ဂျူးလိယက်ဆီဇာသည် ရောမစစ်သူကြီးနှင့် တိုင်းပြည် ခေါင်းဆောင်ကြီး ဖြစ်သည်။ ကမ္ဘာ့ သမိုင်း၌ မော်ကွန်းတွင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေ သည်။
ဂျူးလိယက်ဆီဇာသည် ရောမသူကောင်းမျိုးမှ ဆင်းသက် လာသူဖြစ်၍၊ ဘီစီ ၁ဝ၂ ခုနှစ်ခန့်တွင် မွေးဖွားခဲ့၏။ ထိုခေတ် အခါက ရောမမြို့သည် သမ္မတနိုင်ငံအဖြစ်ဖြင့်တည်ရှိခဲ့၏။ သူကောင်းမျိုးများပါဝင်သော ဆီနိတ်အဖွဲ့က စီမံခန့်ခွဲလျက်၊ ကွန်ဆာလူကြီး ရာထူးအပ်နှင်းခံရသူက တိုင်းပြည်ကို အုပ်ချုပ် ရ၏။ ထိုကွန်ဆာလူကြီးများသည် တန်ခိုးကြီးမားလာပြီးလျှင် အာဏာရှင်သဖွယ် ဖြစ်လာလေသည်။ ဂျူးလိယက်ဆီဇာသည် အထက်တန်းစားမိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း၊ ထိုခေတ်က ရောမမြို့တွင် သူကောင်းမျိုးနှင့် ဆင်းရဲသားတို့ အာဏာလုနေကြသည့် အရေးတွင် ဆင်းရဲသားပြည်သူတို့ဖက်သို့ ယိမ်းခဲ့ လေသည်။ ထို့ကြောင့် ၁၇ နှစ်သားအရွယ်တွင် မိမိ အတွက် ရွေးချယ်ထားသော သူဌေးသမီးကို မယူဘဲ၊ ဆင်းရဲ သား ပြည်သူ့ခေါင်းဆောင် ဆင်နာ၏ သမီး ကော်နီလီယာနှင့် လက်ထပ်ခဲ့သည်။
သူကောင်းမျိုးတို့၏ ခေါင်းဆောင် ရောမ အာဏာရှင် ဆာလာသည် ဆီဇာ၏ အပြုအမူကို ဒေါသထွက်၍ ဆီဇာအား ကော်နီ လီယာနှင့် ကွာရှင်းခိုင်းလေသည်။ သို့သော် ဆီဇာသည် ဆာလာ၏ အမိန့်ကို မလိုက်နာသဖြင့်၊ ရောမမြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ပြင်၊ သူ၏အိုးအိမ် ပစ္စည်းများကို လည်း အစိုးရဘဏ္ဍာတော်အဖြစ် သိမ်းယူခြင်း ခံခဲ့ရလေသည်။ ဆာလာကွယ်လွန်ပြီးနောက် ဘီစီ ၇၈ ခုနှစ်တွင် ဆီဇာ သည် ရောမသို့ပြန်လာခဲ့၏။ ထိုအချိန်မှစ၍ ပြည်သူတို့၏ အကျိုးကို ရှေးရှုလျက် ပြည်သူ့ ဝန်ထမ်းလုပ်ငန်းများကို အား ကြိုးမာန် တက်ဆောင်ရွက်ခဲ့လေသည်။
ဘီစီ ၆၆ ခုနှစ်တွင် ပြည်သူ့ကျမ်းမာရေးကစားခုန်စားပွဲများ၌ ကြီးကြပ်သူ ဖြစ်လာ သောအခါ၊ ခန်းနားထည်ဝါသော ကစားပွဲများ ဖြစ်မြောက်စေ ရန် ကိုယ်တိုင်ကြွေးတင်ခံ၍ပင် စီမံလုပ်ကိုင်ခဲ့၏။ ထိုအတွက် ကြောင့် ဆီဇာသည် အများ၏ ခင်မင်လေးစားမှုကို ရရှိခဲ့လေ သည်။ ဂျူးလိယက် ဆီဇာသည် ရောမနိုင်ငံတော်အုပ်ချုပ်ရေး၌ ချွတ်ယွင်းနေပုံကို သိမြင်ထား၏။ ရောမ နိုင်ငံတော်ကြီးမပျက် စီးစေရန် တစ်ဦးတစ်ယောက်၏ လက်ထဲတွင် အချုပ်အချာ အာဏာရှိသည့် အုပ်ချုပ်ရေးမျိုး လိုအပ်သည်ဟု ယုံကြည် ထား၏။ ထိုအခြေအနေကို သူသည်ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆထားလေသည်။
