ဟိုမာကဗျာရယ်လို့ အမည်သာတွင်တယ်။ တကယ်ပဲ ဟိုမာ(Homer)စပ်ဆိုတာလားလို့ ငြင်းခုံကြတာ နှစ်ပေါင်းရာထောင်မကရှိခဲ့ပြီ။ ဘယ်တုန်းက ဘယ်မှာ ဘယ်လို က္ကလိယဒ်(the Iliad)နဲ့ သြဒက်စီ(the Odyssey)ကို ရေးစပ်ခဲ့ပါသလဲ။ အထက်ထက်က ရေးပြီးရှိတာကို ဘယ်လောက် မှီငြမ်းပြုပြီးရေးတယ်လို့ထင်ပါသလဲ။ က္ကလိယဒ်(the Iliad)နဲ့ သြဒက်စီ(the Odyssey)ကို ရေးစပ်သူဟာ တစ်ယောက်တည်းပဲလား။ တစ်မျိုးကိုတစ်ယောက်ရေးတာများလား။
ဟိုမာ(Homer)ဆိုတဲ့လူတောင် တကယ်ရှိခဲ့ဖူးတာ ဟုတ်ပါ့မလား။ ကဗျာနှစ်ပုဒ်စလုံးဟာ တဖြည်းဖြည်းအဖြစ်အပျက်တွေ အများကြီးကိုပေါင်းစပ်ပေးထားတာလား။ အယ်ဒီတာတွေက ဆရာမျိုးစုံရဲ့လက်ရာတွေကို ပေါင်းစပ်သွားတာများလား။ လေ့လာသူတွေနှစ်ပေါင်းများစွာ ကြာမြင့်အောင် လေ့လာပေမယ့် ဒီမေးခွန်းတွေကို ဖြေတဲ့အခါ မျိုးစုံပြောကြပါတယ်။ မညီမညွှတ်ဖြစ်မြဲပါပဲ။ ဒီလိုဆိုရင်ခေတ်ဟောင်းကိုလေ့လာတဲ့ ပညာရှင်မဟုတ်ရင် အဖြေမှန်ကိုမရနိုင်ဘူး။ အဖြေကိုကျွန်တော်လည်းမသိပါ။ ဒါပေမယ့်ဒီစာအုပ်မှာ ဟိုမာ(Homer)ကို (တစ်နေရာရာပေးရမယ်ဆိုရင်)အောက်မှာပေးထားတဲ့ မှန်းဆချက်တွေကိုထည့်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။
ပထမမှန်းဆချက်က တစ်ဦးတစ်ယောက်က ခေါင်းတည်ပြီး က္ကလိယဒ်ကို ရေးရမှာဖြစ်ပါတယ်။ (ကော်မတီဖွဲ့ပြီးရေးတာမျိုးလို တစ်ယောက်တစ်ပေါက်နဲ့ကချော်ကချွတ်မဟုတ်ဘူး။) ဟိုမာ(Homer)မတိုင်မီက ရာစုနှစ်များစွာကို အခုပြောနေတဲ့ အကြောင်းအရာမျိုးကို ရေးစပ်ထားတဲ့ကဗျာတိုလေးတွေကို ဂရိ(Greek)တခြားကဗျာဆရာတွေကရေးခဲ့ရမယ်။ ဟိုမာ(Homer)က အဲဒါတွေကို အများကြီးယူသုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဟိုမာ(Homer)ဟာ က္ကလိယဒ်ဖြစ်အောင် အတိုအထွာတွေကို စီပေးတာလောက်သာလုပ်တယ်လို့မထင်ပါ။ သူ့မှာ အကောင်းအဆိုးရွေးချယ်နိုင်တဲ့အစွမ်း အစီအစဉ်ကောင်းအောင်လုပ်ပေးနိုင်တဲ့အစွမ်း စကားလုံး(ဝေါဟာရ)ပိုပြီးအချိုးကျအောင် စီစဉ်ပေးနိုင်တဲ့အစွမ်း လိုရင်လည်းဖြည့်နိုင်တဲ့အစွမ်းရှိရမယ်။)အဲဒီလိုလုပ်တဲ့အခိုက်မှာ နောက်ဆုံးသူကိုယ်တိုင်ဟာ ရသမြောက်အောင် ထူးထူးခြားခြား လက်စသတ်ပုံဖော်ပေးနိုင်သူ ဖြစ်ရမယ်။
