ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ ကျွန်းအရေအတွက်ကို အတိအကျသိရဖို့ဆိုတာကတော့ ခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ကျွန်းကြီး ကျွန်းငယ် စုစုပေါင်း သိန်းနဲ့ချီရှိပြီး အလွန်ကြီမားတဲ့ကျွန်းကြီးအရေအတွက် ကတော့(၂၀၀၀)ဝန်းကျင်ရှိတယ်လို့ ဖော်ပြမှုတွေတော့ ရှိပေမဲ့ တိတိကျကျတော့ မသိရသေးပါဘူး။ ကျွန်းတွေဟာ ပုံမှန်အားဖြင့်တော့ သက်ဆိုင်ရာဒေသရဲ့ ပထဝီဝင်အနေအထား၊ရာသီဥတုအခြေအနေ၊ သဘာဝပေါက်ပင်၊ ကျက်စားတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေအပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခု ပုံသဏ္ဍန်၊အနေအထား ကအစကွဲပြားကြပါတယ်။
ဆက်စပ်တင်ပြချင်တာကတော့ သြစတေးလျကျွန်းဟာ ဒီစာရင်းမှာအကြီးဆုံးကျွန်းအဖြစ်ဖော်ပြထားတဲ့ Greenland ကျွန်းထက်(၃)ဆကျော်သာ ပိုမိုကြီးမားပေမယ့် တိုက်ကြီးတစ်ခုအဖြစ်သတ်မှတ်ထားတာကြောင့် ဒီစာရင်းမှာပါဝင်ခြင်းတော့မရှိပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်ကအကြီးဆုံး ကျွန်း(၁၀)ကျွန်းရဲ့အကြောင်းအရာအချက်အလက်အချို့ပဲဖြစ် ပါတယ်။
(၁၀) Ellesmere Island
မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ၊Nunavut ပြည်နယ်မှာတည်ရှိတဲ့ Ellesmere Islandဟာ ဧရိယာ စတုရန်းကီလိုမီတာ (၁၉၆၂၃၆)မိုင်ကျယ်ဝန်းပြီး ကနေဒါနိုင်ငံရဲ့တတိယမြောက် အကြီး ဆုံးကျွန်းကြီးဖြစ်သလို ကမ္ဘာပေါ်မှာတော့ ဒသမမြောက်အကြီးဆုံးကျွန်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ကျွန်းတစ်ခုလုံးမှာတော့ ကျယ်ပြန့်တဲ့ရေခဲပြင်ကြီးတွေ၊ကြီးမားတဲ့တောင်ကုန်း၊ တောင်တန်းကြီးတွေနဲ့ပြည့်နှက် လျက်ရှိပါတယ်။EllesmereIslandဟာ ကနေဒါနိုင်ငံရဲ့အပိုင်းအခြားအတွင်းမှာ ကျ ရောက်နေတဲ့အာတိတ်သမုဒ္ဒရာတွင်းက ကျွန်းစုတွေအကြားမှာတော့တောင်ကုန်း၊ တောင် တန်း အထူထပ်ဆုံး နေရာအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
Ellesmere Island ရဲ့မြောက်ဘက်စွန်းပိုင်းမှာဆိုရင် အနည်းဆုံးနှစ်ပေါင်း (၁၀၀၀၀၀) သက်တမ်းရှိတဲ့ အနည်ကျကျောက်လွှာတွေတည်ရှိပြီး ဒီကျွန်းဟာ ရေခဲခေတ်ကာလ ကတည်းက ဒီနေရာမှာတည်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ Nunavut ပြည်နယ် အတွင်းမှာ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Barbeau ဟာ ဒီကျွန်းပေါ်မှာပဲတည်ရှိပြီး ပင်လယ်ရေပြင်ထက်အမြင့်ပေ (၈၅၈၃)ပေလောက်မြင့်မားပါတယ်။ သစ်မျိုးစိတ်တစ်ခု ဖြစ်တဲ့ Artic willow(မိုးမခပင်)ဟာ Ellesmere Island မှာပေါက်ရောက်တဲ့ ကမ္ဘာကြီးရဲ့တစ်ခုတည်းသော သစ်မျိုးစိတ်ဖြစ်ပါတယ်။