ဆီဇာသည် သူ၏ ရည်မှန်းချက်ထမြောက်အောင်မြင်ရေး အတွက် လူချစ်လူခင်ပေါသော စစ်ဗိုလ်ချုပ်ကြီး ပွန်ပီ၊ ငွေ ကြေးတောင့်တင်းသောသူဌေး ကရက်ဆပ်တို့နှင့် မိတ်ဖွဲ့ပူး ပေါင်း၍ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်လေသည်။ ထိုသို့ ဆောင်ရွက်သဖြင့် ဘီစီ ၅၉ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရ၏။ ဘီစီ ၆ဝ ပြည့်နှစ်တွင် ပွန်ပီ၊ ကရက်ဆပ်တို့နှင့်အတူ ပထမသုံးပွင့်ဆိုင်အဖွဲ့ဟူ၍ဖွဲ့ကာ ရောမ နိုင်ငံကို အုပ်ချုပ်လေသည်။
ဆီဇာသည် ပြင်သစ် နိုင်ငံဟုခေါ်သော ဂေါလနယ်ကို တာဝန်ခံအုပ်ချုပ်ရ၏။ ထိုအခါဆီဇာသည် သူ၏ ရည်မှန်းချက်အကောင်အထည် ပေါ်ရေးအတွက် ဆောင်ရွက်ရန် အခွင့်ကောင်းရလာတော့၏။ ဂေါလနယ်တွင် ၉ နှစ်ကျော်ခန့်နေ၍၊ အနောက်ဘက်ဒေသ များကို ရောမလက်အောက်သို့ တိုက်ခိုက်သိမ်းသွင်းခဲ့၏။ ဤသို့ဖြင့် ထိုစဉ်က လူအကြည်ညိုများသော ပွန်ပီကဲ့သို့ပင် မိမိလည်း စစ်သားကောင်းပီသကြောင်းကို အစွမ်းပြနိုင်ခဲ့လေ သည်။ ဆီဇာသည် ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးတို့အား တိုက် ခိုက်နှိမ်နင်းခဲ့၏။ ဗြိတိန်နိုင်ငံကိုလည်း ဘီစီ ၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ဘီစီ ၅၄ ခုနှစ်တွင်တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ်မျှ ဝင်ရောက်တိုက်ခိုက်ခဲ့၏။
ဆီဇာသည် ခေါင်းဆောင်မှုနှင့် စည်းရုံးမှုဘက် တွင်သာမက၊ စစ်ရေးစစ်မှုဖက်၌လည်း ထူးချွန် သည်ကို ထင်ရှားစေခဲ့သည်။ စစ်တိုက်ရာတွင် အေးအတူပူအမျှ သဘောထား၍ သာမန်စစ်သားတို့နှင့်အတူ ပြုမူလုပ်ကိုင်တတ် ခြင်းကြောင့် စစ်သည်တော်တို့၏ ချစ်ကြောက်ရိုသေမှုကို ခံယူ ခဲ့ရလေသည်။ ထိုသို့ အနောက်နိုင်ငံများတွင် စစ်ပွဲများကို အောင်နိုင်ကာ တန်ခိုးကြီးလာသောအခါ၊ ဆီဇာကို ရောမမြို့ရှိ ပွန်ပီသည် မနာ လိုစိတ်ဖြစ်ပေါ်လာတော့၏။ ထိုအတွင်း သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ ကရက်ဆပ်ကွယ်လွန်သွား၏။ ဤသုံးပွင့်ဆိုင်အဖွဲ့ပျက် သွား လေရာ၊ ပွန်ပီသည် ဆီဇာကို နှိမ်နင်းရန် အခွင့်ကောင်းယူ၍၊ ဘီစီ ၄၉ ခုနှစ်တွင် ဆီနိတ်အဖွဲ့အား ဆွဲဆောင်ပြီးလျှင် ဆီဇာ ၏ စစ်တပ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်စေလေသည်။
