ကနေဒါနိုင်ငံသည် မြောက်အမေရိကတိုက် မြောက်ဖက်ပိုင်းရှိ ပြည်နယ် ၁၀ ခုနှင့် နယ်မြေ ၃ ခု ပါဝင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ပစိဖိတ် သမုဒ္ဒရာတို့မှတဆင့် မြောက်ဖက် အာတိတ်သမုဒ္ဒရာ အထိ ကျယ်ဝန်းပြီး စတုရန်းမိုင်ပေါင်း ၃.၈၅ သန်း (စတုရန်းကီလိုမီတာ ၉.၉၈ သန်း) မျှ ကျယ်ဝန်းသည်။ စုစုပေါင်း ဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ရုရှားနိုင်ငံ၏နောက် ဒုတိယမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နယ်စပ်မှာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကုန်းမြေ နယ်နိမိတ်မျဉ်း ဖြစ်သည်။
ယခု ကနေဒါဟု ခေါ်တွင်သော နေရာမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် ရှေးဦးလူမျိုးများ အခြေချ နေထိုင်ခဲ့ကြသည်။ ယနေ့ခေတ် ကနေဒါနိုင်ငံရှိ ရှေးဦးနေထိုင်သူများတွင် ဖတ်စ်နေးရှင်း၊ အီးနွစ် နှင့် မဲတစ် လူမျိုးများ ပါဝင်ပြီး နောက်တစ်မျိုးမှာ ၁၇ ရာစုခန့်က ဖတ်စ်နေးရှင်း နှင့် အီးနွစ် လူမျိုးတို့ ဥရောပမှ လာရောက် အခြေချ နေထိုင်သူတို့နှင့် ပေါင်းဖက်ရာမှ ဆင်းသက်လာသော လူမျိုးများ ဖြစ်သည်။ ရှေးဟောင်းသုတေသန နှင့် မျိုးရိုးဗီဇ လေ့လာဆန်းစစ်ချက် တို့အရ ဘီစီ ၁၃,၀၀၀ မှ ၁၂,၀၀၀ ကြား ကာလမှစ၍ မြောက်ပိုင်း ယူကွန်း ဒေသတွင်လည်းကောင်း၊ ဘီစီ ၇,၅၀၀ ခုနှစ်မှစ၍ တောင်ပိုင်း အွန်တေရီအို ဒေသတွင် လည်းကောင်း လူသားတို့ ရှိနေခဲ့သည့် လက္ခဏာများကို တွေ့ရသည်။ ထို ပထမဆုံး အခြေချ နေထိုင်သူများမှာ ဘဲရင်း ရေလက်ကြားတွင် ကုန်းမြေအဖြစ် အာရှ နှင့် အမေရိကကို ဆက်စပ်နေခဲ့သော နေရာကို ဖြတ်ကျော်၍ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ပေလီယို အင်ဒီးယန်း ရှေးဟောင်းသုတေသန နေရာများ ဖြစ်သော ကျီးအို လတာပြင် နှင့် ငါးပြာဂူတို့မှာ ကနေဒါရှိ လူတို့ အခြေချ နေထိုင်ရာ အစောဆုံး နှစ်နေရာ ဖြစ်သည်။
နယ်ပယ်သစ်ရှာဖွေသူ ပြင်သစ်လူမျိုး ဂျက်ကီကာတီးယားသည် ၁၅၃၄ ခုနှစ်တွင် စိန့်လောရင့်ပင်လယ်ကွေ့ကို တွေ့ရှိခဲ့သည်။ သူ့အား ကနေဒါနိုင်ငံကို တည်ထောင်သူအဖြစ် ယေဘုယျအားဖြင့် မှတ်ယူကြသည်။ သို့သော် အင်္ဂလိပ်လူမျိုး သင်္ဘောသား ဂျွန်ကာဘော့က နယူးဖောင်လန်ကျွန်းကို ၃၇ နှစ်စော၍ ၁၄၉၇ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ဗိုက်ကင်းများကမူ ၎င်းတို့ထက်အလျင် ရာစုနှစ်ပေါင်းများစွာ စော၍ အတ္တလန္တိတ်ကမ်းရိုးတန်းသို့ ရောက်ရှိခဲ့ကြောင်း ယုံကြည်ရသည်။ ၁၅ ရာစု