သရဲ တစ္ဆေဆိုတာမျိုးက မည်သည့်လူမျိုးဘာသာမှာ မဆိုရှိတဲ့အရာဖြစ်ပါတယ်။ ဒီနေရာမှာ သရဲတစ္ဆေ ယုံကြည်သူများစွာရှိသလို မယုံကြည်သူတွေလည်းရှိပါတယ်။ သိပ္ပံပညာအရ သရဲတစ္ဆေတွေကို သက်သေပြဖို့ရာမလွယ်ကူပေမယ့် တကယ်ကြုံတွေ့ခဲ့သူများရဲ့ သမိုင်းမှတ်တမ်း ၊ ကျမ်း တွေကတော့ အမြောက်အများရှိတဲ့အတွက် အများစု ယုံကြည်နေကြတာလည်း မဆန်းပါဘူး။ သရဲ မှတ်တမ်း ရာဇဝင်တွေ အမြောက်အများရှိတဲ့ အထဲမှာ ကမ္ဘာ့ပထမဆုံးသရဲလို့ ဆိုနိုင်တဲ့ အဖြစ်အပျက်တစ်ခုကို စိတ်ဝင်စားတဲ့ သုတဇုန် မိတ်ဆွေများအတွက် မျှဝေချင်ပါတယ်။
ဒီသရဲမှတ်တမ်းကတော့ အေဒီ ၁ရာစု ဝန်းကျင်မှာ ဂရိအတွေးအခေါ်ပညာရှင် Athenodorus ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာတော့ ဒီအကြောင်းကို ATHENODORUS AND THE GHOST ဆိုပြီး သိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ နီးပါးက သရဲဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်တုန်းက အေသင်မြို့မှာ အလွန်လှပတဲ့အိမ်တစ်လုံးရှိပါတယ်။ အလွန်လှပပေမယ့် သရဲခြောက်တယ်လို့ နာမည်ကြီးတာကြောင့် လူနေထိုင်ခြင်း မရှိခဲ့ပါဘူး။ နေထိုင်ခဲ့သူများဟာ သံကြိုးတန်းလန်းနဲ့ သရဲအဖိုးကြီးတစ်ယောက်ရဲ့ ခြောက်လှန့်ခြင်းကို ခံခဲ့ကြရပြီး ပြောင်းပြေးကုန်ကြတာပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ သရဲရှိတာကို မယုံကြည်တဲ့ လူငယ်တစ်စုဟာ သူတို့သတ္တိရှိကြောင်းကိုပြဖို့ ဒီအိမ်ကြီးမှာ လာအိပ်ခဲ့ကြပါတယ်။ အဲဒီညမှာပဲ လူငယ်တွေဟာ ဆိုးရွားတဲ့ညီးညူသံနဲ့ အတူ အရုပ်ဆိုးလှတဲ့ သရဲအဖိုးအိုကိုတွေ့လိုက်ရပါတယ်။ လက်မှာခြည်ထားတဲ့ သံကြိုးတွေ တချွင်ချွင်လှုပ်ခတ်ပြီးခြောက်လှန့်တဲ့အတွက် သရဲမယုံတဲ့လူငယ်တွေဟာ ကြောက်လန့်စွာ ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီနောက်တော့ အဲဒီအိမ်ကြီးကို ဘယ်သူမှ မစမ်းသပ်ရဲတော့ပဲ အချိန်အတော်ကြာခဲ့ပါတယ်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ အဲဒီအိမ်မှာနေမယ့်သူတစ်ယောက် ယောက်လာခဲ့ပါတယ်။ သူက တခြားနယ်က လာခဲ့တဲ့ အတွေးအခေါ်ပညာရှင် Athenodorus ဖြစ်ပါတယ်။ အိမ်ရှင်ကတော့ ဒီအိမ်မှာ သရဲအလွန်ခြောက်ကြောင်း ဖွင့်ပြောပေမယ့် Athenodorus က အကြောက်အလန့်မရှိပဲ ငှားရမ်းခဲ့ပါတယ်။ အဓိကအကြောင်းကတော့ အိမ်ကြီးဟာ စိမ်းစိုလှတဲ့ပတ်ဝန်းကျင်မှာ ရှိပြီး လှပတဲ့အပြင် ဈေးကလည်း ပုံမှန်ထက် အဆပေါင်းများစွာ သက်သာလွန်းနေတာကြောင့်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ပိုက်ဆံသိပ်တတ်နိုင်သူမဟုတ်သည့်အပြင် အကြောက်အလန့်ကင်းသူလည်းဖြစ်တာကြောင့် သရဲခြောက်ကြောင်းကို ကြားပေမယ့် အိမ်ကြီးကို ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။
