မူရင်းရေးသားသူ – ကိုဇင်
ဒုတိယကမ္ဘာစစ်ကာလတွင် နာဇီဂျာမန်တို့ သိမ်းပိုက်ထားသော ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများ ပါဝင်သည့် ဥရောပတိုက် အနောက်မြောက်ခြမ်းကို မဟာမိတ်တို့က ထိုးစစ်ဆင် တိုက်ခိုက်ရန် စကားဝှက် (Code Name) ကို အိုဗာလော့စစ်ဆင်ရေး (Operation Overlord) ဟု အမည်ပေးခဲ့သည်။ အိုဗာလော့ စစ်ဆင်ရေး၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော နော်မန်ဒီကမ်းတက်တိုက်ပွဲကိုလည်း နက်(ပ်)ကျွန်းစစ်ဆင်ရေး (Operation Neptune) ဟူ၍ (Code Name) ပေးခဲ့သည်။ ၎င်းစစ်ဆင်ရေးကို စတင်သည့် ၆ ဇွန်၊ ၁၉၄၄ (အင်္ဂါနေ့) ကို ၇ ရက် (D Day) ဟု သတ်မှတ်ခဲ့၍ ကမ္ဘာ့သမိုင်းတွင် (D Day the 6th of June) ဟုလည်းခေါ်ဆို ခဲ့ကြသည်။ စစ်ဆင်ရေးတွင် ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေ အရှေ့မှ အနောက်သို့ ထိုးစစ်ဆင်ကမ်းတက်မည့် ကမ်းခြေ ၅ ခုကို ( Sword Beach , Juno Beach , Gold Beach , Omaha Beach , Utah Beach) ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။
နော်မန်ဒီကမ်းတက်စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကိုဆန်းစစ် ကြည့်လျှင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍နှစ်နှစ်ကျော် အကြာ ၇ ဒီဇင်ဘာ၊ ၁၉၄၁ တွင် ဂျပန်သည် ပစိဖိတ်သမုဒ္ဒရာ၊ ဟာဝိုင်အီကျွန်းရှိ အမေရိကန်တို့၏ ရေတပ်စခန်းဖြစ်သော ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဝင်တိုက်ခြင်းဖြင့် အမေရိကန်နိုင်ငံသည်လည်း ဂျပန်ကိုစစ်ကြေညာ၍ ဒုတိယကမ္ဘာစစ်ထဲ ဝင်ရောက်လာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဂျပန်၏မဟာမိတ် ဂျာမဏီနှင့်အီတလီကလည်း အမေရိကန်ကို ပြန်လည် စစ်ကြေညာခဲ့သည်။
ထိုအချိန်က အမေရိကန်သမ္မတဖြစ်သည့် ဖရန်ကလင်ရုစဘဲ့ က အမေရိကန် သည် ပစိဖိတ်စစ်မျက်နှာနှင့် ဥရောပစစ်မျက်နှာ နှစ်ခုစလုံးကို တစ်ချိန်ထဲတွင် တိုက်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ သမတနှင့် ၎င်း၏အကြံပေးများက အမေရိကန် အနေဖြင့် ပထမဦးစွာ ဂျာမဏီနှင့် အီတလီကိုတိုက်ခိုက်ပြီး ဥရောပစစ်မျက်နှာကို အောင်မြင်ပြီးမှ အာရှ စစ်မျက်နှာရှိဂျပန်တို့ကို