Info Tech For Myanmar (IT4M) မှ ရေးသားသည်။
(၁၀) Nintendo Gameboy
နံပတ် ၁၀ နေရာမှာရှိနေတာကတော့ Nintendo ရဲ့ Gameboy စက်ပဲဖြစ်ပါတယ်။ ပထမဆုံး Nintendo Gameboy စက်ကို April ၂၁, ၁၉၈၉ မှာ ဂျပန်နိုင်ငံတွင် စတင်ရောင်းချခဲ့ပါတယ်။ အကယ်၍ သင်၏ အသက်သည် ၂၅ မှ ၃၀ ဝန်းကျင် တွင် ရှိသည်ဆိုလျှင်တော့ သင့်ဘဝတစ်လျှောက်တွင် Gameboy စက်များကို အနည်းဆုံး တစ်ကြိမ်မျှ ကစားခဲ့ဖူးမည်ဟု ထင်ပါသည်။ Gameboy ရဲ့ အလွယ်တကူယူဆောင်၍ ဂိမ်းများကို ကစားနိုင်မှုသည် Portable Gaming Device များအတွက် အဓိက အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့ပါတယ်။
ကမ္ဘာ တစ်ဝှမ်းလုံးတွင် Gameboy နှင့် Gameboy Color တို့သည် အလုံးရေ ၁၁၈.၆၉ သန်းရောင်းချခဲ့ ရပါတယ်။ အမေရိကန် နိုင်ငံတွင် Gameboy အလုံးရေ ၁သန်းကို ရက်သတ္တပတ် အနည်းငယ် အတွင်းတွင်ပင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါသည်။ အရောင်းချရဆုံး ဂိမ်းများအဖြစ်တော့ Tetris ဂိမ်းက ၃၀.၂၆ သန်း ရောင်းချခဲ့ရပြီး Pokemon Red and Blue က ၂၃.၆၄ သန်းရောင်းချခဲ့ ရကြောင်း သိရပါတယ်။
(၉) Sony Walkman
နံပတ် ၉နေရာမှာ တည်ရှိနေတာကတော့ Sony ရဲ့ ပထမဆုံး Walkman ဖြစ်ပါတယ်။ ကက်ဆတ် တိပ်ခွေကို အသုံးပြုရသော ပထမဦးဆုံး Sony Walkman Device ကို ၁၉၇၉ မှာစတင်ရောင်းချခဲ့ပါတယ်။ ဒါဟာလုံးဝကို Portable Music တွေရဲ့အစပဲဖြစ်ပါတယ်။ ထိုကာလသည် ပထမဦးဆုံး သင်နားထောင်လိုသော သီချင်းမှန်သမျှကို သင်၏ အိတ်ကပ်ထဲတွင် အလွယ်တကူ ယူသွားနိုင်သော ကာလပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ အလွယ်တကူယူသွား နိုင်မှုကြောင့်လည်း Walkman သည်အောင်မြင်သော စက်ပစ္စည်း ဖြစ်ခဲ့ပါသည်။
Walkman Device များကိုစတင်ရောင်းချချိန်တွင် မည်သူမျှ Walkman ကဲ့သို့သော စက်ပစ္စည်းမျိုးကို မတွေ့ဘူးသေးပါဘူး။ အချို့လူများအဖို့တော့ နားကြပ်ကြီး လမ်းမှာတပ်၍ သီးချင်းနားထောင်နေသော လူများကို တွေ့ရသည်ပင် အထူးအဆန်းဖြစ်နေပါတော့သည်။ Sony Walkman သက်တမ်းတစ်လျှောက်တွင် အလုံးရေပေါင်း သန်း ၃၃၀ ကျော်ရောင်းချခဲ့ရပြီ ဖြစ်ကြောင်း သိရပါတယ်။
(၈) Apple iPod
နံပတ် ၈နေရမှာ ရှိနေတာကတော့ Apple ရဲ့ iPod ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် Apple ကိုအသက်ဆက်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ စက်ပစ္စည်းလေးလဲ ဖြစ်ပါတယ်။ ပထမဆုံး iPod ကို အောက်တိုဘာ ၂၃, ၂၀၀၁ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။ အဲ့ဒီအချိန်မတိုင်ခင် ၁နှစ် (၂၀၀၀) ခုနှစ်တုန်းက Apple ရဲ့ အချို့သော ဘုတ်အဖွဲ့ဝင်များသည် Apple ကိုရောင်းချ ရန်ပင် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသည်။ သို့သော် နောက် ၅နှစ်အကြာတွင်တော့ အီလက်ထရောနစ် ဆိုင်များတွင် ရောင်းချရသော Protable Device ၁၀ ခုတွင် ၈ခု သည် iPod ဖြစ်သည်အထိ Apple ပြန်လည်အောင်မြင်ခဲ့ပါတယ်။
