ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
တစ်ချိန်က မိုင်းများ မြုပ်နှံခဲ့သည့် နေရာများတွင် မပေါက်ကွဲဘဲကျန်ရှိနေသည့် မြေမြှုပ်မိုင်းများသည် လူသားများအား သေဆုံး၊ ဒဏ်ရာရစေသည့် အန္တရာယ်များအပြင် မြေပြင်အား ဖြတ်သန်း သွားလာခြင်းမပြုနိုင်ဘဲ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ထားရှိကြ ရသဖြင့် အငြင်းပွားဖွယ်ရာ ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။ မြြေုမုပ်မိုင်းသုံးစွဲမှုကို တားမြစ်သည့် နိုင်ငံတကာ ကြိုးပမ်း ဆောင် ရွက်မှုများသည် ၁၉၉၇ ခုနှစ် ကွန်ဗင်းရှင်းတွင်ပေါ်ထွက်လာခဲ့သည်။ ယင်းတို့ကို စုပုံခြင်း၊ ထုတ်လုပ်ခြင်း၊ ပြောင်းရွှေ့ခြင်း များကို တားဆီး သည့် စာချုပ်ကို အော်တာဝါ စာချုပ်ဟု လူသိများခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ချုပ်၏ ခေတ်မီ နည်းပညာများကို အသုံးပြု၍ ခန့်မှန်း ချက် အရ ကမ္ဘာပေါ်တွင် ရှိနေသည့် မြေမြုပ်မိုင်းများကို အကုန်အစင် ရှင်းလင်းရန် နှစ်ပေါင်း ၁၁၀၀ ကြာမည်ဟု ဆိုသည်။
၁၀။ ဆိုမာလီယာ Somalia
မြေမြုပ်မိုင်း ၁ သန်း
ဆိုမာလီယာနိုင်ငံ၏ မြေမြုပ်မိုင်းပြဿနာသည် နှစ် ၄၀ နီးပါး ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ဒေသတွင်းပဋိပက္ခများ၏ ရလာဒ် များပင်ဖြစ်ပေသည်။ အစီရင်ခံစာများအရ ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ၁၉၆၄ ခုနှစ်တွင် စတင်ထောင် ခဲ့ပြီး ယခုတိုင်မပေါက်ကွဲသေးသည့် မိုင်းများ ထူထပ်စွာကျန်ရှိနေသည်ဟုဆိုသည်။ ကုလသမဂ္ဂက မြေပြင်မိုင်းများ၏ လူမှု စီးပွား အကျိုးသက်ရောက်မှုများကို ဆိုမာလီယာနိုင်ငံလူမှု အသိုက်အဝန်းတစ်ခု လုံးနီးပါး တွင် မြင်တွေ့နိုင်ကြောင်း ပြောဆိုခဲ့သည်။ မွေးမြူရေးနှင့် စိုက်ပျိုးမြေများလျော့နည်းလာမှု၊ သယ်ယူပို့ဆောင်စရိတ်များမြင့်တက်လာမှု၊ ပြန်လာထူထောင်ရေး ဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်ရာတွင် အားနည်းမှု၊ လူများ အသက်ဆုံးရှုံးရမှု၊မသန်မစွမ်းဖြစ်မှု၊လူမှု အသိုက်အဝန်းအတွင်း လုံခြုံမှု လျော့ပါးလာမှု များ ကို ဆိုမာလီနိုင်ငံတွင် မြင်တွေ့ရသည်။
ဆိုမာလီနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် လူများသေကြေပျက်စီးမှုများ ဆက်လက် ဖြစ်ပေါ်နေကာ ကုလသမဂ္ဂက မြေမြုပ် မိုင်းများသည် ဆိုမာလီနိုင်ငံကို ခြိမ်းခြောက်နေသည့် အဓိက ပြဿနာတစ်ရပ်ဟုယူဆခဲ့ကာ အဆက်မပြတ် သတိမူရမည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ယူဆခဲ့သည်။ ဆိုမာလီနိုင်ငံ၏ မြေမြုပ်မိုင်း ပြဿနာကို ခုနစ်နှစ်မှ ၁၀ နှစ် အထိ အချိန်ယူကာ ဖြေရှင်းရ မည် ဖြစ်သည်။ သို့သော် ဆိုမာလီနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ စ၍ ဗဟို အစိုးရအဖွဲ့မရှိသဖြင့် မိုင်းတားဆီးရေး စာချုပ်တွင် ပါဝင် လက်မှတ် ရေး ထိုးထားခြင်းမရှိချေ။