တိုက်ခိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ဤဆုံးဖြတ်ချက်ကြောင့်ပင်ဂျပန်တို့အတွက် အာရှတစ်လွှားနှင့်ပစိဖိတ်ဒေသ တို့ကိုလွတ်လပ်စွာ ချဲ့ထွင်သိမ်းပိုက်ခွင့်ရရှိစေခဲ့သည်။ ဂျပန်တို့သည် ဟာဝိုင်အီကျွန်းကိုတိုက်ခိုက်ပြီး မကြာမီ မှာပင် ဂျပန်တပ်များသည် ဟောင်ကောင်၊ မလေးယားနှင့်ဖိလစ်ပိုင်ကျွန်းတို့ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ဂျပန်တို့သည် မနီလာကိုသိမ်းပြီးနောက် ၁၉၄၂ ဖေဖေါ်ဝါရီလတွင် အင်္ဂလိပ်တို့ကိုတိုက်ခိုက်၍ စင်္ကာပူကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၊ သီရိလင်္ကာနှင့် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် အက်ဒမန် ကျွန်းများအထိ ဂျပန်တို့သိမ်းနိုင်ခဲ့၍ ၎င်း၏စစ်အင်အားမှာ အလွန်ပင်ကြီးမားလာခဲ့သည်။
သမ္မတရုစဘဲ့အနေဖြင့် အမေရိကန်တပ်အချို့ကို ပစိဖိတ်ဒေသသို့လွှတ်၍ ပျက်စီးသွားသော ပုလဲ ဆိပ်ကမ်းရှိ အမေရိကန်ရေတပ်ကို ပြန်လည်တည်ဆောက်စေခဲ့သည်။ သို့သော်အမေရိကန်၏ စစ်တပ်အားလုံး နီးပါးကို ဥရောပစစ်မျက်နှာသို့ အဓိကထားပို့ခဲ့သည်။ အမေရိကန်သည် ဗုံးမိုးရွာသွန်းခြင်းခံရ၍ ဟစ်တလာ၏ လက်အောာက်သို့ ကျရောက်လုနီးပါးဖြစ်နေသော ဗြိတိန်နိုင်ငံသို့ စစ်အင်အားနှင့် စစ်လက်နက်အင်အားကို အလုံးအရင်းနှင့် ပ့ိုခဲ့သည်။
အမေရိကန်စစ်အရာရှိများအနေဖြင့် ဂျာမန်တို့ကို အလျှင်အမြန်တိုက်ခိုက်ရန် အင်္ဂလိပ်ရေလက်ကြားမှတစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်လိုသည်။ သို့သော်၎င်းအစီ အစဉ်ကို အင်္ဂလိပ်ဝန်ကြီးချုပ် ဝင်စတန်ချာချီ က အောင်မြင်မှုမရနိုင်ဟု စိုးရိမ်၍လက်မခံပေ။ ထို့ကြောင့်အင်္ဂလိပ်နှင့်အမေရိကန်တပ်များသည် အာဖရိကမြောက်ပိုင်းရှိ အီတလီနှင့် ဂျာမန်တပ်များကိုတိုက်ခိုက်အောင်မြင်ပြီး မြေထဲပင်လယ်ကိုဖြတ်ကာ စစ္စလီကျွန်းကို တိုက်ခိုက်၍ ဂျာမန်တို့ကိုတိုက်ထုတ် နိုင်ခဲ့သည်။ ထို့နောက် အီတလီကို အောင်နိုင်ခဲ့ သည်။
ဟစ်တလာ အနေဖြင့် တစ်ဖက်တွင် ဆိုဗီယက်ယူနီယံနှင့်ပြင်းထန်စွာတိုက်ခိုက် နေရ၍ အာဖရိကမြောက်ပိုင်းသို့စစ်အင်အား မဖြည့်တင်းနိုင်ခဲ့ပေ။ ဟစ်တလာသည် ၂၂ ဇွန်၊ ၁၉၄၁ တွင် ဘာဘရိုဆာစစ်ဆင်ရေး (Operation Barbarossa) ဖြင့် ဆိုဗီယက် ယူနီယံကိုကျူးကျော်တိုက်ခိုက်ကာ အရှေ့ဘက်စစ်မျက်နှာကိုဖွင့်လှစ်ခဲ့သည်။ စစ်၏ အစဦးပိုင်းတွင် ဆိုဗီယက်ယူနီယံကိုတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဟစ်တလာအဘို့ အကြီးအကျယ်မှားယွင်းခဲ့သည်။ စစ်မျက်နှာနှစ်ဘက်ဖွင့်လိုက်ရ၍ စစ်သည်အင်အား၊ လက်နက်အင်အားတို့ကို နှစ်ဘက်ခွဲပို့နေရသည်။ သူ၏စီမံကိန်းမှာ ဆိုဗီယက်တပ်များကို လျှင်မြန်စွာတိုက်ခိုက် ချေမှုန်းရန်ဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။
ဂျာမန်တို့သည် ၁၉၄၁ နှစ်လည်ပိုင်းတွင် စစ်သည်အင်အား သုံးသန်းကျော်ဖြင့် ဆိုဗီယက်ယူနီယံကို ကျူးကျော်တိုက်ခိုက်မှုသည် အစပိုင်းတွင်အောင်မြင်ခဲ့၍ ဆိုဗီယက်မြို့ကြီးများဖြစ်သော ယူကရိန်း၊ ကီးယက်(ဗ်) မြို့ကြီးများအထိ ဂျာမန်တပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်နောင်နှစ်တွင် အခြေအနေမှာပြောင်းလဲခဲ့သည်။ ဆိုဗီယက် ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့(ဗ်) ခေါင်းဆောင်သော ဆိုယီယက်တပ်နီတော်၏ ပြင်းထန်၍ ကြောက်မက် ဖွယ်ကောင်းသောထိုးစစ်ကို ကမ္ဘာကျော်စတာလင်ဂရက်မြို့တိုက်ပွဲတွင် ဂျာမန်တို့မရှုမလှ ခံခဲ့ကြရသည်။ ဆိုဗီယက်ဆောင်းတွင်း၏ ပြင်းထန်သောအအေးဒဏ်နှင့် အစာရေစာ ငတ်မွတ်မှုကြောင့် ဂျာမန်တပ်သားများ သေဆုံးခဲ့ကြရသည်။ ထို့နောက်ဆိုဗီယက်တပ်များသည် နာဇီဂျာမန်တို့ကို လီနင်ဂရက်မြို့မှ တိုက်ထုတ်နိုင်ခဲ့ပြီး ၁၉၄၄ နှစ်လယ်ပိုင်းတွင် ဂျာမန်တပ်များဆိုဗီယက် ယူနီယံမှဆုတ်ခွာ ခဲ့သည်။
စစ်ကာလအတွင်း ဂျာမန်ရေတပ်၏အဓိကရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံမှ ဗြိတိန်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ၊ အစားအစာ ရိက္ခာနှင့် စစ်တပ်များ ပေးပို့နေမှုကို ဟန့်တားရန်ဖြစ်သည်။ ဂျာမန်ယူဘုတ် ရေငုတ်သင်္ဘောတို့သည် အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းရသွားသော မဟာမိတ်သင်္ဘောများကို ကြီးမားစွာ အန္တရာယ်ပေးနိုင်ခဲ့သည်။ ၎င်းတို့သည် ပင်လယ်ကြမ်းပြင်အောက်တွင် ငုတ်လျှိုး၍ အပေါ်မှသွားလာနေသော သင်္ဘောများကို ရုတ်တရက်တိုက်ခိုက်တတ်သည်။
အစပိုင်း ၁၉၄၁ တွင် ဂျာမန်ယူဘုတ် ရေငုတ်သင်္ဘောများ၏ စစ်ဆင်ရေးများအောင်မြင်ခဲ့သော်လည်း ၁၉၄၃ တွင် မဟာမိတ်သိပ္ပံပညာရှင်များ၏ ဆိုနာနှင့် ရေဒါစံနစ်များတီထွင်လာနိုင်မှုကြောင့် ပင်လယ်ရေပေါ် ရေအောက်ရှိ ဂျာမန်ရေငုတ်သင်္ဘောများကို ခြေရာခံနိုင်၍ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ကြောင့်မဟာမိတ် တပ်များ အတ္တလန်တစ်သမုဒ္ဒရာကို တဖြည်းဖြည်းထိန်းချုပ်လာနိုင်ခဲ့သည်။