ပထမဆုံး iPod သည် ဒေါ်လာ ၄၀၀ တန်ကြေးရှိပြီး 5GB Hard Drive ပါဝင်တယ်။ သို့သော် ပထမဆုံး iPod သည် Mac နှင့်သာ အဆင်ပြေပါတယ်။ 2nd Gen iPod ကစ၍သာ Windows နှင့်အဆင်ပြေစွာ အသုံးပြုလာ နိုင်တာဖြစ်ပါတယ်။ ထိုအချိန်မှစ၍ Apple အတွက်တော့ ပြန်လည်ကြီးစိုးချိန် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
(၇) Samsung Galaxy Note
နံပတ် ၇ နေရာမှာရှိနေတာကတော့ ၂၀၁၁ ခုနှစ်မှာ စတင်ရောင်းချခဲ့တဲ့ Samsung Galaxy Note ပဲဖြစ်ပါတယ်။ Samsung Galaxy Note သည် Phablet များကို တစ်ခေတ်ဆန်း စေခဲ့တဲ့ Device ဆိုလျှင်လည်း မမှားချေ။ ထိုအချိန်က ၄.၅လက်မအရွယ် Screen ကိုပင် အချို့လူများအဖို့ ကတော့ ကြီးလွန်းသည်ဟုသတ်မှတ် နေသော ကာလပင်ဖြစ်သည်။ သို့သော် Samsung ကတော့ ၅.၃ လက်မအရွယ် Galaxy Note ကိုလူများအကြားတွင် ရဲရဲတင်းတင်းပင် Flagship Device အဖြစ်စတင်ရောင်းချခဲ့သည်။
ထိုအချိန်က Samsung Galaxy Note သည်ကျရှုံးမှာပဲဟု ဝေဖန်ခဲ့သော လူများသည် ယခုအချိန်တွင်တော့ ၎င်းတို့ကိုယ်တိုင် ပြန်လည်သုံးစွဲနေလောက်ပြီ ဖြစ်သည်။ Stylus ပါဝင်သော Galaxy Notes စီးရီးဖုန်း (Note, Note 2, Note 3) များသည် အောက်တိုဘာ ၂၀၁၃ တွင်ဖော်ပြထားသော ကိန်းဂဏန်းများအရ အလုံးရေ သန်း၅၀ ကျော်ရောင်းချခဲ့ရပြီး ဖြစ်ကြောင်း သိရပါတယ်။ ယခုအခါတွင်တော့ Note 9 အထိပင် ထွက်ရှိနေခဲ့ပြီဖြစ်သည်။
(၆) Motorola StarTAC
နံပတ် ၆နေရာမှာ ရှိနေတဲ့ ပစ္စည်းကတော့ Motorolad StarTAC ဖုန်းပဲဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်တုန်းက မိုဘိုင်း ဖုန်းများသည် အလွန်တရာမှ ကြီးမှားသော ပစ္စည်းများ ဖြစ်ခဲ့ပါတယ်။ သို့သော် Motorola မှနေပြီးတော့ StarTAC ဟုခေါ်သော ဒီဇိုင်းအသွင်ဆန်းသော ဖုန်းလေးကို စတင်မိတ်ဆက်ပြီး Mobile ဟူသော စကားလုံးကို ပြီပြင်အောင် ပြောင်းလဲပေးခဲ့ပါတယ်။
ဒီဇိုင်းအသွင်ဆန်းသည်ဟုဆိုရခြင်းမှာ ခေါက်ဖုန်းဒီဇိုင်းကို စတင်မိတ်ဆက်ပေးခဲ့သောကြောင့် ဖြစ်ပါတယ်။ StarTAC ကို January ၃, ၁၉၉၆ မှာစတင်ရောင်းချခဲ့ပါတယ်။ ထို့အပြင် ပထမဆုံး Vibrating Ring ကိုစတင်ထည့်သွင်းခဲ့သော ဖုန်းဖြစ်ကြောင်းလည်း သိရပါတယ်။ StarTAC ဖုန်းကို ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုံးရေ သန်း၆၀ ကျော်ရောင်းချခဲ့ရပါတယ်။
(၅) Palm Pilot PDA
