ကမ္ဘာ့နိုင်ငံအချို့က ဆင်းသက်ဖို့ခက်ခဲ့လွန်းတဲ့ လေယာဉ်ကွင်းတွေ ၊ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ထိတ်လန့်စေနိုင်တဲ့ လေယာဉ်ကွင်းတွေအကြောင်းကို ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။
၁၀။ ဆာဘာလေယာဉ်ကွင်း ၊ နယ်သာလန်
စိန့်မာတင်မှတောင်ဘက် ၂၈ မိုင် အကွာတွင်ရှိသောကွင်းဖြစ်သည်။ ဆာဘာလေယာဉ်ကွင်းရှိပြေးလမ်းမှာ ပေ ၁၃၀၀ သာရှိသောကြောင့် အတိုဆုံးပြေးလမ်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင်ဆင်းသက်ရန်ခက်ခဲသောကွင်းအဖြစ် သတ်မှတ်ခြင်းခံရသော်လည်း လေယာဉ်ကွင်းအား အလွန်လှပသောနေရာ၌တည်ဆောက်ထားခြင်းဖြစ်သည်။
၉။ တွန်ကွန်တင်၊ ဟွန်းဒူးရပ်
ဟွန်းဒူးရပ်နိုင်ငံ၊ တွန်ကွန်တင်ကွင်း Toncontin ၌ ဆင်းသက်ရန်အတွက် အလွန်မြင့်မားသောတောင်များကို ဖြတ်ကျော်ရလေ့ရှိပြီး ကွင်း၏ပြေးလမ်းမှာ ပေ ၇၀၀၀ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၉၄ပေ အမြင့်ရှိတောင်ကြားတွင်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ကွင်းပတ်လည်၌ တောင်များဝန်းရံနေမှုကြောင့် လေယာဉ်စီးခရီးသည်များအနေဖြင့် လေယာဉ်ဆင်းသက်ချိန်တွင် ရုတ်တရက်နိမ့်ကျသွားသော ခံစားမှုမျိုးကိုခံစားရလေ့ရှိသည်။ ထို့ပြင်လေပြင်းများအဆက်မပြတ်တိုက်ခတ်လေ့ရှိသောကြောင့် လေယာဉ်မှူးများအတွက်ဆင်းသက်ရန် ခက်ခဲသောကွင်းတစ်ခုဖြစ်သည်။
၈။ လာဂါဒီယာ၊ နယူးယောက်
လာဂါဒီယာ Laguardia ကွင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်ရှိပြီး ပြေးလမ်းမှာ ၇၀၀၀ ပေရှည်လျားသည်။ အလွန်ရှုပ်သောလေယာဉ်ကွင်းတစ်ခုဖြစ်သည့်အပြင် အဆိုပါကွင်း၌ဆင်းသက်မည့် လေယာဉ်မှူးများအနေဖြင့် အနီးအနားရှိအလွန်ရှုပ်သောလေယာဉ်ကွင်းနှစ်ခုဖြစ်သည့် ဂျေအက်ဖ်ကေနှင့် နူးဝပ်တို့မှ လေယာဉ်များကိုလည်း ရှောင်ရှားရသည်။
၇။ ကော့ချ်ဗီလ်၊ ပြင်သစ်
ပြင်သစ်နိုင်ငံ၌ရှိသော ကော့ချ်ဗီလ် (Courchevel) လေယာဉ်ကွင်း၏ပြေးလမ်းမှာ ၅၂၅ မီတာသာရှည်လျားသောကြောင့် ကမ္ဘာပေါ်တွင် အတိုဆုံးပြေးလမ်းဖြစ်သည်။ လေယာဉ်မှူးများအနေဖြင့် အဆိုပါကွင်း၌ဆင်းသက်လိုပါက အက်ပ်တောင်တန်းတစ်လျှောက် မောင်းနှင်ရပြီး ဆင်းသက်သည့်အခါတွင်လည်း လေယာဉ်အားအရှိန်လျော့ရန်အတွက် အနည်းငယ်မတ်သော ပြေးလမ်းဘက်ခြမ်းမှဆင်းသက်ရလေ့ရှိသည်။