ဟိုမာ(Homer)ဆိုတဲ့လူဟာ ခုလိုပြောင်မြောက်တဲ့လက်ရာကို ခရစ်မပေါ်မီ ရှစ်ရာစုလောက်က ဖော်ထုတ်ခဲ့တာဖြစ်မယ်ထင်ပါတယ်။ ဒါ့ထက်ပဲစောမယ်လို့ ပြောတဲ့လူတွေရှိပေမယ့် ဒီရက်စွဲဟာ အဖြစ်နိုင်ဆုံးရက်စွဲလို့ ထင်ပါတယ်။ ပြီးတော့ ဒီလူပဲ သြဒက်ဆီ(the Odyssey)ကို ဖွဲ့ဆိုတဲ့လူဖြစ်ရမယ်လို့ယူဆပါတယ်။ (ဖွဲ့ဆိုပုံကွဲလို့)ကဗျာနှစ်ပုဒ်ကို ဆရာနှစ်ဦးရေးတာ ဖြစ်ဖို့များတယ် လို့ ဆိုနိုင်စရာရှိပေမယ့် ရေးစပ်ပုံကွဲတာနဲ့ ရေးစပ်ပုံဆင်တူတာတွေကို တန်းစီပြီးကြည့်ရင် တူတာကများပါတယ်။
ပြောပြီးသမျှကို အချူပ်ဆိုရသော် ဟိုမာ(Homer)ရဲ့အကြောင်းကို နည်းနည်းလေးပဲသိတယ်ဆိုတာ ထင်ရှားတယ်။ ဘဝနဲ့ပတ်သက်ပြီး သေချာတဲ့အချက်အလက်မရှိ ခေတ်ဦး ဂရိ(Greek) အခါကာလကစပြီး ပြောစကားတွေအရ ဟိုမာ(Homer)ဟာ မျက်မမြင်ဒုက္ခိတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်အဖြစ်အပျက်တွေကို စေ့စေ့စုံစုံရေးချက်အရ ဟိုမာ(Homer)ရဲ့ဇာတိက အိုင်အိုနိယ(Ionia)ဆိုတဲ့ အေဂျင်ပင်လယ်(Aegean Sea)အရှေ့ဘက်ကမ်းက နယ်ဖြစ်မယ်။
အခုလိုကဗျာတွေကို ရှည်ရှည်ကျယ်ကျယ်သီကုံးရင် စာနဲ့ချမရေးဘဲဖြစ်နိုင်စရာရှိပါ့မလားလို့မေးပါ။ ပညာရှင်အများစုကတော့အနည်းဆုံး စတင်သီကုံးတဲ့အခါ နောက်ဆုံးအဆုံးသတ်တဲ့အထိ နှုတ်နဲ့ပဲသီကုံးခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ ဒီလိုဆိုရင်ဘယ်အချိန်က အက္ခရာတင်သလဲမေးရင် အတိအကျပြောမရပါ။ ဘယ်လောက်ရှည်တဲ့ကဗျာလဲဆိုရင် (အတွဲလိုက်လင်္ကာ ၂၈၀၀၀ နှစ်သောင်းရှစ်ထောင်ရှိပါတယ်။) ဒါတွေကိုအမှားအယွင်း အကျော်အနင်း အကျအပေါက်မရှိအောင် ရေးမထားရင်မဖြစ်နိုင်ပါလို့ ယူဆရမလို့ဖြစ်နေပါတယ်။
ဘယ်အခြေအနေနဲ့သီကုံးခဲ့တာဖြစ်ဖြစ် ခရစ်မပေါ်မီ ခြောက်ရာစုနှစ်ကပဲ ဒီလင်္ကာတွေဟာ သိပ်ရှေးကျတဲ့လင်္ကာတွေဖြစ်နေပါပြီ။ အဲဒီအချိန်ကပဲ ဟိုမာ(Homer)ရဲ့ အတ္ထုပတ္တိကို မပြောပြနိုင်ကြတော့ပါ။ အဲဒီနောက် ဂရိ(Greek)တွေက သြဒက်ဆီ(the Odyssey)နဲ့ က္ကုလိယဒ်(thr Iliad)ဟာ သူတို့အမျိုးသားစာပေမှာ အခေါင်အထွတ်ကရှိတယ်လို့ သတ်မှတ်ပြီးဖြစ်နေပါပြီ။ ယခင်အခုကြားထဲက ရာစုနှစ်ပေါင်းများစွာကပဲ အဖြည့်အဖြုတ် ဘယ်လိုပဲပါပါ ဟိုမာ(Homer)ရဲ့ဂုဏ်သတင်းကလည်း ကျဆင်းသွားခြင်းမရှိပါ။
