မြွေဆိုတဲ့ သတ္တဝါကို ယောင်္ကျားမိန်းမ လူကြီးလူငယ်မရွေး အများစုကြောက်လန့်ကြပါတယ်။ မြွေတိုင်းကတော့ လူတွေကို အန္တရာယ်မပေးနိုင်ပေမယ့် အဆိပ်ရှိမြွေတွေကတော့ အသက်သေဆုံးစေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီတစ်ခါတော့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးမြွေ ၁၀ မျိုးအကြောင်းကို သုတဇုန် မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။
၁၀။ ခလောက်မြွေ (Rattlesnake)
ခလောက်မြွေကိုတော့ အများစုကြားဖူးကြမှာပါ။ အမြီးမှာ တဂျစ်ဂျစ်မြည်တဲ့ ခလောက်ပုံစံလေးပါလို့ ခလောက်မြွေလို့ခေါ်တာဖြစ်ပြီး အမေရိကမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခလောက်သံကိုတော့ ရန်သူနဲ့ ရင်ဆိုင်တဲ့အခါမှာ အာရုံလွှဲဖို့ အသုံးပြုလေ့ရှိပါတယ်။ အဆိပ်အလွန်ပြင်းတဲ့ မြွေမျိုးဖြစ်ပြီး ငှက် နဲ့ ကြွက် ၊ ရှဉ့် စတဲ့သတ္တဝါငယ်လေးတွေဟာ သူ့ရဲ့အစာဖြစ်ပါတယ်။ ခလောက်မြွေအကိုက်ခံရတဲ့အခါ လူတွေခန္ဓာကိုယ်ထဲက တစ်သျူးတွေပျက်စီးလာပြီး နှလုံးခုန်ရပ်ကာ ချက်ချင်းသေစေနိုင်ပါတယ်။ မြောက်အမေရိကရဲ့ အဆိပ်အပြင်းဆုံးမြွေတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။
၉။ အက်ဒါမြွေပွေး (death adder)
နာမည်မှာကိုတည်းက သေမင်းဆိုတဲ့စကားလုံးပါတာကြောင့် အဆိပ်ပြင်းတဲ့မြွေဖြစ်မှန်း ရိပ်မိကြမှာပါ။ သြစတြေးလျှ နဲ့ နယူးဂီနီတို့မှာ တွေ့ရတတ်တဲ့ မြွေအမျိုးအစားဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ တိုတိုတုတ်တုတ်ဖြစ်ပေမယ့် သူတို့ရဲ့အဆိပ်ကတော့ ပျံနှံ့မှုအလွန်မြန်ပါတယ်။ ဒီမြွှေအကိုက်ခံရရင်တော့ အာရုံကြောပျက်စီးစေတဲ့ သူ့အဆိပ်ကြောင့် သွပ်ခါပါဒဖြစ်ပြီး အသက်ရှုစနစ်ကိုပါ ပျက်စီးစေမှာဖြစ်ပါတယ်။ ပိုပြီးကြောက်ဖို့ကောင်းတာကတော့ ဒီမြွေတွေအကိုက်ခံရတဲ့အခါ ရောဂါလက္ခဏာချက်ချင်း မပြတတ်တာပဲ ဖြစ်ပါတယ်။ အချိန်မီကုသမှု မခံယူရင်တော့ အချိန်အနည်းငယ်ကနေ ၆နာရီအတွင်း သေဆုံးသွားမှာဖြစ်ပါတယ်။
၈။ မြွေပွေး (Vipers)
