Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူဇင်ဘတ်နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
လူဇင်ဘတ်နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

လူဇင်ဘတ်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံ၏တရားဝင်အမည်မှာ Grand Duchy of Luxembourg ဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ တောင်ဘက်တွင် ပြင်သစ်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျာမနီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။

လူဇင်ဘတ်နိုင်ငံသည် ၉၉၉စတုရန်းမိုင် ခန့်မျှ ကျယ်ဝန်းသော နေရာတွင် လူဦးရေ ၆သိန်း ခန့်မျှ ရှိသည်။ ကိုယ်စားပြု ဒီမိုကရေစီစနစ်နှင့် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ပြီး အုပ်ချုပ်သူမှာ နယ်စားထက် မြင့်ပြီး ဘုရင်ထက် နိမ့်သော ဂရင်းန်းဒျု ဖြစ်သည်။ ကမ္ဘာပေါ်တွင် နယ်စားကြီး အုပ်ချုပ်သည့် တစ်ခုတည်းသော အချုပ်အခြာအာဏာပိုင် ဖြစ်သည်။

သမိုင်းကြောင်းနှင့် မဟာဗျူဟာ အရ အရေးပါသော နေရာအဖြစ် ရှိခဲ့သည်မှာ ရောမခေတ်ကာလက ခံတပ်တည်ရှိရာနေရာနှင့် အလယ်ခေတ်အစောပိုင်းက ဖရန့်ကစ်ရှ် ကောင့်၏ ရဲတိုက် တည်ရှိရာနေရာ အဖြစ် ရှိခဲ့သည်။ စစ်ကြီးမဖြစ်မီအချိန်က ကမ္ဘာပေါ်တွင် အအေးချမ်း အသာယာဆုံးသော တိုင်းပြည်၏ အမည်ကိုမေးလျှင် လပ်ဇင်ဗူး ခေါ် လူဇင်ဘတ်နိုင်ငံ ကလေးကို ညွှန်ပြရပေမည်။ လက်နက်နိုင်ငံကြီး များ ဝိုင်းရံလျက်ရှိသော်လည်း တစ်ခါကမူ အလွန်အေးချမ်းသာယာသော နိုင်ငံငယ်တစ်ခု ဖြစ်ခဲ့၏။

လပ်ဇင်ဗူးသည် သာယာလှပသော တိုင်းပြည်ကလေးတစ်ပြည်ဖြစ် ၍ အကျယ်အဝန်းမှာ ၉၉၉ စတုရန်းမိုင်ဖြစ်၏။ မြေမျက်နှာပြင်မှာ မညီမညာဘဲ၊ သစ်တောများဖုံးလျက်ရှိသော ကုန်းမြင့်များဖြစ်၏။မြောက်ပိုင်း၌ မြင့်မားသော တောင်များရှိပြီးလျှင် တောင်ပိုင်း၌ မြေဩဇာကောင်းမွန်သော ဒေသများရှိလေသည်။ ဂျုံ၊ မြင်းစားဂျုံ၊ အာလူးနှင့် စပျစ်ပင်များ စိုက်ပျိုးကြ၏။ သံကိုတူးဖော်၍ အရည်ကျိုသည့်လုပ်ငန်းနှင့်အရက်ချက်သော လုပ်ငန်းများလည်းရှိ၏။

နိုင်ငံ၏အဓိပတိမှာ နတ်ဆောမြို့စားရိုးမှမြို့စားကြီး သို့မဟုတ် မြို့စားမကြီးဖြစ်၍ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့မှာ ယင်းကခန့်ထား၍ ဝန်ကြီးချုပ်ဦးဆောင်သည့် ကက်ဘိနက်အစိုးရအဖွဲ့ဖြစ် သည်။လက်ရှိဝန်ကြီးချုပ်မှာ Xavier Bettel ဖြစ်ပြီး နယ်စားကြီးမှာ Henri ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ကောင်စီဟူသည့် အကြံပေးအဖွဲ့လည်းရှိသေး သည်။ ဥပဒေပြုအဖွဲ့ဖြစ်သော ပြည်သူ့လွှတ်တော်တွင် အသက် ၂၁ နှစ် ပြည့်ပြီး နိုင်ငံသူ နိုင်ငံသားများကရွေးကောက် တင်မြှောက်ထားသည့် ကိုယ် စားလှယ်တော် ၅၆ ဦးပါဝင်သည်။ ပြည်တွင်းရှိ မီးရထားလမ်းများမှာ မိုင် ၃ဝဝ ကျော်သာရှည်လျား၏။