၁၉၉၆ ခုနှစ်ဟာ IT လောကအတွက်တော့ ကြီးမားတဲ့ အလှည့်အပြောင်း နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နံပတ် ၅ နေရာမှာ ရှိနေတာကတော့ Palm Pilot PDA ပဲဖြစ်ပါတယ်။ Palm Pilot 1000 ကို ၁၉၉၆ မှာစတင်ရောင်းချခဲ့ပါတယ်။ ဒီပစ္စည်းဟာ PDA ကို Mainstream ပေါ်စတင်ပို့ဆောင်ပေးခဲ့တဲ့ စက်လို့လည်း ပြောလို့ရပါတယ်။ Palm Pilot မထွက်ခင် ၃နှစ်ခန့်ကတည်းက Apple ကနေပြီးတော့ Newton MessagePad ဆိုပြီး ထုတ်လုပ်ခဲ့ပါသေးတယ်။
သို့သော် Newton ရဲ့လိုအပ်ချက်များအပြင် Handwriting Recognition ကိုလည်းသေချာမပြုလုပ်နိုင်သောကြောင့် ထင်သလောက် မအောင်မြင်ခဲ့ချေ။ Palm Pilot ကတော့ Handwriting Recognition ကိုသေချာပြုလုပ်နိုင်တဲ့အပြင် မိမိရဲ့ အိတ်ကပ်ထဲမှာ အလွယ်တကူ ယူဆောင်သွားနိုင်မှု၊ လူအယောက် ၅၀၀ ရဲ့ Contact Details တွေကို မှတ်နိုင်မှု၊ မိမိမှတ်သားလိုသမျှကို မှတ်သားထား နိုင်မှုများအပြင် တစ်ယောက်နဲ့တစ်ယောက် Wireless ကိုအသုံးပြု၍ အချက်အလက်များကို လွှဲပြောင်းပေး နိုင်မှုသည်လည်း Palm Pilot ကိုအောင်မြင်ခဲ့သော စက်ပစ္စည်း တစ်ခု ဖြစ်စေခဲ့ပါတယ်။
(၄) IBM Simon
နံပတ် ၄ နေရာမှာ ရှိနေတာကတော့ IBM Simon ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် Smartphone တွေရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။ အချိန်အားဖြင့် IBM Simon ကို လွန်ခဲ့သော နှစ် ၂၁ ခန့်ဖြစ်တဲ့ ၁၉၉၃ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။ IBM Simon သည် Smartphone လုပ်နိုင်သော အချက်အလက်များ အားလုံးကို လုပ်ဆောင်ရင် လမ်းပြပေးခဲ့သော စက်လည်း ဖြစ်ပါတယ်။ IBM Simon တွင် ၄.၅ လက်မအရွယ် Touch Screen Display ပါဝင်ပြီး မည်သည့် ခလုတ်မျှ မပါဝင်ကြောင်း သိရပါတယ်။
IBM Simon တွင် PDA တစ်ခုလုပ် နိုင်သော လုပ်ဆောင် ချက်များအပြင် ဖုန်းခေါ်ဆိုနိုင်မှု၊ Fax ပို့ဆောင်နိုင်မှု၊ pager ၊ ဂဏန်းတွက်စက်၊ Address Book၊ ပြက္ခဒိန်၊ အီးမေလ်း များအပြင် အခြားလုပ်ဆောင် ချက်များလည်း ပါဝင်ကြောင်း သိရပါတယ်။ IBM Simon သည်အလေးချိန်အားဖြင့် ၁.၂၅ပေါင်မျှလေးပြီး ထိုစဉ်အခါက အမေရိကန်ဒေါ်လာ ၉၀၀ နှင့်စတင်ရောင်း ချခဲ့ကြောင်း သိရပါတယ်။
(၃) HTC Dream (T-Mobile G1)
နံပတ် ၃နေရာမှာ ရှိနေတာကတော့ HTC ရဲ့ Dream ဖုန်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် T-Mobile G1 ဟုလည်း လူသိများပါတယ်။ နောင်တစ်ချိန်တွင် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ဖြစ်လာမည့် Mobile OS ကို စတင်မိတ်ဆက်ပေးခဲ့သော HTC Dream ကို အောက်တိုဘာ ၂၀၀၈ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။ HTC Dream သည်ပထမဆုံး လူများထံသို့ Linux ကိုအခြေခံထားသော Android အသုံးပြုထားသော ဖုန်းတစ်လုံးကို စတင်ရောင်းချခဲ့သော ဖုန်းလည်း ဖြစ်ပါတယ်။ Android သည် Open Source တစ်ခုဖြစ်ကာ Google မှ အဓိက တာဝန်ယူ ထုတ်လုပ်ခြင်း ဖြစ်သည်။
