ကမ္ဘာကြီးပူနွေးလာမှု(Global Warming)ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုအတွင်းတွင် အပူချိန်တဖြေးဖြေးမြင့်တက်လာခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံး အပူချိန်မြင့်တက်လာခြင်းကိုဆိုလိုပါသည်။
နေမှဖြာထွက်သောရောင်ခြည်များ (short wave radiation)သည် ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်ပြီးသည့်အခါ အချို့ကိုကမ္ဘာမြေပြင်ကစုပ်ယူထားပြီ းအချို့သည်အပူလှိုင်း(long wave radiation)သို့မဟုတ် အနီအောက်ရောင်ခြည်(infrared radiation)အဖြစ် ပြောင်းလဲသွားပါသည်။
ယင်းအပူလှိုင်းများကို လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)၊မီသိန်း(CH4)၊ နိုက်ထရပ်အောက်ဆိုဒ်(N2O)စသည့်ဓါတ်ငွေ့များက စုပ်ယူထားခြင်းဖြင့် လူ၊တိရိစ္ဆာန်နှင့်သစ်ပင်တို့ ရှင်သန်နေထိုင်နိုင်ရန်သင့်တင့်မျှတသော အပူဓါတ်ကိုရရှိစေပါသည်။ အဆိုပါဓါတ်ငွေ့များသည် ကမ္ဘာကြီးကိုပူနွေးစေပြီး မှန်လုံအိမ်ကဲ့သို့ စွမ်းဆောင်ပေးနိုင်သဖြင့် မှန်လုံအိမ်ဓါတ်ငွေ့များ (Greenhouse Gases-GHGs)ဟုတင်စားထားကြပါသည်။
သို့ရာတွင် စက်မှုခေတ်ထွန်းကားလာသည့်အချိန်မှစတင်၍ စက်ရုံအလုပ်ရုံများ၊စက်တပ်ယာဉ်များ တိုးပွားလာခြင်းကြောင့်ကျောက်မီးသွေး၊ ဓါတ်ဆီ၊ဒီဇယ်၊သဘာဝဓါတ်ငွေ့စသည့် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှုတစ်နှစ်ထက်တစ်နှစ်တိုးတက်များပြားလာခဲ့ရာမှ လေထုအတွင်း CO2 အပါအဝင်မှန်လုံ အိမ်ဓါတ်ငွေ့များအဆမတန်များပြားလာခဲ့ပါသည်။
ဤနည်းအားဖြင့် လေထု၏အပူရှိန်ကိုစုပ်ယူ၍ မြေပြင်သို့ပြန်လည်ထုတ်လွှင့်နိုင်မှုကြီးမားလာပြီး ကမ္ဘာကြီး၏အပူချိန်ကို မြင့်တက်လာစေရာယခုအခါ ကမ္ဘာကြီး၏အပူချိန်သည်လွန်ခဲ့သောနှစ်ပေါင်း(၁၄၀)ကထက် (၁)ဒီဂရီဖာရင်ဟိုက်(ဝ.၅ ဒီဂရီစင်တီဂရိတ်)ပိုမိုပူနွေးလာသည်ဟုဆိုပါသည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာခြင်းသည်လည်းမှန်လုံအိမ်ဓါတ်ငွေ့များထုတ်လွှတ်မှုများပြားလာခြင်းကြောင့်ဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲမှုသည်ယနေ့လူသားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါသည်။
IPCC (Inter governmental Panel on Climate Change)၏ စတုတ္ထအကြိမ်မြောက် ဆန်းစစ်တွေ့ရှိချက် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှုသည် စီးပွားရေးတိုးတက်မှု၊ရေရှည်တည်တန့်သောပြည့်စုံမှု နှင့်တကွ အန္တရာယ်နားနီးသူများ၏ဘဝရှင်သန်မှုစသည်တို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း သိပ္ပံနည်းကျတွေ့ရှိချက်ကိုဖော်ပြထားပါသည်။
ထို့အပြင် အကယ်၍ မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုသည် လက်ရှိနှုန်းထားအတိုင်း ဆက်လက်မြင့်တက်နေပြီး စက်မှုမထွန်းကားခင်အချိန်နှုန်းထားထက် နှစ်ဆမြင့်တက်လာခွင့်ပြုမည်ဆိုပါကကမ္ဘာကြီးသည်ဤရာစုနှစ်အတွင်းပျမ်းမျှအပူချိန် ၃ဒီဂရီစင်တီဂရိတ်မျှ မြင့်တက်လာမှုကိုကြုံတွေ့ရပါမည်။
ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ စိုက်ပျိုးရာသီပြောင်းလဲလာမှု၊ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်သော မုန်တိုင်းဖြစ်ပေါ်မှု၊ရေကြီးမှုနှင့်မိုးခေါင်မှုစသည်တို့၏ကြိမ်နှုန်းနှင့်ပြင်းအားတိုးလာမှု စသည့်ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာပါမည်။သို့ဖြစ်ရာအန္တရာယ်ရှိသော မှန်လုံအိမ်ဓာတ်ငွေ့လေထုထဲတွင် ပါဝင်မှုတည်ငြိမ်စေရေးသည် လူသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်လာပါသည်။
Department of Meteorology and Hydrology မှ
Discussion about this post