၉။ မိုဇမ်ဘစ် Mozambique
မြေမြုပ်မိုင်း ၃ သန်း
မိုဇမ်ဘစ်နိုင်ငံသည် နှစ် ၃၀ နီးပါးကြာမြင့်သည့်စစ်ပွဲပြီးဆုံးချိန်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဆင့်သို့ ရောက်ရှိ သွားခဲ့သည်။ စားသောက်ကုန် ကောက်ပဲ သီးနှံများကိုပင် ပြည်ပမှ ဝယ်ယူ တင်သွင်းခဲ့ရကာ နိုင်ငံစီးပွားရေးသည် ပြည်ပ အကူအညီ များအပေါ် အများဆုံးမှီခိုခဲ့ရသည်။ မိုဇမ်ဘစ်သည် သဲကန္တာရဖြစ်ထွန်းမှု၊မြေပြင် ရေပြင် ညစ်ညမ်းမှု၊ မိုးခေါင်ရေရှားမှု ၊နိုင်ငံဗဟိုနှင့် တောင်ပိုင်းတွင် ရေကြီးရေလျှံဖြစ်မှုများနှင့် ရင်ဆိုင်နေရသည်။ထို့အပြင် လယ်ယာစိုက်ပျိုးမြေ အများစုသည် မြေမြုပ်မိုင်းများကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိချေ။ မြေမြှုပ်မိုင်းများကို နိုင်ငံ ၁၅ နိုင်ငံက ထုတ်လုပ်ခဲ့ကာ စစ်မြေပြင်များတွင် အသုံးပြုခဲ့ကြရာမှ ၁၉၈၀ ပြည့်နှစ်များမှ စတင်၍ ငတ်မွတ်ဆင်းရဲမှု သံသရာကို တိုးမြင့်စေခဲ့သည်။ ထို့ကြောင့်တောင် အာဖရိကနိုင်ငံ၊ ဇမ်ဘီယာ၊တန်ဇီးနီးယားနှင့် မာလဝီ နိုင်ငံ နယ် စပ်များတွင် ကြီးမားသော ဒုက္ခသည် စခန်းများပေါ်ထွက်လာခဲ့သည်။Handicap International အဖွဲ့၏ ခန့်မှန်းချက်အရ မိုဇမ်ဘစ် နိုင်ငံတွင် လစဉ် လူဦးရေ ၂၀ သည် မြေမြှုပ်မိုင်းများကို နင်းမိကာ ၆၀ ရာခိုင်နှုန်းသည် အသက်ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။
မိုဇမ်ဘစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ၁၉၉၆ ခုနှစ်တွင် မိုဇမ်ဘစ်၌ မြေမြှုပ်မိုင်း အလုံး သုံးသန်းရှိနေသေးကြောင်း ခန့် မှန်းခဲ့သည်။မိုင်းကြောင့်မိုဇမ်ဘစ်နိုင်ငံ ထိခိုက်ဆုံးရှုံးမှုများတွင် လယ်ယာ စိုက်ပျိုးမြေများ၊ဓာတ်အားလိုင်းများ၊လမ်းများ၊ တံတားများ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများ၊ကျောင်းများ၊ စက်ရုံများ၊ကျွဲနွားသောက်ရေကန်များသည် မိုင်းထောင်ခြင်းကို ခံခဲ့ကြရသည်။ သဘာ၀ တောရိုင်းတိရိစ္ဆာန်ဥယျာဉ်များသည်ပင် မိုင်းဒဏ်၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ကြရသည်။ဆင်များသည်ပင် လူများအတွင် ထောင်ထားသည့် မိုင်းများကို နင်းမိသဖြင့် ဒဏ်ရာကြီးမားစွာ ရရှိခဲ့သကဲ့သို့ တင့်ကားများကို ထောင်သည့် မိုင်းများကို နင်းမိသဖြင့် သေကြေခဲ့ကြသည်။မိုင်ဒုက္ခဒဏ်ကို ခံစားနေရသည့် မိုဇမ်ဘစ်နိုင်ငံသားများ၏ ပျမ်းမျှ လူ့သက်တမ်းသည် ၄၆ နှစ်သာဖြစ်သည်။
၈။ ဘော့စနီးယား ဟာဇီဂိုဗီးနား Bosnia-Herzegovina
မြေမြုပ်မိုင်း ၃ သန်း