သို့သော် ဆီဇာသည်ရရှိပြီးသော တန်ခိုးအာဏာကို လက် မလွှတ်တော့ဘဲ၊ ၅ဝဝဝ တပ်ကိုဦးစီး၍ ဂေါလနယ်နှင့် ရောမ နိုင်ငံ၏နယ်ခြားဖြစ်သော ရူးဗီကွန်မြစ်ကိုဖြတ် ကျော်ကာ ရောမ မြို့သိုရှေးရှု ချီတက်လေသည်။ ဆီဇာ၏ စစ်တပ်နှင့် ပွန်ပီ၏ စစ်သည်များ တိုက်ခိုက်ကြရာ၌ ပွန်ပီ၏ စစ်သည်များရှုံးနိမ့်၍ ပွန်ပီသည် ဂရိနိုင်ငံသို့ ထွက်ပြေးရလေသည်။ ဆီဇာကလည်း ပွန်ပီဆုတ်ပြေးရာသို့ လိုက်၍ တိုက်ခိုက်လေရာ၊ ဘီစီ ၄၈ ခုနှစ်တွင်၊ ဖားဆေးတပ်တိုက်ပွဲ၌ ပွန်ပီမလှန်နိုင်အောင်နိုင်လိုက် လေသည်။ ထိုစစ်မြေပြင်မှ တစ်ဖန် ပွန်ပီသည် အီဂျစ်သို့ ထွက်ပြေးပြန်တော့၏။ ဆီဇာသည် ပွန်ပီထွက်ပြေးသော အီဂျစ် သို့ဆက်၍ လိုက်ပြန်သည်။ သို့သော် ဆီဇာအီဂျစ်သို့မရောက်မီ ပွန်ပီမှာ လုပ်ကြံခြင်းခံရလေ၏။
ထိုသို့ ရန်သူအားနှိမ်နင်းရန် လိုက်လံတိုက်ခိုက်ရာမှ ဆီဇာသည် အီဂျစ်ဘုရင်မ၊ ကလီယိုပါးထရားနှင့် တွေ့လေ သည်။ ကယ်လီယိုပါးထရားသည် ဆီဇာအား သူ၏ ရူပါရုံနှင့် ဖြားယောင်း၍၊ အီဂျစ်ပြည်၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် သို့ ရောက်အောင် သူ၏ ရန်သူအပေါင်းတို့အား တိုက်ခိုက်ရှင်း လင်းစေရာ၊ ဆီဇာကလည်း ထိုဘုရင်မ၏အလိုကျ ဆောင်ရွက် ပေးလေသည်။ ကယ်လီယိုပါးထရားနှင့် သားတစ်ယောက်ရရှိ ပြီးမှ၊ ဆီဇာသည် ရောမသို့ပြန်ခဲ့၏။ အီဂျစ်ဘုရင်မ ကယ်လီယိုပါးထရားကိုလည်း ရောမသို့ခေါ်ဆောင်ခဲ့လေသည်။
အီဂျစ်တွင်အောင်ပွဲများရရှိ ပြီးနောက် ဆီဇာသည် အာဖရိကနှင့် အာရှမိုင်းနားဖက်သို့ စစ်ဦးလှည့်၍ ရန်သူတို့အား နှိမ်နင်းခဲ့သေး၏။ စစ်ပွဲများတွင် ရှုံးသည်ဟူ၍မရှိ၊ နိုင်သည်ချည်းသာဖြစ်သောကြောင့် ဆီဇာသည် အာရှမိုင်းနားမှ ရောမမြို့တော်၌ရှိသော ဆီနိတ်အဖွဲ့သို့ ‘ကျွန်ုပ် ရောက်ခဲ့ရာအရပ်၊ မြင်တွေ့ခဲ့ရာအရပ်တို့၌ အောင်မြင်ခဲ့သည် ချည်းသာရှိ၏’ဟူသော အဓိပ္ပါယ်ရှိသည့် စကားသုံးလုံး ရေး သားပို့ခဲ့ရာ၊ ထိုစကားများမှာ ဥဒါန်းတွင်ရစ်ခဲ့သည်။ ဘီစီ ၄၆ ခုနှစ်တွင် ဆီဇာသည် အရှေ့ဘက်နိုင်ငံများမှ ရောမသို့ပြန်ခဲ့၏။ သို့ရာတွင် အေးဆေးစွာ မနေရသေးဘဲ၊ စပိန်ဖက်သို့ချီတက်ရ ပြန်သည်။