မြွေပွေးကိုတော့ မြန်မာမှာသာမက ကမ္ဘာအနှံ့မှာ တွေ့နိုင်ပါတယ်။ အဓိကအားဖြင့် အာရှတိုက် နဲ့ ပူပြင်းတဲ့ သဲကန္တာရအစပ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ နေရာဒေသအလိုက် မြွေအရောင် ၊ အရွယ်အစား နဲ့ အဆိပ်ပြင်းထန်မှုတွေ ကွာခြားတတ်ပါတယ်။ ရွှေအိုရောင်မြွေပွေးကိုတော့ သြစတေးလျှ၊ အိုင်ယာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့မှာ တွေ့ရတတ်ပါတယ်။ မြွေပွေးအများစုဟာ အပွေးအကွက်တွေနဲ့ဖြစ်ပေမယ့် ကန္တာရမြွေပွေးမျိုးကျတော့ ကြေးနီရောင်နဲ့ အညိုရောင်၊ အကွက်မပေါ့တပေါ်ဖြစ်ပါတယ်။ မြွေပွေးအကိုက်ခံရတဲ့အခါ သွေးအဆိပ်တက်ပြီး မျက်နှာပြာနှမ်းလာကာ အသက်ရှုကျပ်ခြင်း ၊ ဦးနှောက်သွေးယိုခြင်း နဲ့ ခန္ဓာကိုယ်သွေးစိမ့်ခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။ တချို့မြွေပွေးတွေက ချက်ချင်း အဆိပ်လက္ခဏာပြတတ်ပေမယ့် တချို့ကတော့ပြလေ့မရှိပါ။ အချိန်မီမကုသမိပါက တစ်ရက်ကနေ နှစ်ပတ်အတွင်း သေဆုံးတက်ပါတယ်။
၇။ မြွေဟောက် (Cobra)
မြွေဟောက်တွေဟာ အလွန်အဆိပ်ပြင်းတယ်ဆိုတာကိုတော့ သိကြပြီးဖြစ်မှာပါ။ မြန်မာအပါအဝင် အာရှ အာဖရိကတိုက်နဲ့ အပူပိုင်းဒေသတွေမှာတွေ့ရလေ့ရှိပါတယ်။ အရွယ်အစားကြီးမားတတ်ပြီး တချို့အကောင်ကြီးတွေဆိုရင် အရှည် ၉ပေ ကနေ ၁၃ပေ အထိ ရှိတတ်ပါတယ်။ မြွေဟောက်တွေဟာ သူတို့ရဲ့အဆိပ်ကို ၁၀ပေအကွာခန့်က မှုတ်ထုတ်နိုင်စွမ်းရှိပါတယ်။ မြွေဟောက်အကိုက်ခံရတဲ့အခါ အော့အန်ခြင်း ဗိုက်နာခြင်း နဲ့ တက်ခြင်း စတဲ့လက္ခဏာတွေပြတတ်ပြီး အသက်ရှုစနစ်နဲ့ ခန္ဓာကိုယ်တစ်သျှူးတွေကို ပျက်စီးစေမှာပါ။ အဆိပ်အပြင်းဆုံးမြွေဟောက် အမျိုးအစား အကိုက်ခံရရင်တော့ နာရီဝက်အတွင်းသေဆုံးသွားမှာ ဖြစ်ပါတယ်။
၆။ ကျားမြွေ (Tiger Snake)
သြစတြေးလျ နဲ့ နယူးဇီလန်တွေမှာအတွေ့ရများတဲ့ မြွေမျိုးဖြစ်ပြီး ကျားမြွေဆိုတဲ့အတိုင်း အဝါစင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ရန်မလိုပဲ အေးအေးဆေးဆေး နေတတ်တဲ့မြွေမျိုးဖြစ်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်ပြီဆိုရင်တော့ အတင်းတိုက်ခိုက်တတ်တဲ့မြွေမျိုးပါ။ အလွန်အဆိပ်ပြင်းပြီး အကိုက်ခံရတဲ့အခါ အလွန်အမင်းနာကျင်ခြင်း နဲ့ အသက်ရှုကျပ်တာ အာရုံကြောပျက်စီးတာတွေဖြစ်တတ်ပါတယ်။ အချိန်မီ မကုသပါက နာရီဝက်အတွင်းသေဆုံးတတ်ပြီး ဒီမြွေအကိုက်ခံရတဲ့ လူ ၁၀ယောက်မှာ ၆ယောက်ဟာ သေဆုံးသွားတတ်ပါတယ်။
၅။ အနက်ရောင် မန်ဗာမြွေ (Black Mamba)