(၉) Great Britain
ဥရောပတိုက် အနောက်မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ နာမည်ကျော် Great Britain ကျွန်းဟာ (၂၀၉၃၃၁)စတုရန်းကီလိုမီတာ ကျယ်ပြန့်ပြီး ဥရောပမှာတော့အကြီးဆုံးကျွန်း မကြီးတစ်ခုဖြစ်ပါတယ်။ Great Britain ဟာ United Kingdom ရဲ့အစိတ်အပိုင်းတစ်ခု အဖြစ်ရှိနေပြီး အင်္ဂလန်၊ဝေလ၊စကော့တလန်နိုင်ငံတွေတည်ရှိရာ အရပ်လည်းဖြစ်ပါ တယ်။ Great Britainဟာကျွန်းကြီး၊ကျွန်းငယ် စုစုပေါင်း (၁၀၀၀)လောက်ဝန်းရံလျက် ရှိပါတယ်။
ဥရောပရဲ့လူသိအများဆုံးအပိုင်းလည်းဖြစ်တဲ့ Great Britain ကျွန်းမဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀၀၀၀)လောက်ကတည်းက လူသားတွေအခြေချနေထိုင်ခဲ့ကြတယ် လို့ သမိုင်းပညာရှင်တွေကအတည်ပြုထားပါတယ်။ ဒီကျွန်းရဲ့ရာသီဥတုဟာ တစ်နှစ်ပတ်လုံး အပူ၊အအေး မျှတနေတာကိုတွေ့ရပြီး သာယာတဲ့ရှုမျှော်ခင်းတွေ၊ ရာသီပန်းတွေ၊ပွဲတော်တွေနဲ့ အတော်ကိုနေချင်ဖွယ်ရာအတိဖြစ်ပါတယ်။ လန်ဒန်မြို့ တော်ကတော့ Great Britain ကျွန်းရဲ့အကြီးဆုံးမြို့အဖြစ်ရှိနေပြီး လူဦးရေ ၉သန်းနီးပါး နေထိုင်လျှက်ရှိပါတယ်။
(၈) Victoria Island
အာတိတ်သမုဒ္ဒရာအတွင်းက ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ Victoria Island ဟာ ကနေဒါနိုင်ငံရဲ့နယ်နိမိတ်အတွင်းမှာတည်ရှိပြီး (၂၁၇၂၉၁) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ကနေဒါနိုင်ငံတွင်းမှာလည်း ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ Victoria ဟာ ကမ္ဘာပေါ်မှာဆိုရင် (၈)ခုမြောက်အကြီးဆုံးကျွန်းအဖြစ်ရှိနေပြီး အာတိတ်ဒေသ စူးစမ်းရှာဖွေရေးသမား Thomas Simpson က (၁၈၃၈)ခုနှစ်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။
