ရေးသားသူ – သမန်းကျား(ရတနာပုံနေ့စဉ်)
အိန္ဒိယနိုင်ငံမှာ ထူးခြားတဲ့ မုတ်သုံတောအုပ်ကြီးတစ်ခု ရှိပါတယ်။ မြို့တော်မွန်ဘိုင်းရဲ့ အရှေ့ဘက်ကီလိုမီတာ ၁၀၀ ခန့်မှာရှိတဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးပါ။ နွေရာသီမှာ လွင်တီးခေါင်ပြင်ပြင် ဖြစ်နေလေ့ရှိပြီး ဖုန်းဆိုးတောကြီး ပမာ မတင့်မတယ်ထီးထီးကြီး ဖြစ်လေ့ရှိပေမယ့် မုတ်သုန်မိုးကျတာနဲ့တပြိုက်နက် ဝယ်စတန်ဂတ်တောအုပ်ကြီးဟာ အသက်ပြန်ဝင်လာတဲ့လူတစ်ယောက်လို စိမ်းစိုတောက်ပလာလေ့ရှိပါတယ်။ အခုလည်း မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းဖြိုးတာ ၂-လကျော်ကြာပြီမို့ ပတ်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ အစိမ်းရောင်မြက်စိုနုလေးတွေက နေရာမလပ် ဖုံးလွှမ်းနေပြီး ခြုံပင်၊နွယ်ပင်၊ သစ်ပင်တွေဟာလည်း အကိုင်းအခက်တွေစိမ်းမြ၊ အဖူးအရွက်တွေလှပလို့နေပါတယ်။
ဒီအလှတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရတော့ ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိ ကျေနပ်မိပါတယ်။ လူတစ်ရာ မှာ တစ်ယောက် မရနိုင်တဲ့အခွင့်အရေးမျိုးကို ကျွန်တော်ရထားတာလေ။ တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ ကျွတ်ကောင်တွေကိုက်ခဲတာကိုလည်း စိတ်မဆိုးနိုင်၊ ဆင်ခြေလျှောတွေမှာ ဗိုင်းခနဲပစ်လဲကျတာကိုလည်း ဂရုမစိုက် နိုင်၊ ရွှဲရွှဲစိုအောင် ရွာချနေတဲ့မိုးကြောင့်လည်း စိတ်ဓါတ်မကျနိုင်ဘဲ ဝယ်စတန်ဂတ်တောအုပ်ကြီးရဲ့အလှကို စူးစမ်းလိုစိတ်က ဆောင်နေပါတယ်။
ကျွန်တော်ဟာ သုတေသီတစ်ဖွဲ့နဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးကို ခြေလျင်ဖြတ်လျှောက်ပြီး စူးစမ်းလေ့လာရေး ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဝယ်စတန်ဂတ်တောအုပ်ကြီးကို ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာပေါ်က ဇီဝမျိုးစိပ်အစုံလင်ဆုံး တည်နေရာ (၈) ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ကီလိုမီတာ ၁၆၀၀ ခန့်ရှည်လျားတဲ့ ဝယ်စတန်ဂတ် တောအုပ်ကြီးမှာ သစ်ပင်၊ သီးပင်၊ ပန်းပင် အမျိုးအစား ရေတွက်မကုန်နိုင်အောင်ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ရှားပါးနေပြီဖြစ်တဲ့ ကျား၊ ကျားသစ်၊ ကျားသစ်နက်တို့ရဲ့အိမ်လည်းဖြစ်သလို ကမ္ဘာပေါ်မှာ အများဆုံးသော အာရှ ဆင်တွေ နေထိုင်ကျက်စားရာ တောအုပ်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၄ ဒီဇင်ဘာလအထိမှာ သတ္တဝါမျိုးနွယ်စု အသစ်တွေကို တွေ့ရှိနေတုန်းပါပဲ။ ဒီလောက်ထူးခြားတဲ့တောအုပ်ကြီးကို လေ့လာခွင့်ရတဲ့အတွက်လည်း ကျွန်တော် ဟာ ဘာတွေများထူးထူးခြားခြား တွေ့ရဦးမလဲဆိုတဲ့အတွေးနဲ့ အရမ်းကို တက်ကြွနေခဲ့ပါတယ်။
ကမူတစ်ခုကို ကျဉ်းမြောင်းတဲ့လမ်းကလေးအတိုင်း ဖြတ်ကျော်ဖို့ကြိုးစားရင်း ကျွန်တော့်ခန္ဓာကိုယ်ဟာ မိုးရေနဲ့ချွေး ရောနေပါတယ်။ နေ့ခင်းကတည်းက တောလမ်းအတိုင်း အာဟူပီရွာငယ်လေးကိုဦးတည်ထွက်လာတဲ့ ကျွန်တော်တို့ဟာ ညနေစောင်းတဲ့အချိန်အထိ ရွာကိုမရောက်နိုင်သေးပါဘူး။ မိုးသည်းလွန်းတော့ ထင်တိုင်းမပေါက် ဖြစ်နေပါတယ်။ ပိုပြီးမှောင်လာတနဲ့ လက်နှိပ်ဓါတ်မီးတွေ ထုတ်ထွန်းလိုက်ရပါတယ်။ တောလည်းတိုး၊ မိုးလည်း တိုးရင်း ဆက်လျှောက်လာလိုက်တာ နောက်မှာတစ်ဖွဲ့ ပြတ်ကျန်ခဲ့တဲ့အတွက် ရပ်စောင့်လိုက်ရင်း လက်နှိပ်ဓါတ်မီး ကို ပိတ်လိုက်တော့ ထူးဆန်းတာတစ်ခုကို သွားသတိထားမိပါတယ်။
ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က အပင်တချို့ဟာ မီးစုန်းလင်းသလို လင်းနေပါတယ်။ သေချာကြည့်လိုက်တော့ အပင်တွေ၊ အကိုင်းတွေမှာ အစိမ်းရောင်အလင်းကွက်လေးတွေထွက်နေပါတယ်။ တစ်ပင်၊ နှစ်ပင် မဟုတ်ပါဘူး တစ်တောလုံးနီးပါးကို အစိမ်းရောင်လင်းနေတာပါ။ မှောက်မိုက်နေတဲ့မိုးသည်းညမှာ အစိမ်းရောင်လင်းနေတဲ့ အပင်တွေကြား ရောက်နေတဲ့ကျွန်တော်တို့ဟာ အံ့သြရမလား၊ ကြောက်ရွံ့တုန်လှုပ်ရမလား ဆိုတာတောင် မသိတော့ပါဘူး။
နောက်မှရောက်လာတဲ့ သုတေသီတွေက ရှင်းပြပါတယ်။ မုတ်သုံရာသီဟာ ဇွန်လကနေ အောက်တိုဘာလအထိ ဖြစ်ပါတယ်။ မုတ်သုံမိုးကြောင့် ရွှဲနစ်နေတဲ့တောအုပ်ကြီးထဲက အပင်တွေမှာ မှိုတစ်မျိုး စွဲကပ်လာပါတယ်။ ပုပ်သိုး ဆွေးမြေ့နေတဲ့ သစ်ကိုင်းခြောက်တွေ၊ သစ်ပင်ခေါက်တွေမှာ စွဲကပ်လေ့ရှိတဲ့ ဒီမှိုမှာ တောက်ပပြီးအလင်းထွက်တဲ့ bioluminescent သတ္တိ ရှိပါတယ်။
ဒီမှိုတွေစွဲကပ်ဖို့၊ တောက်ပပြီးအလင်းထွက်ဖို့ဆိုတာ လေထုစိုထိုင်းဆနဲ့ ရေခိုးရေငွေ့ပါဝင်မှုအချိုးအစား အတိုင်း အတာ တစ်ခုအထိ မှန်သွားပြီဆိုမှ ဖြစ်ပေါ်လာတာပါ။ ကမ္ဘာပေါ်မှာ ဒီလိုအလင်းထွက်တဲ့မှိုတွေရှိလို့ ညဆိုရင် လင်းနေတဲ့ တောအုပ်တွေကို ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အိန္ဒိယမှာတော့ ဝယ်စတန်ဂတ်တောအုပ်ရဲ့ မဟာရာရှတရာနဲ့ ဂိုအာအပိုင်းတွေမှာ မီးစိမ်းလင်းသစ်တောတွေကို တွေ့နေရတာပါ။
ဒီမီးစိမ်းလင်းသစ်တောဖြစ်စဉ်ကို အလွယ်တကူတွေ့ရလေ့ မရှိပါဘူး။ မူလဗီဇဓါတုပစ္စည်းနဲ့လေထုရေခိုးရေငွေ့ စိုထိုင်းဆတို့ ဓါတ်ပြုပြီး အရောင်ထွက်တဲ့ရေ၊ အရောင်ထွက်တဲ့ရေအောက်သတ္တဝါတွေကို အလွယ်တကူ တွေ့နိုင် ပေမယ့် အခုလို သစ်ပင်တွေမီးစိမ်းလင်းတာကတော့ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အခုအချိန်အထိ မီးစုန်းလင်း တယ်လို့ ကမ္ဘာကသိထားတဲ့အင်းဆက် ၂ မျိုးပဲရှိပါတယ်။ ပိုးစုန်းကြူးနဲ့ အလင်းထွက်ပိုးကောင် ဖြစ်ပါတယ်။
အလင်းထွက်တဲ့မှိုအမျိုးအစားပေါင်း ၁၀၀၀၀၀ ထက်မနည်း ရှိပါတယ်။ တချို့မှိုတွေက အပွင့်ကြီးလို့ အပင်လိုပဲ တွေ့မြင်နေရပေမယ့် တချို့ကျတော့လည်း အပင်သေးလွန်းတဲ့အတွက် မှိုစွဲနေသလိုမျိုးပဲ မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဒီမှိုတွေဟာ အလင်းထွက်တယ်ဆိုတာကို သိတာကလွဲရင် သိပ္ပံပညာရှင်တွေဟာ အဲဒီမှိုတွေ ဘာကြောင့် အလင်းထွက်တာလဲ ဆိုတာကိုတော့ မဖြေနိုင်ကြသေးပါဘူး။
ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကနေ ကီလိုမီတာ ၁၀၀ လောက်အဝေးမှာရှိတဲ့ ကီလိုမီတာ ၁၆၀၀ လောက် ရှည်လျားကျယ်ဝန်းတဲ့၊ အင်းဆက်ပိုးမွှားတိရိစ္ဆာန်နဲ့အတူ သစ်ပင်၊ သီးပင်၊ နွယ်ပင်၊ စားပင် အမျိုးစုံလင်လှလို့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးမှာ မီးစိမ်းလင်းနေတဲ့ တောတွေလည်း ပါရှိနေသေးတယ်ဆိုတာကို ထူးထူးခြားခြား ကမ္ဘာတစ်လွှား လေ့လာရန်နေရာများအဖြစ် လေ့လာ ရေးသား တင်ပြလိုက်ရပါတယ်။
သမန်းကျား
ရတနာပုံနေ့စဉ်
Discussion about this post