အနက်ရောင် Mamba မြွေလို့ အမည်ပေးရတာကတော့ သူရဲ့အာခေါင်အတွင်းဘက်အရောင်ဟာ အနက်ရောင်ဖြစ်လို့ပါ။ ဒီမြွေတွေဟာ အာဖရိကရဲ့အဆိပ်အပြင်းဆုံးမြွေတွေဖြစ်ပြီး သူတို့ဟာ ရန်လိုကာ တိုက်ခိုက်မူမြန်ဆန်လွန်းပါတယ်။ တခါတိုက်ခိုက်တဲ့အခါ ၁၂ကြိမ်အထိ တိုက်ခိုက်နိုင်စွမ်းရှိပြီး တစ်ချက်ကိုက်ရုံနဲ့ သေစေလောက်တဲ့အထိ အဆိပ်သင့်ပါတယ်။ အချက်ပေါင်းများစွာ တဆက်တည်းကိုက်တတ်တာကြောင့် ဒီမြွေကိုက်တဲ့အခါ အဆိပ်အလွန်ပြင်းထန်ပြီး ချက်ချင်းမကုသနိုင်ပါက ၁၅ မိနစ်အတွင်းသေဆုံးတတ်ပါတယ်။ သူ့ရဲ့အဆိပ်က သွေးနီဥတွေကို ပျက်စီးစေပြီး အာရုံကြောကို ပျက်စီးစေကာ နှလုံးကိုရပ်တန့်နိုင်စွမ်းရှိပါတယ်။
၄။ တိုင်ပန်မြွေ (Taipan)
သြစတြေးလျမှာ အတွေ့ရများတတ်တဲ့မြွေမျိုးဖြစ်ပြီး အရွယ်အစားကတော့ လင်းမြွေအရွယ်လောက်သာ ရှိတတ်ပါတယ်။ အကောင်ငယ်ပေမယ့် အဆိပ်အလွန်ပြင်းထန်ပြီး တိုက်ခိုက်မှုမြန်ဆန်တဲ့မြွေမျိုးဖြစ်ပါတယ်။ ဒီမြွေကိုက်တဲ့အခါ သွေးလည်ပတ်မှုရပ်တန့်သွားမှာဖြစ်ပြီး ၁နာရီအတွင်း သေဆုံးတတ်ပါတယ်။ တချိန်ကတော့ ဖြေဆေးမရှိတာကြောင့် ဒီမြွေအကိုက်ခံရတဲ့သူတိုင်း သေဆုံးတတ်ပေမယ့် အခုတော့ ဖြေဆေးတွေရှိလာပြီဖြစ်တာကြောင့် ကုသလို့ရနေပါပြီ။ ဒါပေမယ့် ရက်ပေါင်းများစွာ ဆက်လက်ကုသပြီးမှ ပုံမှန်လူတစ်ယောက်လို ပြန်ကျန်းမာလာနိုင်မှာ ဖြစ်ပါတယ်။
၃။ အပြာရောင်ခရိတ်မြွေ (Blue Krait)
အရှေ့တောင်အာရှ နဲ့ အရှေ့အာရှနိုင်ငံတွေမှာ အတွေ့ရများတတ်တဲ့မြွေဖြစ်ပြီး အများအားဖြင့် မလေးရှားနိုင်ငံမှာ အများဆုံးတွေ့တတ်တာကြောင့် မလေးခရိတ်မြွေ(Malayan krait) လို့လည်း ခေါ်ကြပါသေးတယ်။ မြန်မာနိုင်ငံက ငန်းတော်ကျားနဲ့ အနည်းငယ်ဆင်ပေမယ့် သူ့အရောင်ကတော့ အပြာအနက်၊ အဝါအနက် အစင်းကျားဖြစ်ပါတယ်။ အကိုက်ခံလိုက်ရတာနဲ့ လူ(၁၀) ယောက်မှာ (၅) ယောက်ဟာ ဆေးမမီကြပါဘူး။ ညဘက်မှထွက်တတ်တဲ့ မြွေမျိုးဖြစ်ပြီး သူတို့နေတဲ့နေရာနဲ့ နီးလေ ရန်လိုပြီး တိုက်ခိုက်တတ်လေပါ။ မြွေဟောက်ထက် အဆိပ် (၁၆)ဆ ပြင်းအားရှိပြီး ဆင်ကိုတောင်သေစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။ အကိုက်ခံရပါက ချက်ချင်း လေဖြတ်သလို၊ လေငန်းဖမ်းသလို၊ အကြောတွေသေကုန်ကာ မိနစ်အနည်းငယ်အတွင်း အသက်သေဆုံးနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။ ထူးခြားတာ တစ်ခုကတော့ ၎င်းမြွေတွေ ဒေါသထွက်တဲ့အခါ အုပ်စုလိုက် တိုက်ခိုက် ရန်ပြုတတ်တာပဲ ဖြစ်ပါတယ်။
၂။ အရှေ့ပိုင်းအညိုရောင်မြွေ (Eastern Brown Snake)