HTC Dream တွင် Touch Screen Display ပါဝင်ပြီး Android Version 1.0 ကိုအသုံးပြုထားပါတယ်။ Android Market အပြင် QWERTY ကီးဘုတ် (အချို့ ဖုန်းများတွင် AZERTY ကီးဘုတ်)၊ Track Ball များကိုလည်း အသုံးပြုထားကြောင်း သိရပါတယ်။ HTC Dream သည် အသုံးပြုသူများအတွက် မိမိစိတ်ကြိုက် UI ဒီဇိုင်းများကို ပြောင်းလဲနိုင်မှုကြောင့် လူများအကြား ရေပန်းစားခဲ့သော စက်ပစ္စည်း တစ်ခုဖြစ်ခဲ့ပါတယ်။ လူများအဖို့တော့ မိုဘိုင်း OS အသစ်ကို အသုံးပြုထားသော HTC Dream ကိုအသုံးပြုရ ခြင်းသည် အတွေ့အကြုံ အသစ်ပဲ ဖြစ်ပါတော့သည်။
(၂) Motorola DynaTAC 8000X
နံပတ် ၂ နေရာမှာ ရှိနေတာကတော့ Motorola DynaTAC 8000X ဖုန်းပဲဖြစ်ပါတယ်။ DynaTAC ကို ၁၉၈၃ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။ DynaTAC ဟာပထမဆုံး မိုဘိုင်းဖုန်းလည်း ဖြစ်ပါတယ်။ DynaTAC သည် အရှည် ၁ပေမျှ ရှိကာ အလေးချိန်အားဖြင့်လည်း ၂.၅ ပေါင်မျှ ရှိပါတယ်။ DynaTAC ကိုစတင်ရောင်းချစဉ်က အမေရိကန်ဒေါ်လာ ၃၉၉၅ ကျသင့်ခဲ့ကြောင်း သိရပါတယ်။ DynaTAC သည်ပထမဆုံး ကြိုးများကို မလိုဘဲ လမ်းပေါ်တွင် လမ်းလျှောက်၍ ဖုန်းပြောနိုင်သော ဖုန်းလည်း ဖြစ်ခဲ့ပါတယ်။
DynaTAC တွင် LED Display ပါဝင်ခဲ့ပြီး မိမိခေါ်လိုသော ဖုန်းနံပတ် (သို့) မိမိမှတ်သားထားနိုင်သော လူယောက် ၃၀ဆီမှ ဖုန်းများဝင်လာမှုများကို မြင်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ DynaTAC ကို တီထွင်ခဲ့သူ Martin Cooper ကပြောကြားခဲ့တာတော့ “ကျနော်တို့အနေနဲ့ ဒီဖုန်းကို တီထွင်ခဲ့စဉ်က ဖုန်းတွင် အသုံးပြုခဲ့သော ဘက်ထရီသည် ယခုခေတ်ဖုန်းများ ရဲ့ ၃၊၄ ဆမျှ ပိုမိုလေးလံပါတယ်။ ထို့အပြင် အချိန်အားဖြင့်လည်း ဖုန်း မိနစ် ၂၀ မျှသာ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြသနာ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ DynaTAC ကို မည်သူမျှ မိနစ် ၂၀ကြာအောင် ကိုင်ပြီး ဖုန်းမပြောနိုင်လို့ ပါပဲ” ။
(၁) Apple iPhone