နှောင်းပိုင်းတွင် ဗြိတိသျှနှင့် ပြင်သစ်တို့က ထိုဒေသရှိ အတ္တလန္တိတ် ကမ်းရိုးတန်းတွင် ကိုလိုနီနယ်မြေများ တည်ထောင်ခဲ့ကြသည်။ ကနေဒါတွင် အခြေချနေထိုင်မှုကို ပြင်သစ်တို့က စတင် လမ်းဖွင့်ပေးခဲ့ကြသည်။ ကွိဘက်စီးတီး (၁၆၀၈)နှင့် မွန်ထရီယာယ် (၁၆၄၂) မြို့များကို တည်ထောင်အောင်မြင်ပြီးနောက် ၁၆၆၃ ခုနှစ်၌ ပြင်သစ်ပြည်သစ် ကိုလိုနီတစ်ခုအဖြစ် ကြေညာခဲ့သည်။
အမေရိကန်တော်လှန်ရေး ကာလတွင် ကနေဒါသို့ ဗြိတိသျှများ ပိုမိုရောက်လာကြသည်။ ၎င်းတို့မှာ သူတို့ကိုယ်သူတို့ စည်းလုံးညီညွတ်သော အင်ပါယာ၏ သစ္စာခံများဟု ဂုဏ်ယူခေါ်ဝေါ်ကြသူများ ဖြစ်သည်။ သူတို့သည် အမေရိကန်ပြည်ထောင်စုမှ မြောက်ဘက် ကနေဒါသို့ ပြောင်းရွှေ့ဝင်လာကြသည်။ သားမွှေးကုန်သည်များနှင့် နယ်မြေသစ် ရှာဖွေသူများသည် မြောက်အမေရိကတိုက်ကို ဖြတ်၍ ကနေဒါအနောက်ဘက်သို့ ခရီးဆန့်ခဲ့ကြသည်။ ဆာအလက်ဇန္ဒားမက္ကင်ဇီသည် ၁၇၉၃ ခုနှစ်တွင် ပစိဖိတ်ကမ်းခြေသို့ ခရီးပေါက်ခဲ့သည်။ သမုဒ္ဒရာကမ်းစပ်ရှိ ကျောက်ဆောင်ပေါ်တွင် “ကနေဒါမှ ကုန်းကြောင်းဖြင့်” ဟု ရေးထွင်းထားခဲ့သည်။
ပဋိပက္ခ အမြောက်အမြား ဖြစ်ပွားပြီးနောက် ယူနိုက်တက်ကင်းဒမ်းမှ မြောက်အမေရိကနယ်မြေများကို ရရှိခြင်း ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရာစု နှောင်းပိုင်းတွင် ယနေ့ ကနေဒါ နိုင်ငံ နေရာသာ ပိုင်ဆိုင်ခဲ့တော့သည်။ ၁၈၆၇ ဇူလိုင်လ ၁ ရက်တွင် ဗြိတိသျှ မြောက်အမေရိက ဥပဒေ အရ ကိုလိုနီနယ်မြေ သုံးခု ပေါင်းစပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကနေဒါဖက်ဒရယ်ဒိုမီနီယံကို တည်ထောင်ခဲ့ကြသည်။ ထိုမှစ၍ ပြည်နယ် များ နယ်မြေများဖြင့် ကိုယ်ပိုင်အုပ်ချုပ်သည့် ဒိုမီနီယံအဖြစ် ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဝက်မင်စတာစတက်ကျု ဥပဒေ ၁၉၃၁ ဖြင့် ဗြိတိသျှတို့က ကနေဒါနိုင်ငံအား လုံးဝနီးပါး လွတ်လပ်ရေး ပေးခဲ့ပြီး ၁၉၈၂ ခုနှစ် ကနေဒါဥပဒေအရ ဗြိတိသျှပါလီမန် အပေါ်တွင် ဥပဒေရေးရာ မှီခိုမှု အကြွင်းအကျန် အားလုံးကို ဖြတ်တောက်ပြီး အပြည့်အဝ အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်လာခဲ့သည်။
ကနေဒါသည် ကမ္ဘာ၏ မြောက်ဖျားစွန်းတွင် နေထိုင်သူများ ရှိရာ နေရာ ဖြစ်ပြီး အယ်လ်စမီးယားကျွန်း၏ မြောက်ဖျားပိုင်း မြောက်လတ္တီကျု ၈၂.