ဒီမြွေကိုတော့ သြစတြေးလျနိုင်ငံရဲ့ လူနေထူထပ်တဲ့နေရာတွေမှာ တွေ့ရတတ်ပြီး အဆိပ်အပြင်းဆုံးမြွေမျိုး စာရင်းဝင်ဖြစ်ပါတယ်။ ဒီမြွေရဲ့ အဆိပ် တစ်အောင်စရဲ့ (၁၄၀၀)ပုံ တစ်ပုံသော အဆိပ်ရည်ဟာ အားကောင်းမောင်းသန် လူတစ်ဦးကို သေစေနိုင်ပါတယ်။ လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး၊ အဆိပ်မရှိတဲ့ မြွေမျိုးနဲ့ မှားယွင်းတတ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေကို ရန်လိုတိုက်ခိုက်တတ်ပြီး ရန်လိုတဲ့ မြွေမျိုးပါ။ အရွယ်ရောက်ပြီးမြွေတွေတင် အဆိပ်ပြင်းတာမဟုတ်ပဲ မြွေပေါက်လေးတွေကတောင် လူကိုသေစေနိုင်ပါတယ်။ သူ့အဆိပ်ဟာ အာရုံကြောကို ပျက်စီးစေပြီး သွေးခဲသွားစေတာပါ။ သြစတြေးလျမှာ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြွေပေါက်လို့ သေဆုံးရသူ ၃၅ ယောက်ရှိခဲ့ပြီး အဲဒီအထဲမှာမှ eastern brown မြွေကြောင့် သေဆုံးရမှုက ၂၃ ယောက်တောင် ရှိခဲ့ပါတယ်။
၁။ အင်လန်းတိုင်ပန်မြွေ (Inland Taipan)
ဒီမြွေရဲ့ နာမည်နောက်တစ်မျိုးက Fierce Snake (အလွန်ရက်စက်ကြမ်းကြုတ်တဲ့မြွေ) ဖြစ်ပါတယ်။ ကမ္ဘာ့အဆိပ်အပြင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ မြွေဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အရှေ့အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။ အရှည် ၆ပေကနေ ၈ပေ ကျော်အထိ ရှိတတ်တဲ့မြွေမျိုးဖြစ်ပြီး ပျမ်းမျှအဆိပ်ထုတ်နိုင်တဲ့ ပမာဏကတော့ ၄၄မီလီဂရမ် ဖြစ်ပြီး အများဆုံးထုတ်နိုင်တဲ့ပမာဏကတော့ ၁၁၀ မီလီဂရမ်ဖြစ်ပါတယ်။ ဒီအဆိပ် ၁၁၀ မီလီဂရမ် ပမာဏဟာ လူပေါင်း ၁၀၀ ကိုသေစေနိုင်တဲ့ အစွမ်းရှိတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ရန်လိုတဲ့မြွေမျိုးမဟုတ်ပဲ သူတို့ကို ထိခိုက်မှသာ ပြန်လည်တိုက်ခိုက်တတ်တဲ့မြွေမျိုးဖြစ်ပါတယ်။
အပေါ်က အကြောင်းတွေကတော့ အဆိပ်အပြင်းဆုံးမြွေတွေအကြောင်းဖြစ်ပြီး မြွေကိုက်တဲ့အခါ လုပ်သင့် မလုပ်သင့်တာတွေကို ဗဟုသုတ အနေနဲ့ ဆက်လက်ဝေမျှလိုက်ပါတယ်။
မြွေကိုက်ခံရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အရာများနဲ့ မလုပ်ဆောင်သင့်တဲ့ အရာများ
နီးစပ်ရာ ဆေးရုံး၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပါ။