Victoria Islandကျွန်းရဲ့မူလနာမည်ကတော့ Queen Victoria ကျွန်းဖြစ်ပြီး (၂၀၀၆) ခုနှစ်က ကောက်ခံတဲ့စာရင်းတွေအရဆိုရင် ဒီကျွန်းမှာနေထိုင်သူဦးရေ (၁၈၇၅) ဦးသာ ရှိခဲ့ပါတယ်။ Victoria Island ရဲ့အနောက်မြောက်ဘက်ပိုင်းမှာဆိုရင် (၁၅)မိုင်လောက် အကျယ်ရှိတဲ့Tunnunik impact crater(ဥက္ကာခဲကျရောက်ခြင်းကြောင့်ဖြစ်ပွားတဲ့ချိုင့်ဝှမ်း ကြီး)တစ်ခုတည်ရှိပါတယ် ။ လေ့လာချက်တွေအရဆိုရင်တော့ အဲဒီဥက္ကာခဲဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၁၃၀)ကနေ(၃၅၀)နှစ်အကြား ဒီနေရာကိုကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
(၇) Honshu
ပစိဖိတ်သမုဒ္ဒရာနဲ့ ဂျပန်ပင်လယ်အကြားမှာတည်ရှိတဲ့ Honshu ကျွန်းဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းကီလိုမီတာ (၂၂၅၈၀၀)လောက်အထိကို ကျယ်ပြန့်ပါ တယ်။ ဂျပန်နိုင်ငံရဲ့အမှတ်အသားလိုဖြစ်နေတဲ့ ဖူဂျီတောင်၊ အကြီးဆုံးရေကန်ဖြစ်တဲ့ Biwa ရေကန်ကြီးတွေရှိနေတဲ့ ဒီကျွန်းဟာဂျပန်နိုင်ငံရဲ့ အဓိကကုန်းမကြီးတစ်ခုဖြစ် တဲ့အပြင် သမိုင်းအဆက် ဆက်မှာ အရေးပါတဲ့နေရာကနေ ပါဝင်နေပြန်ပါတယ်။
အရှည် မိုင် (၈၀၀)၊အကျယ်(၁၅၀)မိုင်လောက်ရှိတဲ့ Honshu ကျွန်းမကြီးဟာ ဂျပန်နိုင်ငံစုစုပေါင်း လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းအထိနေထိုင်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ထင်ရှားတဲ့မြို့တော်ကြီးတွေဖြစ်တဲ့ တိုကျို၊ ကျိုတို၊ဟီရိုရှီးမား၊ယိုကိုဟားမား၊ အိုဆာကာမြို့တွေဟာ Honshuကျွန်းပေါ်မှာတည်ရှိနေတာဖြစ်ပြီး ကမ္ဘာပေါ်မှာဆိုရင် Honshu ဟာ အင်ဒိုနီးရှားက ဂျာဗားကျွန်းပြီးတဲ့နောက်မှာ ဒုတိယမြောက်လူဦးရေ အထူထပ်ဆုံးကျွန်းအဖြစ်ရပ်တည်နေပြီး ၁စတုရန်းမိုင်မှာ လူဦးရေ ၁၁၅၈ဦးခန့် နေထိုင်လျှက်ရှိပါတယ်။
(၆) Sumatra
အရှေတောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ Sumatraကျွန်းဟာ အင်ဒိုမှာတော့ ဒုတိယမြောက်အကြီးဆုံးကျွန်းမကြီးဖြစ်ပြီး စတုရန်းကီလိုမီတာ(၄၈၀၈၄၈)ကျယ်ဝန်း ပါတယ်။ ကျွန်းနိုင်ငံအဖြစ်သတ်မှတ်ထားတဲ့ အင်ဒိုနိုင်ငံရဲ့ကျွန်းတွေအနက်မှာတော့ အနောက်ဘက်အကျဆုံးကျွန်းအဖြစ် သတ်မှတ်ထားတဲ့ Sumatra ဟာ အင်အားပြင်း ငလျင်ဒဏ်၊ဆူနာမီဒဏ်တွေကိုအခံရဆုံးဒေသဖြစ်ပါတယ်။
အကြောင်းကတော့ Sumatra ဟာ အင်ဒို၊သြစတြေးလျ၊အာရှဥရောပ ကုန်းမြေကျောက်လွှာချပ်ကြီးတွေဆုံ တဲ့ဧရိယာဇုံအတွင်းမှာတည်ရှိနေလို့ဖြစ်ပါတယ်။ ဘူမိဗေဒသဘောအရဆိုရင် နှစ်စဉ်မသိမသာရွေလျားနေတဲ့ကုန်းမြေကျောက်လွှာချပ်တွေဟာ တစ်ခုနဲ့တစ်ခု လာရောက် ထိပ်တိုက်ဆုံတွေ့မိရာက တွန်းအားတွေပေါင်းစုပြီး ပြင်းထန်တဲ့ရေပေါ် ၊ရေအောက် ငလျင်ကြီးတွေ ဖြစ်ပေါ်တတ်တယ်လို့ဆိုပါတယ်။