ဟိုမာ(Homer)သိပ်ကျော်ကြားလို့ အခုလို နောက်တန်းအများကြီးကျအောင်လို့ ထားမိတဲ့အတွက် ကျွန်တော် သိပ်ပြီးမှားပြီလို့ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါပေမယ့်စာပေပညာရှင်တွေကို သူတို့ရဲ့လက်ရာနဲ့သူတို့ဇာတ်ကောင်တွေရဲ့အစွမ်းကိုချင့်ပြီး ဒီစာအုပ်မှာ နေရာထားတာဖြစ်လို့ အခုလိုဖြစ်ပေါ်လာတဲ့ကြောက်စိတ်ကိုဖြေရပါတယ်။ ဟိုမာ(Homer)နဲ့ပတ်သက်တဲ့အချက်က လူကျော်ကြားသလောက် သြဇာသက်ရောက်မှုမရှိတာကိုတွေ့ရပါတယ်။ ကနေ့စာသင်ကျောင်းတွေမှာ ဟိုမာ(Homer)အကြောင်းကိုပြောကြပေမယ့် လူတွေဟာ အထက်တန်းကျောင်းနဲ့ကောလိပ်ပြီးရင် သူ့အကြောင်းကိုမပြောကြတော့ပါ။
ရှိတ်စပီးယား(Shakespeare)ရဲ့ ပြဇာတ်နဲ့ကဗျာတွေကိုလူတွေကဖတ်လည်းဖတ် ကလည်းက ပွဲကြည့်သူ စာနာသူ ဘယ်တော့မှမလျော့တာနဲ့ သွားနှိုင်းလို့မရပါ။ ဟိုမာ(Homer)ကို ကိုးကားပြီးပြောသူလည်းရှားတယ်။ ဟိုမာ(Homer)ပြောပုံမျိုးကို ဗာ့တလက်(Bartlett)မှာ ပါတတ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ပြောစကားမှာမတွေ့ပါ။ ရှိတ်စပီးယား(Shakespeare)နဲ့ အဲဒီလိုကွာရုံသာမက တခြားစာရေးဆရာတွေဖြစ်တဲ့ ဘင်ဂျမင်ဖရန်ကလင်း(Benjamin Franklin)နဲ့ဖြစ်ဖြစ် အိုမာခယမ်(Omar Khayyem)နဲ့ဖြစ်ဖြစ် အရည်အသွေးချင်းကွာခြားလှပါတယ်။ လူပြောများတဲ့ တစ်ပဲနိ(Penny)မသုံးရင် တစ်ပဲနိ(Penny)ဝင်ငွေပေါ့ ဆိုတာမျိုးဟာ လူပုဂ္ဂိုလ်ရဲ့အကျင့်ဖြစ်ဖြစ် နိုင်ငံရေးသဘောထားဆုံးဖြတ်ချက်ကိုဖြစ်ဖြစ် ကနေ့လူတွေရဲ့အပြောမှာ လွှမ်းမိုးနိုင်တဲ့အသုံးမျိုး ဟိုမာ(Homer)မှာ မတွေ့ပါ။
ဒီလိုဆိုရင် ဟိုမာ(Homer)ကို ဒီစာအုပ်မှာ ဘာပြုလို့ထည့်ချင်နေပါလဲလို့ မေးစရာဖြစ်ပြန်တယ်။ အကြောင်းပြစရာအချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က အခုလို ရာစုနှစ်တွေအများကြီးမှာ ဟိုမာ(Homer)ရဲ့ကဗျာကို ကြားဖူး နာဖူး ဖတ်ဖူးသူသိပ်များတယ်။ ရှေးအခါမှာ ဟိုမာ(Homer)ရဲ့ကဗျာတွေဟာ အခုအခါမှာထက် ပိုပြီးလူကြိုက်များတယ်။ ဂရိ(Greek)မှာဆိုရင် သူ့လက်ရာကိုလူအများကသိတယ်။လူအများရဲ့ယုံကြည်မှုနဲ့အမူအကျင့်တွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သြဒက်စီ(the Odyssey)နဲ့ က္ကုလိယဒ်(the Iliad)ကို စာပေဝါသနာရှင်တွေသာမက စစ်မှုထမ်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေပါ အသုံးပြုကြတယ်။