ကိုက်တဲ့မြွေက အဆိပ်မရှိဘူးဆိုရင်တောင် ကိုက်ခံရတဲ့ ဒါဏ်ရာကနေ ပြင်းထန်တဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါ ဖြစ်တဲ့ မေးခိုင် ရောဂါ (tetanus) ကူးစက်ခံရနိုင်တာကြောင့် ဘာမြွေကိုက်ကိုက် ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။
အကိုက်ခံရတဲ့ လက်၊ ခြေထောက်ကို အတတ်နိုင်သမျှ မလှုပ်ရှားပဲနေပါ။
ဒီလို နေခြင်းဖြင့် အဆိပ်များပျံ့နှံ့ခြင်းကို နှေးကွေးစေလာပါလိမ့်မယ်။
မြွေရဲ့ ပုံပန်းသွင်ပြင်ကို မှတ်လာခဲ့ပါ။
မြွေရဲ့ ပုံပန်းသွင်ပြင်ကိုမှတ်လာခဲ့ခြင်းဖြင့် ဆရာဝန်က ဘယ်မြွေကိုက်လိုက်သလဲဆိုတာကို အလွယ်တကူ ခွဲခြားစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဒေသမှာ အကိုက်ခံရသလဲဆိုတာကလည်း အထောက် အကူဖြစ်စေနိုင်ပါတယ်။
မြွေကိုက်ခံရတဲ့ အချိန် ကို မှတ်ထားပါ။
ဒီလို မှတ်ထားခြင်းဖြင့် ဆရာဝန်က အချိန်ဘယ်လောက် ကုန်သွားပြီလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်။
လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။
မြွေကိုက်ခံရပြီး ဒဏ်ရာနားတစ်ဝိုက် မရောင်ကိုင်းလာခင် သွေးစီးဆင်းမှုကို နှောင့်ယှက်စေနိုင်တဲ့ လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။
မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။
မြွေကိုက်ခံရပြီးနောက် မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။ သင့်အနေနဲ့ ဒုတိယ အကြိမ် ထပ်အကိုက်ခံရနိုင်သေးတာ ကြောင့်မို့ပါ။
အဆိပ်တွေကို ပါးစပ်ကနေ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။
ဒီလို အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် ပါးစပ်ထဲမှာ အဆိပ်တွေ ပြည့်လာနိုင်ပါသေးတယ်။ အက်စပရင်၊ အိုင်ဗျူ ပရိုဖင် ( ibuprofen) နဲ့ တစ်ခြားသော အကိုက်အခဲပျောက် ဆေးများဟာ သွေးများကို ကျဲစေပြီး သွေးထွက်လွန်စေနိုင်တဲ့ အတွက် ဒီဆေးတွေ မသောက်သင့်ပါဘူး။
ပတ်တီးကြပ်ကြပ်မစည်းပါနဲ့။
အရင်က မြွေကိုက်ခံရင် ဒဏ်ရာရဲ့ အထက်ကို ပတ်တီးကြပ်ကြပ်စည်းရမယ်လို့ လူအများသိခဲ့ကြပေမဲ့ ဒီလို သွေးစီးဆင်းမှုကို ပိတ်ချလိုက်ခြင်းဟာ တစ်ရှုးပျက်ဆီးမှုကို ပိုဖြစ်စေပြီး အကိုက်ခံရတဲ့ ခြေ၊ လက်တွေ လုံးဝ သုံးမရတော့တာမျိုး အထိပါ ဖြစ်စေနိုင်ပါတယ်။
မြွေကိုက်ခံရရင် ဘယ်လို ကုသရမလဲ။