အကျီ ၤအမည်းရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော လူတစ်ယောက်က စင်ပေါ်က နေ၍ “An iPod, a phone, and an internet communicator……” ။ လူအများအနည်းငယ် လှုပ်လှုပ် ရှားရှား ဖြစ်သွားကြသည်။ ထိုသူမှပင်နေ၍ “An iPod, a phone, are you getting it?” ဟုဆက်ပြောလိုက်ပါသည်။ သူ့စကားမဆုံးခင်ပင် ခန်းမထဲတွင် ရှိသောလူများအားလုံး လက်ခုတ်တီးသူကတီး၊ အော်ဟစ်အားပေးသူက အားပေးနှင့် ဖြစ်ကုန်ပါတော့သည်။ ထိုအကျီ အနက်ရောင်နှင့် လူမှပင် ဆက်လက်၍ “These are not 3 separate devices. This is one device and we are calling it iPhone. Today, Apple is going to reinvent the phone”။ ဒါတွေကတော့ ၂၀၀၇ မှာ ကျင်းပတဲ့ Apple Keynote ပွဲမှာ Apple ရဲ့ဖခင်ကြီး ဖြစ်တဲ့ Steve Jobs iPhone ကိုမိတ်ဆက်စဉ်အခါက ပြောကြားသွားခဲ့တဲ့ စကားလုံးပင် ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ နံပတ် ၁နေရာမှာတော့ Apple ရဲ့ iPhone ကရှိနေပါတယ်။ iPhone ဟုဆိုလိုက်သည်နှင့် ထွေထွေထူးထူး မိတ်ဆက်ပေးဖို့လိုမည်မထင်။ စမတ်ဖုန်းများကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဖုန်းဟုပြောမည်ဆိုလျှင်လည်း မှားမည် မထင်ချေ။ ယခင်တုန်းက မိုဘိုင်းဖုန်းဟုဆိုလျှင် ဖုန်းခေါ်ဆိုရန်နှင့် သီချင်းနားထောင်ရန်လောက်သာ အဓိက အသုံးပြုခဲ့ကြသော ကျနော်တို့သည် iPhone ပေါ်ပေါက်လာပြီးချိန်မှစ၍ မိုဘိုင်းဖုန်းများကို အသုံးပြုပုံ ပြောင်းလဲခဲ့တော့သည်။ iPhone မတိုင်ခင်ကတည်းက စမတ်ဖုန်းများ ရှိနေတာ ဖြစ်ပါတယ်။ သို့သော် မည်သူမျှ စမတ်ဖုန်းများကို စိတ်မဝင်စားချေ။ ထိုစဉ်က ကမ္ဘာပေါ်တွင် Nokia ရဲ့ Symbian ကြီးစိုးနေစဉ် ကာလဖြစ်သည်။ ကျနော်တို့ မြန်မာ နိုင်ငံတွင်လည်း Nokia နှင့် Sony Ericsson ဖုန်းများသာ အဓိက နေရာယူထားပါတယ်။ သို့သော် iPhone ပေါ်လာချိန်မှစ၍ ကမ္ဘာ့ချိန်ခွင်လျှာ သည် ပြောင်းလဲခဲ့သည်ဟု ပြောရမည် ဖြစ်သည်။ ယခုဆိုလျှင် စမတ်ဖုန်းများခေတ်ကို ရောက်လာပြီ ဖြစ်သည်။ Symbian ဆိုလျှင် ရှိတောင်မရှိတော့။
iPhone အောင်မြင်ခဲ့သော အချက်သည် ၎င်းရဲ့ Touch Screen နည်းပညာနှင့်အတူ App Store သည်အဓိက ကြခဲ့ပါတယ်။ ထိုစဉ်က touch screen များသည် Resistive Touchscreen နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။ Resistive Touchscreen နည်းပညာသည် နှေးသလို သိပ်လည်းမတိကျ၊ အသုံးပြုရသည်မှာ လည်းလွယ်ကူမှုမရှိချေ။ သို့သော် Steve Jobs တို့ကတော့ Capacitive Touch Screen နည်းပညာကို အသုံးပြုခဲ့ကြသည်။ ထိုနည်းပညာသည် တိကျမှုရှိသလို Multitouch လုပ်ရသည်မှာလည်း လွယ်ကူမှုရှိလှသည်။ ထိုကဲ့သို့သော နည်းပညာပြောင်းလဲမှုများနှင့် စတင်မိတ်ဆက်ခဲ့သော iPhone သည် ယခုအချိန်တွင်တော့ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အအောင်မြင်ဆုံး စမတ်ဖုန်း ဖြစ်နေပြီ ဖြစ်သည်။
Info Tech For Myanmar (IT4M) မှ ရေးသားသည်။
Discussion about this post