ကျွန်းတစ်ကျွန်းလုံးဟာအုန်း၊ထန်း၊ဓနိပင်တွေနဲ့အမြဲစိမ်းစိုတဲ့ Sumatraဟာ ရှားပါး အပင်၊တိရိစ္ဆာန်မျိုးစိတ်ဝင်တွေမှီခိုရာအိမ်အဖြစ်လည်းရှိနေပါတယ်။ အပူပိုင်းမိုး သစ်တောရာသီဥတုကိုပိုင်ဆိုင်ထားတဲ့Sumatra အတွက်ဝမ်းနည်းစရာကောင်းတာ ကတော့ (၁၉၈၅)ခုနှစ်ကနေ (၂၀၀၇)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ သစ်ထုတ်လုပ်ရေး၊ရေနံတူးဖော်ရေး၊မြို့ရွာတိုးချဲ့ရေးစီမံကိန်းတွေ ကြောင့် Sumatra ကျွန်းရဲ့သစ်တောဧရိယာ(၅၀)ရာခိုင်နှုန်းဟာပျက်စီးခဲ့ရတာပဲဖြစ်ပါတယ်။
ယင်းသစ်တောတွေအတွင်းမှာလည်း ကမ္ဘာရှားပါး တိရိစ္ဆာန်မျိုးစိတ်တွေဖြစ် တဲ့ ဆူမားတြားကျား၊ အော်ရန်အူတန်ဝက်ဝံ၊ဆူမားတြားကြံ့၊ ဆူမားတြားဥသြငှက်တို့လည်း နေထိုင်ကျက်စားကြတာကိုတွေ့ရပါတယ်။ မိုးသစ်တော တွေမှာပေါက်ရောက်လေ့ရှိတဲ့ ရှားပါးပန်းမျိုးစိတ်အဖြစ်သတ်မှက်ထားတဲ့ Rafflesia arnodii အမည်ရတဲ့ ပန်းမျိုးစိတ်တွေကိုလည်း Sumatraနဲ့ဘော်နီယိုကျွန်းမှာတွေ့ရတတ်ပါတယ်။ ရွှေ၊ငွေ စတဲ့သတ္ထုတွေကိုလည်းဒီကျွန်းမှာထွက်ရှိပြီး ကျောက်မီးသွေး၊သံ၊ကြေးဝါ၊ရေနံ စတဲ့ အဖိုးတန်တွင်းထွက်ပစ္စည်းတွေလည်း ထွက်ရှိပါတယ်။ Medan ကျွန်းကတော့ ဒီကျွန်းရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂သန်းကျော် အခြေချနေထိုင်တဲ့ မြို့ဖြစ်ပါတယ်။
(၅) Baffin Island
ကနေဒါနိုင်ငံရဲ့အကြီးဆုံကျွန်းဖြစ်တဲ့ Baffin ကျွန်းဟာ Nunavut နယ်မြေအတွင်းမှာပါ ဝင်ပြီးစတုရန်းကီလိုမီတာ (၅၀၇၄၅၁)စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အာတိတ် သမုဒ္ဒရာအတွင်းက ကျွန်းတွေအနက်မှာတော့ Baffin ဟာအအေးဆုံးဖြစ်ပြီး နှစ်စဉ်ပျှမ်း မျှအပူချိန်ဟာ (-8) ဒီဂရီဆဲစီးရက်လောက်အထိ ချမ်းအေးပါတယ်။ ရှည်လျားကျဉ်းမြောင်းတဲ့ ပင်လယ်ရေလက်ကြားတွေ၊ ရေချိုကန်ကြီးတွေများစွာရှိနေတဲ့ Baffin ကျွန်း ရဲ့အမည်ဟာ ကျွန်းကိုရှာဖွေတွေ့ရှိခဲ့တဲ့ အင်္ဂလိပ်လူမျိုး William Baffin ကိုဂုဏ်ပြုပြီး ပေးထားတာဖြစ်ပါတယ်။