ဘော့စနီးယား ဟာဇီဂိုဗီးနားသည် ယူဂိုစလားဗီးယား နိုင်ငံပြိုကွဲမှုနှင့် ဆက်နွယ်ကာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၏ ရလဒ်အဖြစ် မြေမြှုပ်မိုင်းများ၊ မြေပြင်မိုင်းများ၊ စစ်လက်ကျန် ပေါက်ကွဲပစ္စည်းများ အများအပြား ကျန်ရှိနေသည့် နိုင်ငံဖြစ်သည်။မိုင်းများချထားသည့် နေရာသည် သိပ်သည်းဆ နည်းပါးသည်ဟု ဆိုသော်လည်း စစ်မြေပြင် အနား သတ်နေရာများတွင် မိုင်းများကို အများအပြား ချခဲ့ကြသည်။စစ်မြေပြင်ကို လည်း မကြာခဏ ပြောင်းရွှေ့ကြသဖြင့် စစ်ပွဲဖြစ်သည့် နေရာတိုင်းတွင် မြေမြှုပ်မိုင်းများ ကျန်ရှိနေပေသည်။ မိုင်းအများစုသည် စစ်မျက်နှာ နှစ်ခုအကြားတွင် တည်ရှိ နေကာ အလျား ကီလိုမီတာ ၁၀၀၀ နှင့် အကျယ် ၄ ကီလိုမီတာ အထိ ကျယ်ပြန့်သည်။
ဘော့စနီးယား ဟာဇီဂိုဗီးနားမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မြေမြှုပ်မိုင်းကို ကြုံသည့် နေရာတွင် မြှုပ်ခဲ့ပြီး မှတ်တမ်း မထား ရှိချေ။မိုင်းအန္တရာယ်ရှိသည့် အချို့နေရာများသည် တောင်တန်းနှင့် သစ်တော ထူထပ်သည့် နေရာများဖြစ်သည့်အပြင် မြေသြဇာ ကြွယ်ဝသည့် Brko ခရိုင်သည်လည်း မိုင်းအန္တရာယ် အကြီးမားဆုံး နယ်မြေများတွင်ပါဝင်သည်။ ထို့ကြောင့် ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် လစဉ် လူ ၃၀ မှ ၃၅ ဦးသည် မိုင်းနင်းမိသဖြင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများကို ရင်ဆိုင်နေကြရာတွင် အများစု သည် အရပ်သားများဖြစ်ကြသည်။ ကြောက်မက်ဖွယ် မြေမြုပ်မိုင်းများရှိနေသဖြင့် နိုင်ငံ ပြန်လည် တည်ဆောက်ရေးကို များစွာ အဟန့် အတားဖြစ်စေကာ စားသောက်ကုန် ထုတ်လုပ်မှုများ လျော့ကျခဲ့ပြီး နိုင်ငံ အရင်းအမြစ်များပြောင်းလဲသွားခဲ့သဖြင့်လူမှု အသိုက်အဝန်းတစ်ရပ် ပြန်လည် ထူထောင်ရန် လိုအပ်လျက်ရှိသည်။ ယခုအချိန်တွင် ရာခိုင်နှုန်း အနည်းငယ်မျှသော မိုင်းနယ်မြေ များ ကိုသာ ရှင်းလင်းနိုင်ခဲ့သည်။
၇။ ကူဝိတ် Kuwait
မြေမြှုပ်မိုင်း ၅ သန်း
ကူဝိတ်နိုင်ငံသမိုင်းသည် နိုင်ငံတစ်လွှား များပြားသော ရေနံများ ထွက်ရှိမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်နိုင်ငံက ကူဝိတ်နိုင်ငံကို ၁၉၉၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလအထိ သိမ်းပိုက်ထားခဲ့သည်။ အီရတ်တပ်ဖွဲ့များသည် ကူဝိတ်နိုင်ငံ စစ်ဆင်ရေး နယ်မြေများအတွင်းသန်းပေါင်းများစွာသော မိုင်းများကို ထောင်ခဲ့ကြရာ ကူဝိတ်နိုင်ငံမြေပြင်၏ ၉၇ ရာခိုင်နှုန်းသည် မိုင်းထောင်ထားသည့် နေရာများဖြစ်ခဲ့သည်ဟု ဆိုသည်။ မိုင်းများ ရှိနေသည့် နေရာအများစုသည် ကူဝိတ် ပင်လယ်အော် မြောက်ပိုင် ကမ်းခြေနေရာများနှင့် ကူဝိတ် ဆော်ဒီအာရေဗျ နယ်စပ်ဒေသ များဖြစ်သည်။