၆။ ဝယ်လ်လီတန်၊ နယူးဇီလန်
၆၃၅၁ ပေအရှည်ရှိ ပြေးလမ်းတစ်ခုတည်းရှိသော လေယာဉ်ကွင်းဖြစ်ပြီး ပြေးလမ်း၏အစနှင့်အဆုံးတွင် ပြာလဲ့သောပင်လယ်ရေပြင်ရှိသည်။ ဝယ်လ်လီတန် Wellington လေဆိပ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူများအတွက်မူ လေယာဉ်အတက်အဆင်းမှာ လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလှသည်။
၅။ ခိုင်တက်၊ ဟောင်ကောင်
ခိုင်တက် (Kai Tak) သည် လေယာဉ်များအတွက် အန္တရာယ်အရှိဆုံးနှင့် ကြောက်မက်ဖွယ်ကောင်းစွာ အတက်အဆင်းပြုလုပ်ရလေ့ရှိသော လေယာဉ်ကွင်းများအနက်တစ်ခုဖြစ်သည်။ ကတ်ဝေး Cathay ပစိဖိတ်နှင့် ဒေသတွင်းလေကြောင်းလိုင်းတချို့ အခြေစိုက်ရာလေယာဉ်ကွင်းလည်းဖြစ်သည်။ ပြင်းထန်သောဘေးတိုက်တိုက်ခတ်သောလေများ Crosswind၊ တောင်များဝန်းရံနေခြင်းနှင့် ဆင်းသက်သည့်အခါ အဆောက်အဦများအပေါ်မှ အလွန်နိမ့်စွာပျံသန်းပြီး ဆင်းသက်ရသောကြောင့် အလွန်အန္တရာယ်များသော လေယာဉ်ကွင်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့သော် ၁၉၉၈ ခုနှစ်တွင်မူ ခိုင်တက်လေယာဉ်ကွင်းအား အာဏာပိုင်များကပိတ်ခဲ့သည်။
၄။ လုခ်လာလေယာဉ်ကွင်း၊ နီပေါ
နီပေါနိုင်ငံ၊ လက်က်လာ (Lukla) မြို့က လေယာဉ်ကွင်းဖြစ်ပြီး ပြေးလမ်း မီတာ (၅၀၀) ပဲ ရှိကာ မတ်စောက်တဲ့ တောင်ထိပ်တစ်ခုမှာ တည်ဆောက်ထားသည်။ ယခင်က လုခ်လာ Lukla လေယာဉ်ကွင်းဟုခေါ်သော်လည်း ဧဝရက်တောင်ပေါ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သော တောင်တက်သမားနှစ်ဦးအား ဂုဏ်ပြုသောအားဖြင့် နောက်ပိုင်းတွင် တန်ဇင်းဟီလာရီ Tenzing Hillary ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ဧဝရက်တောင်တက်လိုပါက ပထမဦးစွာ အဆိုပါလေယာဉ်ကွင်းသို့ လေကြောင်းခရီးဖြင့်လာရမည်ဖြစ်သည်။ လေယာဉ်ကွင်းအား အမြင့်ပေ ၈၀၀၀ တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရာသီဥတုသည် အမြဲပြောင်းလဲနေတတ်သည်။ လေယာဉ်ကွင်းတွင် ခေတ်မီလေကြောင်းထိန်းသိမ်းရေးလမ်းညွှန်စနစ်များ မရှိပေ။ ထို့ပြင် ပြေးလမ်းတစ်လျှောက် မီးများမရှိသည့်အပြင် လျှပ်စစ်မီးအလုံအလောက်မရပေ။
၃။ အန္တာတိကလေယာဉ်ကွင်း