ပွန်ပီ၏သား ၂ ဦးသည် စစ်သည်အင်အားစုဆောင်း ၍ စပိန်တွင် ပုန်ကန်ထကြွကြ၏။ ဆီဇာသည် သူပုန်တို့အား မန်ဒါစစ်ပွဲတွင် နှိမ်နင်းလိုက်ပြီးနောက် တိုင်ပြည်ငြိမ်ဝပ်မှုကို အရယူခဲ့လေသည်။ ဆီဇာသည် ရောမမြို့တော်သို့ ဘီစီ ၄၅ ခုနှစ်တွင် ပြန် လည်ရောက်ရှိ၏။ ကျယ်ပြန့်သော ရောမနိုင်ငံတော်ကြီးသည် ဆီဇာ၏ လက်သို့ရောက်ခဲ့လေပြီ၊ အောင်ပွဲခံ ဆီဇာအား တိုင်းသူပြည်သားများသည် သောင်းသောင်းဖြဖြ ကြိုဆိုကြ၏။ ဆီနိတ်လူကြီးများသည် ဆီဇာအား များစွာချီးကျူး၍ တစ်သက် ပန် အာဏာရှင်ဘွဲ့ကို အပ်နှင်းကြ၏။ ဆီဇာ၏ ရုပ်ပုံတံဆိပ် ကိုရောမဒင်္ဂါးများပေါ်တွင် ခတ်နှိပ်သုံးစွဲကြ၏။ ပြည်သူ့စည်း ဝေးပွဲတစ်ရပ်တွင် ပြည်သူ့ကိုယ်စားလှယ် မတ်အန်တိုနီသည် ဆီဇာအား သရဖူကိုပင်ဆက်သခဲ့၏။ ဘုရင်အဖြစ် နန်းတင်ကြသော်လည်း ဆီဇာသည် လက်မခံခဲ့ပေ။အာဏာရပြီးချိန်မှစကာ နိုင်ငံတဝှမ်း ပြုပြင်ရေးများကို တက်တက်ကြွကြွပင်ဆောင်ရွက်သည်။
စစ်ပြန်ရဲဘော်များကို နေရာချထားပေးသည်။
ရောမမြို့ကြီးတွင် ဆင်းရဲသားများ အတည်တကျဖြစ်ရေးကို ဆောင်ရွက်ပေးသည်။
ယခင်က အနည်းငယ်မျှသာ သတ်မှတ်ထားသည့် ရောမမြို့သား အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ပြင်ဆင်ပေးသည်။
အီတလီတဝှမ်းမှ မြို့များရှိ စည်ပင်သာယာရေးအဖွဲ့များကို တူညီသည့် စနစ်များချပေးပြီးဆောင်ရွက်စေသည်။
ရောမဥပဒေကို စာဖြင့်ချရေးပြီး စနစ်တကျရှိစေရန် ကြိုးပမ်းခဲ့သည်။
ဆီဇာသည် မိမိလက်ဝယ်ရရှိလာသော တန်ခိုးအာဏာများ ကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချ၍ ပြုပြင်မှုများကို စတင်ဆောင်ရွက်လေသည်။ ချွတ်ယွင်းချက်တို့နှင့် ပြည့်နှက်နေ သော ပြက္ခဒိန်ကို စနစ်တကျ ပြင်ဆင်စေခဲ့၏။ အီတလီနိုင်ငံ အနှံ့အပြား၌ ဒေသန္တရအုပ်ချုပ်ရေး ထွန်းကားလာစေရန် စီစဉ် ခဲ့၏။ မရိုးသားသော ဘုရင်ခံများကိုပယ်၍ တည်ကြည်သူများ ကို ခန့်အပ်အစားသွင်းခဲ့၏။ ပွန်ပီ၏ ဖက်သား ဖြစ်စေကာမူ၊ အရည်အချင်းပြည့်စုံက နိုင်ငံဝန်ထမ်းရာထူးများတွင် လုပ်ကိုင် ခွင့်ပြု၏။ ရောမဆင်းရဲသားများအား ကားသေ့နှင့်ကော်ရင့်ပြည် တို့သို့ သွားရောက်နေထိုင်၍ နယ်သစ်ဖွင့်စေရန် အားပေးခဲ့၏။ လယ်ယာစိုက်ပျိုးရေးတိုးတက်စေရန် စီမံခဲ့၏။ သို့သော် ထိုသို့ သော တိုင်းပြည်ပြုလုပ်ငန်းများကို ဆီဇာသည် ခြောက်လခန့် မျှသာ ဆောင်ရွက်နိုင်ခဲ့လေသည်။
သရဖူကိုဆင်မြန်း၍ ဘုရင်အဖြစ်ခံယူရန် ဆီဇာငြင်းပယ် ခဲ့သည်မှာမှန်၏။ သို့ရာတွင် အချုပ်အချာအာဏာကို သူတစ်ဦး တည်းလက်၌သာ ထားရှိသဖြင့် ဆီနိတ်အဖွဲ့မှာ အုပ်ချုပ်ရေး ဖက်တွင် အရေးမပါတော့ဘဲ၊ အကြံပေးအဖွဲ့ဘဝသို့ လျှောကျ ခဲ့ရလေသည်။ ထိုအတွက်ကြောင့် သူ၏မိတ်ဆွေများကပင် ဆီဇာသည် အသက်ဦးဆံပိုင်ဘုရင်သဖွယ် အုပ်စိုးသွားတော့မည် ဟု အယူရှိလာကြသည်။ ထိုကြောင့် ဆီဇာအား လုပ်ကြံရန် စိုင်းပြင်းကြတော့သည်။