ကူဝိတ်နိုင်ငံသည် အီရတ်တို့ သိမ်းပိုက်ခြင်းမှ လွတ်မြောက်ခဲ့သည်နှင့်အစိုးရသည် မိုင်းရှင်းလင်းရေးစီမံချက်တ်ရပ်ကို ချမှတ်ခဲ့ပြီး ၂၄ လအတွင်း မိုင်းများကို ရှင်းလင်းခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၈ သန်းကုန်ကျခဲ့သည်။ မြေပြင်မိုင်း စစ်ဆေးရေး အစီရင်ခံစာအရ ၁၉၉၉ ခုနှစ် ဧပြီလအထိ မိုင်းအလုံး နှစ်သန်းကို ကမ်းခြေဒေသများနှင့် သဲကန္တာရ ဒေသများအတွင်းမှ ရှင်းလင်း နိုင်ခဲ့သည်။ ကူဝိတ်အစိုးရသည် မိုင်းအန္တရာယ်ကို ပြည်သူများသိရှိနိုင်ရန် နှိုးဆော်ပေးသည့် မိုင်းပညာပေး အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။
၆။ ကမ္ဘောဒီးယား Cambodia
မြေမြှုပ်မိုင်း ၈ သန်းမှ ၁၀ သန်း
နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့သည့် ကမ္ဘောဒီးယားစစ်ပွဲသည် ကမ္ဘောဒီးယားနိုင်ငံအား ဒဏ်ရာဒဏ်ချက်မျိုးစုံကို ကျန်ရှိစေခဲ့သည်။ ယင်းတို့အနက် စစ်ပွဲ၏ သက်တမ်းအရှည်ကြာဆုံး အမွေအဖြစ် နေ့စဉ် လူများကို ဒုက္ခဖြစ်ပေးနေသည့် အန္တရာယ်သည် မြေပြင်မိုင်းများဖြစ်ပေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ခမာ အစိုးရ၊ ဗီယက်နမ်နှင့် သီဟာနုထောက်ခံသူများ ထောင်ခဲ့သည့် မိုင်း များသည် အမှိုက်များသဖွယ် ပြန့်ကြဲနေခဲ့သည်။ နေရာအများစုတွင် မိုင်းများကို ထောင်ခဲ့သည့် စစ်သားများကိုယ်တိုင် မိမိတို့ ထောင်ခဲ့သည့် နေရာများကို မှတ်မထားခဲ့ကြချေ။ ထိုမြေမြုပ်မိုင်းများကြောင့် ကမ္ဘောဒီးယားသည် ကိုယ်လက်အင်္ဂါ ထိခိုက်မှု အရှိဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သန်းခေါင်စာရင်းသည် အပေါ်ယံ မှတ်တမ်းသာဖြစ်သော်လည်း ၁၉၇၉ ခုနှစ်မှစ၍ မိုင်းကြောင့် ခြေ လက်အင်္ဂါများပြတ်တောက်ခဲ့သူ ကမ္ဘောဒီးယားနိုင်ငံသား အရေအတွက်သည် လေးသောင်းကျော်ရှိသည်ဟု အကြမ်းဖျဉ်း လက်ခံ ထားကြသည်။
ယင်းကိန်းဂဏန်းအရ နှစ် ၂၀ ကာလအတွင်း တစ်ပတ်လျှင် ပျမ်းမျှ လူ ၄၀ နီးပါး မိုင်းနင်းခံကြရပြီးလက်ရှိအချိန်တွင် မည်သည့် စစ်အင်အားစုကမှ မိုင်းထောင်ခြင်းမရှိတော့ချေ။ သို့သော် ထူးဆန်း သည့် အချက်တစ်ခုမှာ မိုင်းများကို ကြောက်မက်ဖွယ် နည်းလမ်းသစ်ဖြင့် အသုံးချနေခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံမှ အရပ်သားများသည် မိမိတို့ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် ပဋိပက္ခများကို ဖြေရှင်းရန်အသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။ တောရိုင်းတိရိစ္ဆာန်မုဆိုးများသည် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံတွင် ဆေးဖော်ရန် ဈေးကောင်းပေးသည့်အတွက် ကျားများကို ဖမ်းဆီးရန် မိုင်းထောင်ခဲ့ကြသည်ဟု