Baffin ဟာ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိနေတာကြောင့်လည်း NorthernLights (မြောက်ဝင်ရိုးစွန်းကောင်းကင်မှာ ညအချိန်တွေရ တတ်တဲ့ အနီ၊အစိမ်းရာင်တန်း)တွေကိုအမြဲမြင်တွေရနိုင်သလို နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ပိုလာဝက်ဝံ၊အာတိတ်ဝံပုလွေ၊များစွာ ကိုလည်း ဒီကျွန်းမှာ နေထိုင်ကြပါတယ်။ ဒါအပြင် Baffin ကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ Sirmiki နဲ့ Auyuittuq စတဲ့အမျိုးသားဥယျာဉ်တွေအတွင်းမှာတော့ ခမ်းနားကြီးကျယ်တဲ့ ရေခဲမြစ်တွေ၊တောင်ချောက်ကမ်းပါးအကြား ပင်လယ်ရေဝင်လမ်းတွေ၊ရေခဲပြင်ကျယ်ကြီးတွေအစီအရီတည်ရှိပါတယ်။ အကြိးဆုံးမြို့ကတော့ လူဦးရေ ၇၀၀၀ကျော်သာနေထိုင်တဲ့ Iqaluit မြို့ဖြစ်ပါတယ်။
(၄) Madagascar
အိန္ဒိယသမုဒ္ဒရာအတွင်းက အာဖရိက အရှေဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့ Madagascar ကျွန်းနိုင်ငံဟာ (၅၈၇၇၃၁) စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ကမ္ဘာ စတုတ္ထမြောက်အကြီးဆုံးကျွန်းကြီးဖြစ်ပါတယ်။ ပညာရှင်တွေကတော့ Madagascar ကျွန်းဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း(၈၈)သန်းလောက်က အိန္ဒိယတိုက်ငယ်အတွင်း ကနေ ကွဲထွက်လာတဲ့မြေသားစိုင်တစ်ခုဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။ များစွာသောအပင်၊တိရိစ္ဆာန်မျိုးစိတ်များစွာရဲ့ မှီတင်းနေထိုင်ရာနေရာလည်း ဖြစ်တဲ့ Madagascar ကိုအချို့ကတော့ ကမ္ဘာ(၈)ခုမြောက်တိုက် အဖြစ်တင်စားခေါ်ဆိုကြပါ တယ်။
Madagascarကျွန်းမှာ တိရိစ္ဆာန်မျိုးစိတ်ပေါင်း (၂၅၀၀၀၀)လောက်ရှိပြီး (၇၀) ရာခိုင်နှုန်းလောက်ဟာ ကမ္ဘာဘယ်နေရာမှာမှ မရှိတဲ့မျိုးစိတ်တွေလို့သိရပါတယ်။ ဒါအပြင် အပင်မျိုးစိတ်ပေါင်းဟာလည်း (၁၄၀၀၀)လောက်ရှိနေပြီး (၉၀)ရာခိုင်နှုန်း လောက်ဟာ Madagascar မှာပဲရှင်သန်ပေါက်ပွားနိုင်ကြတာကိုလည်းတွေ့ရပါတယ်။ ကြောင်နဲ့တူတဲ့ လီမာမျောက်မျိုးဟာ Madagascarကသစ်တောတွေမှာပဲ တွေ့ရတတ် တဲ့ရှားပါးမျိူးစိတ်ဝင်မျောက်တစ်မျိုးဖြစ်ပါတယ်။ ကျွန်းရဲ့အနောက်တောင်ဘက်စွန်းမှာရှိ တဲ့ Toliara သန္တာကျောက်တန်းဟာ ကမ္ဘာပေါ်မှာတော့တတိယမြောက်အကြီးဆုံး သန္တာ ကျောက်တန်းအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ အကြီဆုံး နဲ့ မြို့တော်ကတော့ Antananarivo မြို့ဖြစ်ပြီး လူဦးရေ ၁.၆သန်းခန့် နေထိုင်ပါတယ်။
(၃) Borneo