ဘီစီ ၄၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ တွင် ဆီနိတ်လွှတ်တော်အစည်းအဝေးရှိ၍ လွှတ်တော်ခန်းမကြီး၌ ဆီဇာထိုင်လိုက်သည်နှင့် မရှေးမနှောင်းပင် လုပ်ကြံမည့်လူတစ်စု သည် ဆီဇာအားဝိုင်း၍ ဓားနှင့်ထိုးရန်ဟန်ပြင်ကြ၏။ ဆီဇာ သည် ခုခံရန်ပြင်သည်တွင် လုပ်ကြံမည့်လူစု၌ မိမိနှင့်ရင်းနှီးသူ ဗရူးတပ် ပါဝင်သည်ကို မြင်သောအခါ ‘အော်၊ ဗရူးတပ်၊ သင် ကပင်ကြံရာပါဖြစ်နေပါတကား’ဟု မြည်တမ်းလျက် အားလျှော့ လိုက်လေသည်။ ဆီဇာသည် ဓား ချက်ပေါင်း ၂ဝ ကျော်မျှ အထိုးခံရပြီးနောက်၊ ရန်သူဟောင်း ပွန်ပီ၏ ကျောက်ရုပ်ခြေရင်းတွင် အသက်ပျောက်သွားရလေ သည်။
ဆီဇာသေလွန်သဖြင့် တစ်ပိုင်းတစ်စကျန်ရစ်ခဲ့သော ပြုပြင် ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြည် သူ့စာကြည့်တိုက်များ တည်ထောင်ခြင်း၊ ပွန်တိုင်ညွန်ပျောင်း ဒေသကို ခန်းခြောက်စေရန် ရေထုတ်မြောင်း တူဖော်ခြင်း၊ အော့စတီးယားဆိပ်ကမ်းကို တိုးချဲ့ခြင်း၊ သန်းကောင်စာရင်း ကောက်ယူခြင်း စသည်တို့ပင်ဖြစ်၏။ ဆီဇာသည်ကား စစ်ရေး နှင့် အုပ်ချုပ်ရေးဖက်တို့တွင်သာ ကျွမ်းကျင်သည်မဟုတ်၊ စာပေ ဖက်တွင်လည်း ထင်ရှားခဲ့ပေသည်။ တိုက်ယင်း ခိုက်ယင်း မအားလပ်ဖြစ်လျက်နှင့်ပင် လက်တင်ဘာသာဖြင့် မိမိတိုက်ခိုက် ခဲ့သော စစ်ပွဲများအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ သူ၏ ရေးသားပုံမှာ ရိုးရိုးနှင့်ပြတ်သား ရှင်းလင်းလှသောကြောင့် လက်တင်စာပေလိုက်စားသူတိုင်း ယနေ့တိုင် လေ့လာနေကြ ရလေသည်။
ဤသို့ အဖက်ဖက်တွင့် ပြည့်စုံ ထူးချွန်သူ ဆီဇာမှာ မနာ လိုသူများလက်ချက်ဖြင့် ကျဆုံးရလေရာ၊ ရောမနိုင်ငံတော် ကြီး သည် အဖိုးတန်သားကောင်းတစ်ယောက် ဆုံးရှုံးရလေတော့၏။ ဆီဇာ၏ ရန်သူများကား အသက်ဦးဆံပိုင် ဘုရင့်အုပ်ချုပ်ရေး စနစ်ကို တွန်းလှန်၍၊ သမ္မတနိုင်ငံထူထောင်ရန် ရည်မှန်းပြု လုပ်ခဲ့ကြသော်လည်း၊ နောင် ၁၇ နှစ်ကြာသောအခါ ဆီဇာ၏ အဆက်အနွယ်များသည် ရောမနိုင်ငံကို အသက်ဦးဆံပိုင်ဘုရင့် စနစ်ဖြင့်သာလျှင် အုပ်စိုးသွားကြလေသည်။
ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Discussion about this post