ဆိုသည်။ ၁၉၉၈ ခုနှစ်က ရဲတပ်ဖွဲ့ဝင်များ သည် တောအတွင်း၌ ပုန်းအောင်းနေသည့် လူသတ် တရားခံဟု သံသယရှိသူကို ဖမ်းမိနိုင်ရန် တောပတ်လည်ကို မိုင်းထောင်ခဲ့ သည်ဟုပင်ဆိုသည်။ သူသည် တော်အတွင်းမှ ထွက်လာစဉ် မိုင်းကို နင်းမိပြီးနောက် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိနေသည့် မိုင်းများကို ရှင်းလင်းရန် နှစ် ၁၀၀ အချိန်ယူရဖွယ်ရှိသည်။
၅။ အီရတ် Iraq
မိုင်း ၁၀ သန်း
အီရတ်နိုင်ငံသည် မိုင်းနှင့် မပေါက်ကွဲသည့် စစ်လက်နက်များကြောင့် များစွာ ထိခိုက်နစ်နာခဲ့ရသည်။၁၉၈၀ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် အီရတ် အီရန်စစ်ပွဲနှင့် ၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲကြောင့် မြေမြှုပ်မိုင်းများ သည် အီရန် အီရတ် နယ်စပ် တစ်လျှောက် နိုင်ငံမြောက်ပိုင်း၊နိုင်ငံ အလယ်ပိုင်း၊တောင်ပိုင်းတို့တွင် ပြဿနာတစ်ရပ်ဖြစ်လာခဲ့ သည်။ အီရတ်နိုင်ငံတွင် ထောင်ထားခဲ့သည့် မိုင်းအရေအတွက်ကို မသိရှိရသော်လည်း ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်အရ ထောင်ထားသည့် မိုင်းအလုံးရေ ၁၀ သန်းရှိသည်ဟု ဆိုသည်။
မကြာမီက ပြီးစီးခဲ့သည့် မိုင်းသက်ရောက်မှု စစ်တမ်းက အီရတ်နိုင်ငံမြောက်ပိုင်းအပါအဝင် ပြည်နယ် သုံးခုရှိ ခရိုင် ၂၅ ခုသည် မိုင်းဒဏ် ထိခိုက်သက်ရောက်မှု ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ခရိုင်များအတွင်း နေရာ ၃၄၄၄ ခုတွင် မိုင်းများရှိနေ ကြောင်းသံသယရှိခဲ့ကာ မိသားစု ၁၄၈၀၀၀ သည် မိုင်းအန္တရာယ်ခြိမ်းခြောက်မှု ကို ခံနေရပေသည်။
၄။ အာဖဂန်နစ္စတန် Afghanistan
မြေပြင်မိုင်း ၁၀ သန်း
အာဖဂန်နစ္စတန်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစ၍ စစ်ပွဲများကြောင့် မိုင်းဒဏ်ကို ကြီးမားစွာ ခံခဲ့ရသည်။ စစ်ပွဲများအတွင်း ၁၉၇၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်း ဆိုဗီယက်နှင့် အာဖဂန် နစ္စတန် အစိုးရ လက် နက်ကိုင်တပ်ဖွဲ့များသည် မိုင်းများကို အသုံးပြုခဲ့ကြသည်။ အာဖဂန်နစ္စတန် နိုင်ငံ နေရာအနှံ့တွင် မြေပြင်မိုင်းများကို မဆင်မခြင် ထောင်ခဲ့ကြရာ စိုက်ပျိုးမြေများ၊စားကျက်မြေများ၊ ဆည်မြောင်းများ၊ လူနေ ရပ် ကွက်များ၊လူသွားလမ်းများ၊ ဘောလုံးကွင်းများ၊မြို့ပြနှင့် ကျေးလက်များပါ ပါဝင်ခဲ့သည်။
စစ်ပွဲများပြီးစီးချိန်တွင် နိုင်ငံကို ပြန်လည် ထူထောင်၍ ပြန်လည်နေရာချထားရေး လုပ်ငန်းများပြုလုပ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် မိုင်းများသည် အဓိက အဟန့် အတားများဖြစ်လာ ခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံတွင် မြေပြင် မိုင်းများသည် နေ့စဉ် လူ ၁၀ ဦး မှ ၁၂ ဦး ကို အသက်ဆုံးရှုံးစေခြင်းသို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းကို ဖြစ်စေလျက်ရှိ သည်။မိုင်းနင်းမိသူ ၅၀ ရာခိုင်နှုန်းသည်ဆေးဘက်ဆိုင်ရာ ကူညီ ထောက်ပံ့နိုင်မှု နည်းပါးသဖြင့် သေဆုံးကြရပေသည်။