ပစိဖိတ်သမုဒ္ဒရာအနောက်အလယ်ပိုင်းမှာတည်ရှိတဲ့ Borneoကျွန်းမကြီးဟာ အာဆီယံ နိုင်ငံတွေဖြစ်တဲ့ အင်ဒို၊မလေးရှား၊ဘရှုနှိုင်းနိုင်ငံတို့တည်ရှိရာအရပ်ဖြစ်ပြီး ကျွန်းရဲ့အဓိက အပိုင်းအခြားတွေကတော့ အင်ဒိုနီးရှားနိုင်ငံ ဧရိယာအတွင်းကိုပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ တတိယမြောက်အကြီးဆုံးဖြစ်တဲ့ Borneoကျွန်းဟာ (၇၄၈၁၆၈) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ဒီပမာဏဟာ ဥရောပကဂျာမနီနိုင်ငံရဲ့ (၂)ဆရှိပါတယ်။
Borneo ကျွန်းမှာရှိတဲ့ မိုးသစ်တောတွေရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း(၁၃၀)အထက် ရှိပြီး ကမ္ဘာသက်တမ်းအရင့်ဆုံးမိုးသစ်တောတွေအဖြစ် သတ်မှက်ထားခြင်းကို ခံထားရပါတယ်။ ယင်းသစ်တောတွေအတွင်းမှာပဲ အပင်မျိုးစိတ် (၁၅၀၀၀)၊နို့တိုက်သတ္တဝါမျိုး စိတ်(၂၂၁) နဲ့ငှက်မျိုးစိတ် (၄၂၀)လောက်ရှင်သန်နေထိုင်ကြပြီးကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာတွေ့နိုင်တဲ့ Bornean Orangutan နဲ့ Dayak အသီးတွေကိုလည်း ဒီကျွန်းမှာပဲတွေ့နိုင်ပါတယ်။ ဒီဒေသရဲ့ အမြင့်ဆုံးတောင်ထိပ်အဖြစ်သတ်မှတ်ထားတဲ့ ကီမာဘာလူတောင်ဟာ အမြင့်ပေ ၁၃၄၃၅ပေ မြင့်ပါတယ်။ ဘော်နီယိုကျွန်းရဲ့ အကြီးဆုံးမြို့ကတော့ Samarinda ဖြစ်ပြီး လူဦးရေ ၈သိန်းကျော် နေထိုင်လျှက်ရှိပါတယ်။
(၂) New Guinea
ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ပိုင်းမှာတည်ရှိတဲ့ New Guinea ကျွန်းဟာ(၁၅၀၀) မိုင်ရှည်လျားပြီး၊မိုင်(၄၀၀)လောက်ကျယ်ပြန့်ကာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးမားဆုံးကျွန်းအဖြစ် ရပ်တည်နေပါတယ်။ ဧရိယာအနေနဲ့တော့ စတုရန်းကီလိုမီတာ (၇၈၅၇၅၃) လောက်ကျယ်ဝန်းတဲ့ New Guinea ရဲ့အနောက်ခြမ်းဟာ အင်ဒိုနီးရှားနိုင်ငံ ရဲ့ပိုင်နက်နယ်မြေဖြစ်ပြီး အရှေခြမ်းကတော့ Papua New Guinea နိုင်ငံရဲ့နယ်နိမိတ် အဖြစ်သတ်မှတ်ထားပါတယ်။
New Guineaကျွန်းရဲ့နေရာတော်တော်များများဟာ တောင်ကုန်း၊တောင်တန်းတွေဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း(၁၆၅၀၃)ပေမြင့်တဲ့ Jaya တောင်ထွတ်ဟာ ကျွန်းရဲ့အမြင့်ဆုံးအပိုင်းတွေဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရတော့ လူသား မျိုးနွယ်တွေဟာ New Guineaကျွန်းကို လွန်ခဲ့နှစ်ပေါင်း (၄၀၀၀၀)လောက်ကတည်းက အခြေချနေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။ ရွှေနဲ့ကြေးနီများစွာထွက်တဲ့ New Guinea ကျွန်းဟာ ငှက်မျိုးစိတ်များစွာအခြေချနေထိုင်ရာ အသိုက်အမြုံကြီးအဖြစ်လည်း ဇီဝဗေဒ ပညာရှင်တွေအကြားနာမည်ကျော်ပါတယ်။ အကြီးဆုံးမြို့ကတော့ ပါပူအာနယူးဂီနီရဲ့မြို့တော် Port Moresby ဖြစ်ပြီး လူဦးရေ ၄သိန်းနီးပါး နေထိုင်လျျက်ရှိပါတယ်။