အစဉ်အလာအရ နှစ်ဘက်ရေတပ်များသည် ပင်လယ်ရေမျက်နှာပြင်တွင် အပြန်အလှန်ထိုးစစ်ဆင်ကြ စမြဲဖြစ်သည်။ သို့သော်လေတပ်တိုက်လေယာဉ်များ၏ အစွမ်းထက်သော တိုက်ခိုက်မှုများကြောင့် ဂျာမန်တို့၏ အကြီးမားဆုံးရေတပ်သင်္ဘောကြီးဖြစ်သည့် ဘစ်စမတ်မှာ နှစ်မြှုပ်ခြင်းခံလိုက်ရသည်။ ၁၉၄၂ မေလတွင် အင်္ဂလိပ်နှင့်အမေရိကန်ဗုံးကြဲလေယာဉ် တစ်ထောင်ခန့်သည် ဂျမန်တို့၏စစ်ရေးနှင့်စက်မှုအခြေ စိုက်စခန်းများကို ပြင်းထန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ဂျာမန်တို့၏ ကျူးကျော်မှုကြောင့်ဖြစ် ပေါ်ခဲ့ရသောဆိုးကျိုး များကို ဂျာမဏီပြည်သူများအားသိရှိစေရန် ဂျာမဏီ၏ မြို့ကြီးများကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၁၉၄၅ စစ်ပြီးဆုံး ချိန်တိုင်အောင်ဖြစ်သည်။
စစ်ကြီးအစပိုင်းတွင် ဟစ်တလာ၏အောင်မြင်မှုများသည် တစ်ကမ္ဘာလုံးရှိ ပြည်သူများကို စိုးရိမ် ထိတ်လန့်စေခဲ့သည်။ ဟစ်တလာနှင့် သူ၏မဟာမိတ်တပ်များ၏ အောင်မြင်မှုများသည် တစ်ပွဲပြီးတစ်ပွဲဆက် နေသည်။ သူတို့သည် ဗြိတိန်နိုင်ငံမှတစ်ပါး ဥရောပတိုက်အနောက်ခြမ်းကို သိမ်းပိုက်စိုးမိုးပြီးဖြစ်၍ ဆိုဗီယက် ယူနီယံကိုလည်း ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းကို သိမ်းပိုက်နိုင်ပြီးလျှင် ၎င်းတို့၏ ရေငုတ်သင်္ဘောများက အတ္တလန်တစ်သမုဒ္ဒရာတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့သည်။ ဂျာမဏီသည် အမေရိကန် နိုင်ငံ ဥရောပစစ်ထဲဝင်လာပြီး ပထမလပိုင်းမှသည် ၁၉၄၂ နိုဝင်ဘာလအထိ အင်အားကြီးမားနေခဲ့ သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းအင်အားကျဆင်းလာခဲ့သည်။
ဂျာမဏီနှင့် ၎င်း၏မဟာမိတ်များသည် ၁၉၄၃ ၏ ပထမနှစ်ဝက်ပိုင်းတွင် ဆိုးရွားစွာ ဆုံးရှုံးထိခိုက်ခဲ့ရ သည်။ ဆိုဗီယက်ယူနီယံ စတာလင်ဂရက်တိုက်ပွဲတွင် ဂျာမန်စစ်သားပေါင်း တစ်သိန်းခြောက်သောင်း (၁၆၀၀၀၀) ခန့်သေကြေခဲ့၍ တပ်သားတစ်သိန်းတစ်သောင်း (၁၁၀၀၀၀)ကျော်မှာလက်နက်ချအဖမ်း ခံခဲ့ရသည်။ အာဖရိကမြောက်ပိုင်းစစ်ပွဲများတွင် ဂျာမဏီနှင့် အီတလီစစ်သားနှစ်သိန်းငါးသောင်း (၂၅၀၀၀၀) ခန့်လက်နက်ချ အဖမ်းခံခဲ့ရသည်။ ထောင်ပေါင်းများစွာသောစစ်သားများ စစ္စလီကျွန်းနှင့်အီတလီနိုင်ငံတိုက်ပွဲများတွင် သေဆုံး အဖမ်းခံခဲ့ရသည်။ မြောက်အတ္တလန်တစ်ရေပြင်ကို စိုးမိုးထားထားသော ဂျာမန်ရေငုတ်သင်္ဘောများ မှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။