၃။ အင်ဂိုလာ Angola
မြေပြင်မိုင်း ၁၀ သန်း မှ သန်း ၂၀
အင်ဂိုလာနိုင်ငံတွင် ထောင်ထားခဲ့သည့် မိုင်းများသည် အလုံးရေ ၁၀ သန်းမှ သန်း ၂၀ အထိ ရှိမည်ဟု ခန့်မှန်းရ သည်။ ယင်းနှုန်းထားသည် နိုင်ငံရှိ လူတစ်ဦးစီအတွက် အနည်းဆုံး မိုင်း တစ်လုံး မှ နှစ်လုံးအထိ ရှိနေသည့် နှုန်းဖြစ်သည်။ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်အရ အင်ဂိုလာအတွင်းပြန့်ကြဲနေသည့် မြေပြင်မိုင်းများကြောင့် နှစ် ၃၀ အတွင်း ကိုယ်လက် အင်္ဂါများ ပြတ်တောက်ခဲ့သူ အရေ အတွက်သည် ခုနစ်သောင်းကျော်ရှိသည်ဟု ဆိုသည်။ နှစ်ပေါင်း ၃၀ အတွင်း အင်ဂိုလာနိုင်ငံ၏ လယ်ကွင်းများ၊ကျေးရွာများ၊ လမ်းများ၊ မိုင်းရှိမည်မည်ဟု မထင်ရသော နေရာများတွင်ထောင်ထားခဲ့သည့် မိုင်းများက အပြစ်မဲ့ပြည် သူများကို ကိုယ်လက်အင်္ဂါများပြတ်တောက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့ကို ဖြစ်စေခဲ့သည်။
အင်ဂိုလာနိုင်ငံရှိ မိုင်းများသည် လူများသွားလာလှုပ်ရှားမှု၊လယ်ယာမြေ စိုက်ပျိုးထုတ်လုပ်မှုတို့ကို ကန့်သတ်စေခဲ့ကာ စီးပွားရေးအလျင်ပြတ်ခဲ့ပြီး များစွာသော အပြစ်မဲ့ပြည်သူများကို သေကြေ၊ ဒဉ်ရာရရှိစေခဲ့သည်။၁၉၉၃ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက မိုင်းများ ရောင်းချခြင်း၊ တင်ပို့ခြင်းကို တရားဝင် ဆိုင်းငံ့တားဆီးသည့် အဆိုပြုချက်ကို အတည်ပြု ချမှတ် ခဲ့သည်။သို့သော် နိုင်ငံတကာ၏ အများဆန္ဒသည် ယခုတိုင်ပြည့်ဝနိုင်ခြင်းမရှိသေးဘဲ အင်ဂိုလာနိုင်ငံ၏ မိုင်းပြဿနာများသည် ဆက်လက် အားကောင်းနေဆဲဖြစ်ပေသည် ။
၂။ အီရန် နိုင်ငံ Iran
မြေပြင်မိုင်း ၁၆ သန်း
အီရန်နိုင်ငံ၏ အနောက်ပိုင်းနှင့် အနေမာက်တောင်ပိုင်းနယ်မြေများတွင် မြေပြင်မိုင်းများနှင့် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများ ရှိနေကြရာ အထူးသဖြင့် ကဒ်ဒစ္စတန်၊အနောက်ပိုင်း အဇာဘိုင်ဂျန်၊ခူဇက်စတန်နှင့် ကာမန်ရှား ပြည်နယ်များတွင် အများဆုံးရှိနေကြသည်။ယင်းတို့သည် ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၉ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အီရန်နိုင်ငံ ပဋိပက္ခများ၏ ရလာဒ်ဖြစ်ကာ အီရန် အစိုးရက အီရန်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များအတွင်း ၄၂ ၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်း၌ မြေပြင်မိုင်း အလုံးရေ ၁၆ သန်းကို ထောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြေပြင်မိုင်းများနှှု့် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများသည် အီရတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်နိမိတ်တစ်လျောက် ပြည်နယ်များ၏ စိုက်ပျိုးရေး လုပ်ငန်းများကို များစွာ အကန့်အသတ်ဖြစ်စေခဲ့သည်။ အီရန်နိုင်ငံရှိ မိုင်းများသည် ရှေးဟောင်းသမိုင်းဝင်နေရာဒေသများကိုပါ ထိခိုက်စေခဲ့ကာ အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာသုတေသနပြုမှုများကို များစွာ အဟန့်အတားဖြစ်စေခဲ့ပေသည်။
၁။ အီဂျစ် Egypt
မြေပြင်မိုင်း ၂၃ သန်း
ဒုတိယကမ္ဘာစစ်နှင့် ၁၉၅၆ ခုနှစ် ၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သည့် အီဂျစ် အစ္စရေးစစ်ပွဲများသည် အီဂျစ်နိုင်ငံကို မိုင်းဒဏ်သင့် နိုင်ငံတစ်ခုဖြစ်စေခဲ့သည်။အီဂျစ်နိုင်ငံ မြေပြင်များ တွင် ထောင်ထားခဲ့သည့် မိုင်းများသည် အလုံးရေ ၂၃ သန်းရှိခဲ့ကာ အီဂျစ်မိုင်းပြဿနာသည် မိုင်းများသည် အိုဟောင်းနေမှု၊ တင့်ကားများကို ဖျက်ဆီးရန် ထောင်ခဲ့သဖြင့် မြှုပ်နှံထားသည့် နေရာများကို သိရှိရန် မလွယ်ကူမှုများမှ အစပြုခဲ့သည်။ နိုင်ငံတကာက အများအားဖြင့် အီဂျစ်မိုင်းများကို လူများသေကြေပျက်စီးစေရန် ထောင်ခဲ့အပေါ် အထူးပြုပြောဆို ဝေဖန်ခဲ့ကြသည်။
အီဂျစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်များအရ မိုင်းများသည် လူသားများနှသင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအပေါ် အဟန့်အတားဖြစ်စေကာ ထောင်ပေါင်းများစွာသော လူသားများကို သေကြေ ထိခိုက်ဒဏ်ရာရရှိ စေခဲ့သည်။ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း အီဂျစ်နိုင်ငံ အနောက်ပိုင်း သဲကန္တာရ အတွင်းမှ မိုင်းခုနစ်သန်းကို ရှင်းလင်းနိုင်ခဲ့ပြီး ဆိုင်းနိုင်း ကျွန်းဆွယ်တွင် ရှင်းလင်းရန် မိုင်း သုံးသန်းကျန်ရှိ နေပေသည်။အီဂျစ်နိုင်ငံအတွင်း ရွှေ့ပြောင်းသွားလာနေသူများက ကန္တာရ အတွင်းမိုင်းကွင်းများကို နတ်ဆိုးဥယျာဉ်ဟု ရည်ညွှန်းပြောဆိုခဲ့ကြသည်။
ငြိမ်းချမ်းသာယာမှု မရှိသေးသည့် ယနေ့ကမ္ဘာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ပွဲများဖြစ်ပွားကြရာမှ အနိုင်ရလိုမှု ဆန္ဒများကြောင့် မိုင်းများကို ထောင်ခဲ့ကြသဖြင့် မြေပြင်မိုင်းများနှင့် မြေမြှုပ်မိုင်းများသည် စစ်ပွဲကာလအတွင်းသာမက စစ်ပွဲများပြီးဆုံးချိန်တွင်လည်း အပြစ်မဲ့ ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်တိုင်း ခြိမ်းခြောက်လျက်ရှိနေပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဇွန်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post