စစ ငှားရမ်းပြီးနေထိုင်တဲ့ညမှာပဲ သူဟာ သရဲနဲ့တွေ့ပါတယ်။ အဲဒီညက သူဟာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရှု့နေခဲ့ပါတယ်။ ပထမ သံကြိုး ချိန်းကြိုးများ ပွတ်တိုက်သံကို ကြားရပါတယ်။ သူလှည့်မကြည့်ပဲ စာကိုဆက်ဖတ်နေခဲ့ပါတယ်။ ခဏအကြာမှာတော့ တစ်ကိုယ်လုံးအရိုးပေါ်အရေတင်နေပြီး ဆိုးရွားစွာ မျက်နှာပျက်စီးနေတဲ့ သရဲအဖိုးအိုဟာ သူ့ရှေ့ကိုရောက်လာခဲ့ပါတယ်။ လက်မှာတော့ သံချိန်းကြိုးတွေနဲ့ ချည်နှောင်ထားပါတယ်။ သရဲအဘိုးအိုဟာ Athenodorus ကို လက်ပြရင်း သူ့နောက်ကိုလိုက်ခဲ့ဖို့ ခေါ်ပါတယ်။
အတွေးအခေါ်ပညာရှင်ဖြစ်တာနဲ့ အညီ မကြောက်တတ်တဲ့ Athenodorus ဟာ သရဲအဘိုးအိုကို စာအုပ်နဲ့ ယမ်းပြရင်း အပြင်ကို ထွက်သွားခိုင်းပါတယ်။ ဒါပေမယ့် သရဲအဘိုးအိုဟာ ထွက်မသွားပဲ သံကြိုးကိုကျယ်လောင်သထက် ကျယ်လောင်အောင်လုပ်ပါတယ်။ စိတ်မရှည်တော့တဲ့ Athenodorus ဟာ တုတ်တစ်ချောင်းကို ဆွဲယူရင်း သရဲကို လိုက်ရိုက်ပါတယ်။ အဲဒီတော့မှ သရဲက ထွက်ပြေးရင်း ခြံဝန်းထဲက ခြုံပုတ်တစ်ခုအောက်ကို ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ အနီးအနားမှာပတ်ရှာပေမယ့် ဘာမှမတွေ့တော့တာကြောင့် ဝင်ရောက်ပျောက်ကွယ်သွားတဲ့ ခြုံပုတ်နေရာကို ကျောက်တုံးတွေနဲ့ အမှတ်အသားပြုကာ ပြန်ခဲ့ပါတယ်။
Athenodorus ဟာ ဒီအကြောင်းကို တရားသူကြီးတစ်ယောက်နဲ့ တိုင်ပင်ရင်းပြီး နောက်တစ်နေ့မှာ အလုပ်သမားတွေကို သူညက မှတ်သားခဲ့တဲ့နေရာကို တူးစေပါတယ်။ ၃ပေအထိဘာမှမတွေ့ပေမယ့်။ ၃ပေကျော်တဲ့အခါမှာတော့ အရိုးစု တစ်ခုကိုတွေ့ရပါတော့တယ်။ အရိုးစုရဲ့ လက်နှစ်ဖက်ကိုတော့ သံကြေးတက်နေတဲ့ သံချိန်းကြိုးတွေနဲ့ ချည်နှောင်ထားတာကို တွေ့လိုက်ကြရပါတယ်။ တရားသူကြီးက ဒီအရိုးစုဟာ ရာဇဝတ်မှုတစ်ခုကြောင့် အခုလိုတုပ်နှောင်ပြီး အပြစ်ဒါဏ်ခံခဲ့ရတယ်လို့ ယူဆပြီးတဲ့နောက် ရှိသမျှအပစ်များကျေပြီဖြစ်ကြောင်း အမိန့်ပြန်တမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက်တော့ အရိုးစုရဲ့လက်ကို တုပ်နှောင်ထားတဲ့ သံကြိုးတွေကို ဖြတ်ပစ်လိုက်ပြီး အခမ်းအနားတစ်ခုနဲ့ မြေမြုပ်သဂြိုဟ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အဲဒီအိမ်ကြီးမှာ သရဲအဘိုးကြီးကို ဘယ်တော့မှမတွေ့ရတော့ပါဘူး။ ဒီဖြစ်ရပ်ကို ရောမ စာပေပညာရှင် Pliny the Younger က ပြန်လည်ဖော်ထုတ်ခဲ့ရာမှာ ကမ္ဘာကသိသွားခဲ့တာဖြစ်ပြီး ကမ္ဘာ့သမိုင်းထဲက ရှေးအကျဆုံးသရဲလို့ ဆိုနိုင်ပါတယ်။
Discussion about this post