လူဇင်ဘတ်နိုင်ငံသည် ယခုအခါ ဂျာမနီနှင့်ပြင်သစ်နိုင်ငံကို ခြား ထားသော တိုင်းကျပ်ပြည်ကျပ်ကလေး တစ်ခုမျှသာဖြစ်သော်လည်း ၁၃၄၇ ခုနှစ်မှ ၁၄၃၇ ခုနှစ်အထိ စိုးစံခဲ့သော လူဇင်ဘတ်မင်းများမှာ ဘိုဟီးမီးယား ဘုရင်များဖြစ်ကြ၍ ရောမသာသနာစောင့်နိုင်ငံတော်ကြီးကိုလည်း ထိုသူတို့ အုပ်စိုးခဲ့ရလေသည်။ ၁၅ ရာစုနှစ်မှစ၍ လူဇင်ဘတ်နိုင်ငံကို ဗာဂန်ဒီ၊ ဩစတြီးယား၊ ပြင်သစ်နိုင်ငံနှင့်ဒပ်ခ်ျ တို့က အုပ်စိုးခဲ့ကြ၍ ၁၈၆၇ ခုနှစ်တွင် လွတ်လပ်သော ပြည်အဖြစ်ဖြင့် ကြေညာလိုက်သော်လည်း ပထမကမ္ဘာစစ် ဖြစ်သည်အထိ လပ်ဇင်ဗူးနိုင်ငံမှာ ဂျာမန်အကောက်တော် သမဂ္ဂ၌ ပါဝင်နေခဲ့ရ၏။ ပထမကမ္ဘာစစ်ဖြစ်ပွားသောအခါ ဂျာမနီ၏ သိမ်းပိုက်ခြင်းကို ခံရ ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ဂျာမနီလက်အောက်မှ လွတ်မြောက်ပြီးလျှင် ဗာဆေးစာချုပ်အရ လပ်ဇင်ဗူးနိုင်ငံ၏ လွတ်လပ်ရေးမှာ ပိုမိုခိုင်မြဲသွားလေ သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဂျာမနီတို့က ထပ်မံသိမ်းယူခဲ့ပြန်ရာ စစ်ကြီးပြီးမှ လွတ်မြောက်သွား၏။

နေထိုင်သူ လူဦးရေ ၆သိန်းတွင် မူရင်းလူဇင်ဘတ်လူမျိုး ၅၀.၉%၊ ပေါ်တူဂီလူမျိုး ၁၈.၂% ၊ ပြင်သစ်လူမျိုး ၁၃.၅% ၊ ဂျာမန် ၁၀.၃% နှင့် အခြားလူမျိုး ၇.၁% တို့ ပါဝင်ကြသည်။  ယုံကြည်ကိုးကွယ်မှုအနေနှင့်မူ ခရစ်ယာန်ဘာသာဝင် ၇၀% ၊ ဘာသာမဲ့ ၂၇%၊ အစ္စလမ် ၂.၆% နှင့် အခြားဘာသာဝင် အနည်းငယ်ရှိသည်။

လူဇင်ဘတ်သည် ဘာသာစကားသုံးစွဲမှု နှင့်ပတ်သတ်၍မူ ထူးခြားသည်ဟု ဆိုနိုင်သည်။ နိုင်ငံတော်ဘာသာစကားမှာ လူဇင်ဘတ်ဖြစ်သော်လည်း ကျောင်းတွင်သင်သည့်ဘာသာစကားမှာ ဂျာမန်ဖြစ်သည်။ သို့သော် လူအချင်းချင်းဆက်သွယ်ရာတွင် အများဆုံးသုံးစွဲသည့်ဘာသာစကားမှာ ပြင်သစ်စကား ဖြစ်နေပြန်သည်။ ပညာရေးကို အထူးအလေးပေးသောနိုင်ငံဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၉၉% သည် စာတတ်မြောက်ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း အထူးကောင်းမွန်ပြီး နှစ်စဉ်နိုင်ငံတော်စုစုပေါင်းဝင်ငွေ၏ ၇% ခန့်ကို နိုင်ငံသားတို့၏ ကျန်းမာရေးအတွက် ပြန်လည်သုံးစွဲလေ့ရှိသည်။ လူဇင်ဘတ် နိုင်ငံသားများသည် အသက်အလွန်ရှည်ကြ၍ နိုင်ငံသားတစ်ဦးစီ၏ ပျမ်းမျှအသက်သည် ၈၂.၄နှစ်ဖြစ်သည်။

