ့သည့် Vaduz ရဲတိုက်ကို သွားရောက် ကြည့်ရှုလေ့လာကြသည်က များသည်။ ဓာတ်ပုံရိုက်ကြသည်။ နိုင်ငံအတွင်း အများစုအသုံးပြုသည့် ငွေကြေးမှာ ဆွစ်ငွေ Swiss franc (CHF) ဖြစ်သည်။
လင့်ချ်တင်စတိုင်းတွင် ကားလမ်းက ၁၅၅ မိုင် ခန့်သာရှိသည်။ စက်ဘီးဖြင့် လည်ပတ်လျှင် ၆၅ မိုင်အတွင်း မြို့အနှံ့ရောက်နိုင်သည်။ ဩစတြီးယားနှင့်ဆွစ်ဇာလန်သို့ လင့်ချ်တင်စတိုင်းကိုဖြတ်ပြီး ဖောက်ထားသည့် မီးရထားလမ်းမှာ ၆ မိုင်ခန့်သာရှိသည်။ နိုင်ငံအတွင်း ဘူတာကလည်း လေးခုသာရှိသည်။
လင့်ချ်တင်စတိုင်းတွင် လေဆိပ်မရှိပေ။ အနီးဆုံးလေဆိပ်မှာ ဆွစ်ဇာလန်နိုင်ငံအနီး မိုင် ၈၀ ခန့်ဝေးသော ဇူးရစ်လေဆိပ်သာ ဖြစ်သည်။ လေကြောင်းလိုင်းအဖြစ် ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ပေးမှုများလည်း ရှိသည်။
လင့်ချ်တင်စတိုင်းရောက်လျှင် လည်ပတ်သင့်သည့် နေရာများမှာ Kunstmuseum Liechtenstein ပြတိုက်နှင့် Liechtenstein National Museum တို့ဖြစ်သည်။ Vaduz Castle, Gutenberg Castle, the Red House တို့လည်း ထင်ရှားသည့် သမိုင်းဝင်အဆောက်အအုံများ ဖြစ်သည်။
အေးချမ်းပြီး တိတ်ဆိတ်ငြိမ်းချမ်းမှုကို ခံစားလိုသူများ လင့်ချ်တင်စတိုင်းသို့သွားကာ အနားယူကြသည်။ ရာဇဝတ်မှုကို မကြောက်ရသောကြောင့် စိတ်ချမ်းသာစွာဖြင့် လည်ပတ်နိုင်သည့် အရသာကို ခံစားနိုင်ကြမည် ဖြစ်သည်။
Via : The Voice Myanmar Journal
Discussion about this post