၅ ဒီဂရီ မြောက်ဝင်ရိုးစွန်းမှ ၅၀၈မိုင် (၈၁၇ ကီလိုမီတာ) အကွာအဝေး တွင် ကနေဒါ စစ်တပ်၏ တပ်စခန်း တည်ရှိသည်။ ကနေဒါ၏ အာတိတ်ဒေသ နေရာ အများစုကို ရေခဲများ နှင့် အစဉ်အေးခဲနေသော နက်ရှိုင်းမြေလွှာ များဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကမ်းရိုးတန်း ရှိရာ နိုင်ငံ ဖြစ်ပြီး စုစုပေါင်း အရှည် ၁၂၅,၅၇၀ မိုင် (၂၀၂,၀၈၀ ကီလိုမီတာ) မျှ ရှည်လျားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် နယ်နိမိတ်မှာလည်း ကမ္ဘာ့ အရှည်လျားဆုံးဖြစ်ပြီး ၅,၅၂၅မိုင်(၈,၈၉၁ ကီလိုမီတာ) မျှ ရှည်လျားသည်။
နောက်ဆုံး ရေခဲခေတ် ပြီးသည့် အချိန်မှစ၍ ကနေဒါနိုင်ငံတွင် ကနေဒါရှီးလ် ပေါ်ရှိ တိုင်ဂါ သစ်တော အပါအဝင် ထင်ရှားသော သစ်တော ဒေသ ၇ မျိုး ရှိသည်။ ကနေဒါတွင် ကြီးမားသော ရေကန်ပေါင်း ၃၁,၇၀၀ ကန် ရှိပြီး အခြား တိုင်းပြည်များထက် အဆပေါင်းများစွာပိုပြီး ကမ္ဘာပေါ်ရှိ ရေချိုများ၏ အစိတ်အပိုင်း အတော်များများ ပင် ဖြစ်သည်။ ထို့ပြင် ကနေဒါ ရော့ကီးတောင်တန်း နှင့် ကမ်းရိုးတန်း တောင်ကုန်းများတွင် ရေချို ရေခဲမြစ် များ ရှိသည်။
ကနေဒါသည် ဘူမိဗေဒအားဖြင့် အပြောင်းအလဲ များသော နိုင်ငံ ဖြစ်ပြီး ငလျင် မကြာခဏ လှုပ်တတ်ကာ မီးတောင်ရှင် များလည်း ရှိသည်။ မီးတောင်များတွင် ထင်ရှားသည်မှာ မီဂါတောင်၊ ဂါရီဘော်ဒီတောင်၊ ကေလေးတောင် နှင့် အက်ဒီဇာ မီးတောင်များ တို့ ဖြစ်ကြသည်။ ၁၇၇၅ ခုနှစ် ဆဲ့စ် မီးတောင်ကတော့ ပေါက်ကွဲခြင်းသည် ကနေဒါနိုင်ငံ၏ အဆိုးရွားဆုံးသော သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ရခြင်း ဖြစ်ပြီး နစ်စဂါ လူမျိုး ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဗြိတိသျှ ကိုလံဘီယာ မြောက်ပိုင်း နက်စ်မြစ်ဝှမ်းရှိ ၎င်းတို့၏ ကျေးရွာကို ပျက်စီးစေခဲ့သည်။ မီးတောင်ပေါက်ကွဲမှုမှ ၁၄မိုင် (၂၂.၅ ကီလိုမီတာ) တိုင်အောင် ချော်ရည်များ စီးထွက်ခဲ့ပြီး နစ်စဂါလူမျိုးတို့၏ ပါးစပ်ရာဇဝင် အရ နက်စ်မြစ်၏ စီးဆင်းမှုကိုပင် ပိတ်ဆို့စေခဲ့သည် ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လူမျိုးပေါင်းအစုံဆုံး နှင့် ယဉ်ကျေးမှုစနစ် အစုံဆုံးရှိသော နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အကြောင်းမှာ နိုင်ငံပေါင်း များစွာမှ လူအများအပြား ပြောင်းရွှေ့နေထိုင်လာခြင်းကြောင့် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၃၅ သန်းခန့် ရှိသည်။ နိုင်ငံအကျယ်အဝန်းနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသော လူဦးရေဖြစ်သည်။ တောင်တန်းတောင်ကုန်း ထူထပ်များပြားခြင်း ၊ အလွန်ပေါများသော ရေကန်များရှိခြင်းကြောင့်ဟု ဆိုရပေမည်။ နိုင်ငံ၏ တိုးတက်သော စီးပွားရေးစနစ်မှာ ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် အကြီးဆုံး ဖြစ်ပြီး အလျှံပယ်ရှိနေသော သဘာဝအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံတကာ ကုန်သွယ်ရေး ကွန်ယက်များပေါ်တွင် အဓိကရပ်တည်နေခြင်း ဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကာလကြာရှည်ပြီး ရှုပ်ထွေးသော အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် စီးပွားရေးနှင့် ယဉ်ကျေးမှုအပေါ်တွင် သိသာစွာ သက်ရောက်မှု ရှိသည်။
ကနေဒါနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။ လူတစ်ဦးချင်း ဝင်ငွေအားဖြင့် ကြည့်လျှင် တကမ္ဘာလုံးတွင် အဆင့် ၁၁ ရှိပြီး လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းအရ ကြည့်လျှင်မူ ကမ္ဘာပေါ်တွင် အဆင့် ၈ ရှိသည်။ အစိုးရ၏ ပွင့်လင်းမြင်သာမှု၊ အရပ်ဖက် ဆိုင်ရာ လွတ်လပ်မှု၊ လူနေမှုဘဝ စံနှုန်း၊ စီးပွားရေး လွတ်လပ်မှု နှင့် ပညာရေးတို့တွင် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ထိပ်ဆုံး အဆင့်များတွင် ပါဝင်လျှက် ရှိသည်။ အရွယ်ရောက်ပြီးသူတိုင်း၏ ၉၉ရာခိုင်နှုန်းကျော် စာတတ်မြောက်ပြီး ၅၀% ကျော်မှာ ဘွဲ့တစ်ခုခုရပြီးသူများဖြစ်ကြသည်။
ကနေဒါနိုင်ငံတွင် စည်းမျဉ်းခံ ဘုရင်စနစ် နှင့် ဆက်စပ်နေသော ပါလီမန်စနစ် ကျင့်သုံးသည်။ ဖက်ဒရယ်အဆင့်တွင် ရုံးသုံးဘာသာစကား ၂ မျိုး အသုံးပြုသော နိုင်ငံ ဖြစ်သည်။ ကနေဒါ၏ ဘုရင်စနစ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေး ကဏ္ဍများ၏ အခြေခံ ဖြစ်သည်။ နိုင်ငံ၏ ဦးသျှောင်မှာ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ ဖြစ်၍ သူမသည် အခြားသော ဓနသဟာယနိုင်ငံ ၁၅ နိုင်ငံနှင့် ကနေဒါ ပြည်နယ် ၁၀ခု ၏ အကြီးအကဲလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရင်မ၏ ကိုယ်စားလှယ်ဖြစ်သော ကနေဒါ ဘုရင်ခံချုပ် (လက်ရှိတွင် Julie Payette) က ဖက်ဒရယ်ဆိုင်ရာ တော်ဝင် ဝတ္တရားများကို ဆောင်ရွက်သည်။ ဝန်ကြီးချုပ်မှာ Justin Trudeau ဖြစ်သည်။
ကနေဒါရှိ ကြေးစားနှင့် အပျော်တမ်း တပ်ဖွဲ့များ၏ အင်အားမှာ အမြဲတမ်း စစ်သား ၆၈,၂၅၀ ဦး နှင့် အရန်စစ်သား ၅၁,၀၀၀ ဦးမျှ ရှိသည်။စုစည်းထားသော ကနေဒါ တပ်မတော်တွင် ကနေဒါ ကြည်းတပ်၊ တော်ဝင် ကနေဒါ ရေတပ် နှင့် တော်ဝင် ကနေဒါ လေတပ်တို့ ပါဝင်သည်။ ၂၀၁၃ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ စစ်သုံးစရိတ်မှာ ကနေဒါ ဒေါ်လာ ၁၉ ဘီလီယံ သို့ မဟုတ် နိုင်ငံ ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းမျှ ရှိသည်။ ကနေဒါနိုင်ငံ နှင့် အမေရိကန် ပြည်ထောင်စုတို့ ကြားတွင် အရှည်လျားဆုံး အစောင့်အကြပ် မရှိသော နယ်စပ် ရှိပြီး စစ်ရေး တိုက်ခိုက်မှုနှင် လေ့ကျင့်မှုများတွင် ပူးပေါင်းလေ့ ရှိပြီး တစ်ဦးနှင့် တစ်ဦး အကြီးမားဆုံးသော ကုန်သွယ်ဖက်များ ဖြစ်ကြသည်။