ရှေးရောမ(Roman)ခေါင်းဆောင်တွေက ဟိုမာ(Homer)ကို ကိုးကားတယ် မဟာအလက်ဇန္နား(Alexander the Great)ဆိုရင် က္ကုလိယဒ်ကိုစစ်ထွက်တဲ့အခါ ဖတ်ဖို့ယူသွားတယ်။ အခုအခါမှာလည်း ဟိုမာ(Homer)ကို တချိုူ့လူတွေကနှစ်သက်တယ်။ ကျွန်တော်တို့လည်း ကျောင်းမှာတုန်းက ဟိုမာ (Homer)ကောက်နှုတ်ချက်တွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါ့ထက်ပိုပြီး အရေးပါတဲ့အချက်က စာပေမှာ ဟိုမာ(Homer)ရဲ့ သြဇာကိုတွေ့နေရတာဖြစ်ပါတယ်။ ရှေးခေတ်ဂရိ(Greek)ကဗျာဆရာနဲ့ ပြဇာတ်ရေးဆရာတွေက ဟိုမာ(Homer)ကို စွဲစွဲလမ်းလမ်းအသုံးချကြတယ်။ ဥပမာ ဆရာတွေက ဟိုမာ(Homer) ၊ ယူရိပိဒက်စ်(Euripides)နဲ့ အရစ္စတိုတယ်(Aristotle)ဆိုသလို လူနည်းနည်းကိုပဲကြည့်လိုက်ရင် ဟိုမာ(Homer)အစွဲအလမ်းကြီးသူတွေဖြစ်တာကို တွေ့ရပါတယ်။ သူတို့က စာပေခန့်ခန့်ဆိုရင် ဟိုမာ(Homer)ကို စံတင်ကြပါတယ်။
ဟိုမာ(Homer)ကို ရှေးရောမ(Rome)စာရေးဆရာတွေကလည်းအထင်ကြီးပါတယ်။ အကောင်းစံအဖြစ် သူ့ကဗျာတွေကိုထားတယ်။ ရောမစာရေးဆရာတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်တဲ့ ဗာဂျီလ်(Virgil)ဆိုရင် သူ့အကောင်းဆုံးလက်ရာဖြစ်တဲ့ အေယဲန်နိဒ်(the Aeneid)ကို သိသိသာသာက္ကုလိယဒ်(the Ilaid)နဲ့ သြဒက်ဆီ(the Odyssey)ပုံ ချိုးပါတယ်။ အခုခေတ်သစ်မှာပဲ ထင်ရှားတဲ့စာရေးဆရာဆိုရင် ဟိုမာ(Homer)ကို တိုက်ရိုက်အတုယူချင်သူ တိုက်ရိုက်မဟုတ်ရင်လည်း ဆိုဖိုကလိစ်(Sophocles)နဲ့ ဗာဂျီလ်(Virgil)ဆိုတဲ့ ဟိုမာ(Homer)ကို အထင်ကြီးသူတွေကတစ်ဆင့် အတုယူကြပါတယ်။ သမိုင်းမှာ သူ့လိုစာရေးဆရာလောက် ကျယ်ကျယ်ပြန့်ပြန့် ကြာကြာရှည်ရှည် သြဇာကြီးသူမရှိပါ။
အခုပြောတဲ့နောက်ဆုံးအချက်ဟာ အခရာဖြစ်ပါတယ်။ အရင်အနှစ်တစ်ရာအတွင်းမှာ တော်လ်စတွိုင်း(Tolstoy)ရဲ့စာကို ဖတ်သူများတယ်။ သူဟာ ဟိမာ(Homer)ထက် သြဇာရှိတယ်။ ဒါပေမယ့် တော်လ်စတွိုင်း(Tolstoy)တို့က ဟိုမာ(Homer)လို ရှေ့အနှစ်နှစ်ထောင်ခြောက်ရာတိုင်အောင် သြဇာရှိနိုင်ပါ့မလား။ ဟိုမာ(Homer)သြဇာရှိပုံက အနှစ်နှစ်ထောင်ခုနှစ်ရာကျော်ရင်သာ ကျော်မယ်။ ဒါထက်မလျော့ပါ။ ဒါကို အသေအချာ အချိန်ကာလကြာမြင့်တာမျိုးစာပေသာမက တခြားဘယ်သူ့အစွမ်းမှာမှ တွေ့နိုင်ကြမှာမဟုတ်ပါ။
ဒေါက်တာသန်းထွန်း- ကျော်စွာ ၁၀၀ မှ
Discussion about this post