ကမ္ဘာပေါ်တွင် အအေးဆုံးနေရာဖြစ်ပြီး လေယာဉ်များဆင်းသက်ရန်အတွက် ရေခဲပြင်နှင့်နှင်းများအားပြင်ညီဖြစ်အောင် ညှိထားသောပြေးလမ်းတစ်ခုသာရှိသည်။ အရေးကြီးသည့်အချက်မှာ ဆင်းသက်မည့်လေယာဉ်၏အလေးချိန်ပင်ဖြစ်သည်။ ရေခဲပြင်ပြေးလမ်းပေါ်၌ ဆင်းသက်သည့်လေယာဉ်၏အလေးချိန်သည် အလွန်များပါက ရေခဲပြင်ကွဲထွက်ကာ လေယာဉ်မှာရေအောက်သို့နစ်မြုပ်နိုင်ခြင်းနှင့် နှင်းထဲ၌လေယာဉ်နစ်ခြင်းများဖြစ်နိုင်သည်။ ထို့ကြောင့် လေယာဉ်မှူးများအနေဖြင့် ရေခဲပြင်ပေါ်သို့မဆင်းသက်မီကပင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၎င်းတို့လေယာဉ်များ၏အလေးချိန်အား ကြိုတင်စစ်ဆေးထားရမည်ဖြစ်သည်။
၂။ ပရင့်ဆက်စ်ဂျူလီနာအပြည်ပြည်ဆိုင်ရာလေဆိပ်
ကာရေဘီယံ၌ အရှုပ်ဆုံးလေယာဉ်ကွင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ လေယာဉ်မှူးများအနေဖြင့် ပရင့်ဆက်စ်ဂျူလီနာ (Princess Julina) လေယာဉ်ကွင်း၌ ဆင်းသက်မည်ဆိုပါက ပင်လယ်ကမ်းခြေပေါ်မှ ဖြတ်သန်းပျံပြီး လေယာဉ်ကွင်းအားကာရံထားသော ခြံစည်းရိုးကိုဖြတ်ကျော်ပြီးမှသာ ပြေးလမ်း၌ဆင်းသက်နိုင်မည်ဖြစ်သည်။ ပြေးလမ်းမှာ ၇၁၅၀ ပေသာရှိသည်။ လေယာဉ်ကြီးများအနေဖြင့် စိတ်ချစွာဆင်းသက်နိုင်ရန်အတွက် အနည်းဆုံးပေ ၈၀၀၀ လိုအပ်ပြီး အချို့အလွန်လေးလံသော လေယာဉ်များမှာမူ ပေ ၁၀၀၀၀ ခန့်လိုအပ်သည်။ လေယာဉ်ကွင်းမှာ အသေးစားနှင့် အလတ်စားအလေယာဉ်များ ဆင်းသက်ရန်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း အေ ၃၄၀ အက်စ် နှင့် ၇၄၇ ကဲ့သို့ လေယာဉ်ကြီးများလည်း ဆင်းသက်လေ့ရှိသည်။
၁။ ပါရိုလေယာဉ်ကွင်း၊ ဘူတန်နိုင်ငံ
ဘူတန်နိုင်ငံရှိ မြို့တော်သင်မ်ဖူးရှိ ပါရို Paro လေယာဉ်ကွင်းသည် ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံးလေယာဉ်ကွင်းအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ အမြင့်ဆုံးတောင်ကြားတွေထဲတွင်တည်ရှိကာ အကွေ့အကောက်များလှသဖြင့် လေယာဉ်မှူးအနည်းငယ်သာ အဆိုပါကွင်း၌ ဆင်းသက်နိုင်စွမ်းရှိသည်။ အန္တရာယ်များလှသဖြင့် နေထွက်ချိန်မှ နေဝင်ချိန်အထိသာ လေယာဉ်ဆင်းခွင့်ပြုထားသည်။ ၂၀၁၁ခုနှစ်တိုင်အောင် ဘူတန်၏ တစ်ခုတည်းသော လေယာဉ်ကွင်းလည်းဖြစ်သည်။ လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မိုင်တွင်ရှိပြီး ပြေးလမ်းမှာ ၆၅၀၀ ပေရှည်လျားကာ ပေ ၁၈၀၀၀ အမြင့်ရှိသော တောင်များက လေယာဉ်ကွင်းအား ဝန်းရံထားသည်။
GK စကားဝိုင်း
Content Translation Department
Discussion about this post