ကနေဒါနိုင်ငံသည် ပြည်နယ် ၁၀ခု ဒေသ ၃ ခုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုပြည်နယ်များကို အဓိက ဒေသကြီး ၄ ခု အဖြစ် ပြန်လည် စုဖွဲ့ရှုမြင်နိုင်သည်။ အနောက် ကနေဒါ၊ အလယ်ကနေဒါ၊ အတ္တလန္တိတ် ကနေဒါ နှင့် မြောက်ကနေဒါ တို့ ဖြစ်သည်။ အရှေ့ကနေဒါ ဆိုသည်မှာ အလယ်ကနေဒါ နှင့် အတ္တလန္တိတ် ကနေဒါတို့ကို ပေါင်းစပ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ပြည်နယ်များသည် ဒေသများထက်ပို၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရှိကြပြီး လူမှုရေး အစီအစဉ်များ ဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး နှင့် လူမှုဖူလုံရေး တို့တွင် ပို၍ တာဝန်ယူရသည်။
၂၀ ရာစု အစောပိုင်းမှ စ၍ ကနေဒါ၏ ကုန်ထုတ်လုပ်ငန်း၊ သတ္တုလုပ်ငန်း နှင့် ဝန်ဆောင်မှု လုပ်ငန်း တို့၏ ဖွံ့ဖြိုးတိုးတက်မှု များကြောင့် နိုင်ငံအား ကျေးလက်အခြေခံ စီးပွားရေး စနစ်မှ မြို့ပြအခြေခံ ကုန်ထုတ်လုပ်ရာ စီးပွားရေး စနစ် အဖြစ် ပြောင်းလဲစေခဲ့သည်။ အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ကနေဒါတို့၏ ကွဲပြားခြားနားချက်မှာ ကနေဒါနိုင်ငံ၏ အခြေခံစီးပွားရေး လုပ်ငန်းတွင် သစ်ထုတ်လုပ်ငန်းနှင့် ရေနံလုပ်ငန်းတို့သည် ထင်ရှားသော အစိတ်အပိုင်း အဖြစ် ပါဝင်နေခြင်းပင် ဖြစ်သည်။
ကနေဒါသည် ဖွံ့ဖြိုးပြီး နိုင်ငံများထဲမှ စွမ်းအင်ကို တင်ပို့ရောင်းချမှု တင်သွင်းမှုထက်များသော နိုင်ငံ အနည်းငယ်တွင် ပါဝင်သည်။ အတ္တလန္တိတ် ကနေဒါ အပိုင်းတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ မြောက်များစွာ ရှိပြီး အယ်လ်ဘာတာတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ် အမြောက်အများ ရှိသည်။ အာသာဘာစကာ ရေနံမြေ၏ ကျယ်ပြန့်မှုနှင့် အခြား ရေနံထွက်ရှိရာ ဒေသများကြောင့် ကနေဒါနိုင်ငံသည် ကမ္ဘာတဝှမ်းလုံး၏ ၁၃ ရာခိုင်နှုန်းမျှသော ရေနံ ရှိရာ နေရာ ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ ပြီးလျှင် တတိယမြောက် အများဆုံး ရေနံထွက်ရှိရာ ဒေသဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ကနေဒါသည် ပြည်တွင်း သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း တို့အတွက် ကနေဒါ ဒေါ်လာ ၃၁.