(၁) Greenland
ကမ္ဘာပေါ်မှာအကြီးဆုံးကျွန်းအဖြစ် သတ်မှတ်ထားတဲ့ Greenland ကျွန်းဟာ စတုရန်း ကီလိုမီတာ (၂၁၃၀၈၀၀)လောက်ကိုကျယ်ပြန့်ပြီ းအတ္တလန္တိတ်နဲ့ အာတိတ်သမုဒ္ဒတို့ အကြားမှာတည်ရှိပါတယ်။ ကမ္ဘာမြောက်ဖျားအာတိတ်စက်ဝိုင်းတွင်းကို တစ်ကျွန်းလုံး လိုလိုကျရောက်နေပြီး ကျွန်းရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေခဲတွေအစဉ်ဖုံးလွှမ်းလျက်ရှိပါတယ် ဒိန်းမတ်နိုင်ငံရဲ့လွတ်လပ်တဲ့နယ်မြေအဖြစ် သတ်မှတ်ခံရတဲ့ Greenland ကျွန်းမှာ နေထိုင်သူဦးရေ (၅၇၆၀၀)ဦးသာရှိပြီး အများစုကတော့ အအေးဒဏ်ခံနိုင်တဲ့ အက်စကီး မိုးများဖြစ်ကြပါတယ်။
အချို့က Greenlandဟာ တိုက်ကြီးတစ်တိုက်ဖြစ်တယ်လို့ဆိုပေမဲ့ အမှန်က ကျွန်းမကြီးတစ်ခုသာ ဖြစ်ပြီး ရာသီဥတုပြင်းထန်တာကြောင့် သူဧရိယာနဲ့ အချိုးချတွက်ချက်မယ်ဆိုရင် အခြေ ချနေထိုင်သူ အလွန်နည်းပါးတာကိုတွေ့ရမှာပါ။ ကမ္ဘာပေါ်မှာ Antarctica တိုက်ပြီးရင် တော့ Greenland ဟာ ဒုတိယမြောက်ရေခဲပြင်ထု အထူထပ်ဆုံးနေရာဖြစ်ပါတယ်။ Greenlandမှာရှိတဲ့ llulissat ice fjordဟာ ဝင်ရိုးစွန်းဒေသအပြင်ဘက်မှာတော့ အကြီး ဆုံးရေခဲမြစ်အဖြစ်မှတ်တမ်းဝင်ထားပါတယ်။
Greenland ရဲ့မြောက်ဘက်အကျဆုံး အပိုင်းမှာရှိတဲ့ National Park ဟာ ကမ္ဘာမြောက်ဖျားပိုင်းရဲ့ အကြီးဆုံးဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Greenland ကျွန်းကိုသွားချင်ရင်တော့ လေကြောင်း ဒါမှမဟုတ် ရေကြောင်း ကနေပဲသွားလာနိုင်ပြီး ဒီကျွန်းကနေ ဘယ်မြို့ကိုမှ ကားလမ်းဆက်သွယ်ထားခြင်းမရှိပါဘူး။ပင်လယ်ဖျံ၊ဝေလငါး၊ငါးအမျိုးမျိုးဖမ်းဆီးရေးလုပ်ငန်းတွေဟာ ကျွန်းသားတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ့်ပြီး ငါးကြီးဆီ၊ငှက်သိုက်စတာတွေကိုလည်း ထုတ်လုပ်ပါတယ်။ Greendland ကျွန်းရဲ့အကြီးဆုံးမြို့ နဲ့ မြို့တော်ကတော့ Nuuk မြို့ဖြစ်ပြီး လူဦးရေ ၁၈၀၀၀ခန့်သာ နေထိုင်တဲ့မြို့ဖြစ်ပါတယ်။
သုတဇုန်
Discussion about this post