မြွေကိုက်ခံရင် ဘယ်လို ကုသရမလဲဆိုတာက ဘာမြွေ အကိုက်ခံလိုက်ရလဲဆိုတဲ့ အချက်နဲ့ သင်ခန္ဓာကိုယ်က မြွေဆိပ်ကို ဘယ်လောက် အထိ တုံ့ပြန်သလဲဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်။ အဆိပ်မပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာဆိုရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ဆေးကြောခြင်းနဲ့ နောက်ထပ် ဘာအန္တရာယ်မှ မရဘူးဆိုတာ သေချာအောင်လို့ စစ်ဆေးချက်လုပ်ရုံ အပြင် တစ်ခြား ဘာမှကို လုပ်စရာမလိုပါဘူး။
ကြိုတင်ကာကွယ်မှုများ။
မြွေကိုက်ခံရဖို့ အတွက် ကြိုတင်ကာကွယ်မှု လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ မြွေတွေကို သွားမစဖို့ပါပဲ။ ကမ္ဘာတစ်ဝှမ်းက မြွေတော်တော်များများက ရန်လိုလေ့မရှိဘဲ သူတို့တွေကို ခြိမ်းခြောက်တယ်လို့ ခံစားရတဲ့ အချိန်မှာသာ ကိုက်တတ်ကြတာ ဖြစ်ပါတယ်။
ဒါအပြင် မြွေအကိုက်ခံရနှုန်းများပြားတဲ့ အချိန်တွေမှာ လုပ်ကိုင်နိုင်တဲ့ အချက်တွေကတော့-
လမ်းလျှောက်တဲ့ အချိန် ဂရုစိုက်ပါ။ မြွေတွေဟာ လမ်းမှာတွေ့ရင်တောင် သင် မတက်နင်းသ၍ မကိုက်တတ်ကြပါဘူး။ သတိရှိနေဖို့ အတွက် အရက်သောက်တာကို ရှောင်ရှားပါ။ မြွေပေါတဲ့လမ်းတွေမှာ လမ်းလျှောက်ရင် လမ်းလျှောက်တုတ်လေးတစ်ချောင်းဆောက်သွားပါ။ အကယ်၍ လမ်းလျှောက်တုတ်နဲ့ မြွေကို သွားထိမိမယ်ဆိုရင် ဒီတုတ်ချောင်းကိုသာ မြွေက တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။
ခြေချင်းဝတ်နားတစ်ဝိုက် လုံလုံခြုံခြုံရှိစေဖို့ အတွက် လည်ရှည်ဖိနပ်များနဲ့ ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။ ညဘက် လမ်းသွားလမ်းလာ လုပ်ဆောင်တဲ့ အခါ မြွေကိုတွေ့ရင် ရှောင်နိုင်စေဖို့ အတွက် လက်နှိပ်ဓာတ်မီး၊ သို့ စမတ်ဖုန်းမှမီး အလင်းရောင်ကို အမြဲတမ်း အသုံးပြုပါ။ မြွေတော်တော်များများက လူကသူ့ကိုကြောက်တာထက် မြွေတွေက ပိုကြောက်ကြပါတယ်။ ဒါ့ကြောင့် မြွေကို ပြေးဖို့ နေရာပေးခြင်းဖြင့် မြွေကိုက်ခံရခြင်းမှ ရှောင်ရှားနိုင်ပါတယ်။
အဆိပ်ရှိတဲ့ မြွေတွေနဲ့ အဆိပ်ရှိမှန်း မသိရတဲ့ မြွေတွေကို ဖမ်းဆီးတာမျိုး၊ သွားစတာမျိုး မပြုလုပ်ပါနဲ့။ နေထိုင်တဲ့ နေရာက မြွေအန္တရာယ်များတဲ့ နေရာဖြစ်မယ်ဆိုရင် မြွေအကြောင်း ကောင်းကောင်းသိအောင်လုပ်ထားပြီး အမျိုးအစားခွဲခြားတတ်အောင့် လေ့ကျင့်ထားသင့်ပါတယ်။
Via : Hello Health Group
သုတဇုန်
Discussion about this post