၃ ဘီလီယံမျှ သုံးစွဲခဲ့ပြီး ၇ ဘီလီယံမှာ ဖက်ဒရယ် အစိုးရ နှင့် ပြည်နယ် အစိုးရတို့မှ ပံ့ပိုးပေးခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထိ ကနေဒါနိုင်ငံမှ ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဆေးပညာတို့အတွက် နိုဘယ်ဆုရှင်ပေါင်း ၁၃ ယောက်မျှ မွေးထုတ် ပေးနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုင်ငံတကာ သိပ္ပံပညာရှင်များ၏ အဓိက စစ်တမ်းတစ်ခု အရ သိပ္ပံဆိုင်ရာ သုတေသန အရည်အသွေးတွင် တကမ္ဘာလုံး စတုတ္တ အဆင့် အဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ ကမ္ဘာလုံး ဆိုင်ရာ နည်းပညာ ကုမ္ပဏီ အများအပြား၏ ရုံးချုပ် တည်ရှိရာ နေရာလည်း ဖြစ်သည်။ တကမ္ဘာလုံးတွင် အင်တာနက် အသုံးပြုသူ ရာခိုင်နှုန်း အများဆုံး ရှိသောနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး စုစုပေါင်း အင်တာနက် အသုံးပြုသူ ၃၃ သန်းမျှ ရှိကာ ၂၀၁၄ ခုနှစ် လူဦးရေ ၏ ၉၄ ရာခိုင်နှုန်းမျှ ရှိသည်။
အာကာသအတွင်းပိုင်း သုတေသန၊ ဂြိုဟ်များဆိုင်ရာ သုတေသန နှင့် လေကြောင်းသွားလာရေး ဆိုင်ရာ သုတေသန များကို ပြုလုပ်လျှက် ရှိကာ ရော့ကက်များ နှင့် ဂြိုဟ်တုများကို တီထွင် ထုတ်လုပ်လျှက် ရှိသည်။ ကနေဒါသည် ၁၉၆၂ ခုနှစ် အာလွက် ၁ ဂြိုဟ်တု လွှတ်ထုတ်မှုကြောင့် ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန် ပြည်ထောင်စု တို့ပြီးလျှင် တတိယမြောက် ဂြိုဟ်တု ထုတ်လွှတ်နိုင်သော နိုင်ငံလည်းဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် မာ့ခ် ဂါနိုးသည် ကနေဒါနိုင်ငံ၏ ပထမဆုံး အာကာသ အတွင်း သွားလာသူ ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထိ လူလိုက်ပါသော အာကာသ အစီအစဉ် ၁၇ ခုနတွင် ကနေဒါနိုင်ငံသား ကိုးဦး အာကာသ အတွင်း ခရီးသွားလာခဲ့သည်။
မြို့တော်မှာ အော့တဝါမြို့ မြို့ဖြစ်သော်လည်း အကြီးဆုံး နှင့် လူဦးရေအများဆုံးမြို့မှာ တိုရွန်တိုမြို့ဖြစ်သည်။ တိုရွန်တိုမြို့တွင် လူဦးရေ ၅သန်းကျော်နေထိုင်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ မွန်းထရီးအောမြို့ ဗန်ကူးဗားမြို့ ၊ ဂက်တီနောမြို့ ကယ်လ်ဂရီမြို့ အက်ဒမန်တန်မြို့ ကွီဗက်မြို့ တို့ဖြစ်ကြသည်။ ကက်သလစ် ၊ အခြားခရစ်ယာန် ၊ အစ္စလာမ် ၊ ဟိန္ဒူ ၊ ဆစ်ခ် ၊ ဗုဒ္ဓဘာသာ ၊ ဂျူးဘာသာ နှင့် အခြားဘာသာ များကို ကိုးကွယ်ကြပြီး ၂၀%ကျော်မှာ ဘာသာမဲ့များဖြစ်ကြသည်။
Discussion about this post