တိုင်းပြည်၏ အဓိကဖြစ်သော စက်မှုလက်မှုလုပ်ငန်းများမှာ သိုး မွေးထည်၊ လက်အိတ်၊ စက္ကူ၊ အိုးခွက်၊ သားရေ၊ သကြား၊ အရက်ပျံ စသည်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြ၏။ နှစ်စဉ်ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံး သုံးနေရာအတွင်း အမြဲပါဝင်လေ့ရှိသည့် နိုင်ငံလေးဖြစ်သည်။ ဤနိုင်ငံတွင် အလွန်ဖွံ့ဖြိုးသော စီးပွားရေး ရှိပြီး နိုင်ငံတကာငွေကြေးအဖွဲ့၏ အဆိုအရ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ အများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၂၀၁၈ခုနှစ် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းမှ ထုတ်ပြန်သော အချမ်းသာဆုံးနိုင်ငံစာရင်းတွင်လည်း ကာတာနိုင်ငံနောက် ဒုတိယအချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။ တစ်ဦးချင်းစီ၏ ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ ဒေါ်လာ ၁၀၆၇၀၅ ဖြစ်သည်။

မြို့တော်မှာ လပ်ဇင်ဗူး (လပ်ဇင်ဗတ်)မြို့ဖြစ်၍ လူဦးရေ ၁သိန်းစွန်းစွန်းရှိပြီးလျှင် ဥရောပတိုက်တွင် အလှပဆုံးသော မြို့တစ်မြို့ဖြစ်၏။ မြို့မှာ နှစ်ထပ်ဆောက်ထားဘိသကဲ့သို့ အဆင့်နှစ်ဆင့်ရှိရာ ပထမအထပ်ကိုပေ ၂ဝဝ မြင့်သည့်တောင်စွန်းပေါ်၌ တည်ထား၍ အောက်ဒုတိယအဆင့်သို့ လှေကားထစ်များ၊ ဝင်္ကပါလမ်းများ၊ တံတားကြီးများဖြင့် ဆက်သွယ်ထား လေသည်။ ရှေးဟောင်း ဗိသုကာလက်ရာများဖြင့်တည်ဆောက်ထားသဖြင့် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်မြို့အဖြစ် သတ်မှတ်ခံထားရသောမြို့လည်းဖြစ်သည်။ အခြားထင်ရှားသောမြို့ကြီးများမှာ ဒုတိယမြို့တော် Esch-sur-Alzette နှင့် ပြင်သစ်နယ်စပ်မြို့ Dudelange တို့ဖြစ်ကြသည်။

လူဇင်ဘတ်နိုင်ငံ၏ ထင်ရှားသောနေရာများမှာ ရှေးဟောင်းအဆောက်အအုံများစွာတည်ရှိရာ Old Quarter ၊ အနုပညာ နှင့် သမိုင်းပြတိုက် ၊ မြို့စားကြီး၏နန်းတော် ၊ ၁၇ရာစု အဆောက်အအုံနှင့် နံရံများရှိရာ The Walls of the Corniche ၊ ခေတ်သစ်အနုပညာပြတိုက် Grand Duke Jean Museum ၊ သဲကျောက်များဝန်းရံထားရာ Berdorf မြို့ငယ်လေး ၊ Vianden ရဲတိုက် ၊ Bourscheid ရဲတိုက် နှင့် Sure သဘာဝဥယျာဉ် တို့ဖြစ်ကြသည်။

Tags: countries
Next Post
Asiatic lion လို့ခေါ်တဲ့ အာရှခြင်္သေ့တို့ အကြောင်း

Asiatic lion လို့ခေါ်တဲ့ အာရှခြင်္သေ့တို့ အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!