၁၉၄၃ ခုနှစ်ကုန်ပိုင်းတွင်မူ ဟစ်လာ၏တပ်များသည် အင်အားကျဆင်းခဲ့ရသည်။ သို့သော်ဂျာမန်တပ်များသည် ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံများ အပါအဝင် ကျန်ရှိနေသည့် ဥရောပအနောက် ခြမ်းကိုသိမ်းပိုက်ထားဆဲပင်ဖြစ်သည်။ ထို့ကြောင့်ဤအချိန်သည် ဂျာမဏီသိမ်းပိုက်ထားသော ပြင်သစ်အပါအဝင် ဥရောပအနောက်ခြမ်းကို တိုက်ခိုက်သိမ်းပိုက်ရန် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်၍ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှတဆင့် ဝင်ရောက်ရန်မဟာမိတ်တို့ ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ကြောင့်ကမ္ဘာ့သမိုင်းတွင် အကြီးကျယ် ဆုံးကမ်းတက်စစ်ဆင်ရေးကြီးဖြစ်သည့် ဒီဒေးဟုခေါ်သည့် နော်မန်ဒီကမ်းတက်တိုက်ပွဲကြီးကို ၆ ဇွန်၊ ၁၉၄၄ နေ့တွင် စတင်ခဲ့သည်။
ဂျာမဏီခေါင်းဆောင် ဟစ်တလာအနေဖြင့် မဟာမိတ်တို့ဘက်မှ ကမ်းတက်စစ်ဆင်ရေးကြီးတစ်ခု ဆင်နွဲမည်ကို သိသော်ငြားလည်း မည်သည့်နေရာမှ ဝင်ရောက်မည်ကိုမသိခဲ့ပေ။ ဂျာမန်တို့ကမဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံ ( Calais ) ဒေသမှ ဝင်ရောက် တိုက်ခိုက်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ယူဆချက် မှားယွင်းကာ အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ က အင်္ဂလိပ်ရေလက်ကြားကို ဖြတ်၍ နော်မန်ဒီကမ်းခြေမှ ပြင်သစ်နိုင်ငံသို့ဝင်ရောက်ရန် ဆုံးဖြတ် ခဲ့သည်။
ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါတွင် စစ်သည်အင်အား တစ်သိန်းငါးသောင်း(၁၅၀၀၀၀)၊ စစ်လေယာဉ် (၁၂၀၀၀) ခန့်နှင့် မြောက်မြားလှစွာသော ထောက်ပံ့မှုများရှိနေသည်။ အိုက်ဆင် ဟောင်ဝါအနေဖြင့် တစ်ဘက် ရန်သူမရိပ်မိအောင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်၍ စစ်ဆင်ရေးကြီးစတင် ချိန်မှာပင် ဂျာမန်ဗိုလ်ချုပ်ကြီး ရွန်းမဲလ် နှင့် အခြားသော ဂျာမန်စစ်ရေးပါရဂူများပင် မဟာမိတ်တပ်များ နော်မန်ဒီကမ်းခြေမှ အမှန်တကယ်ထိုးစစ်ဆင်လာသည်ကို မယုံ ကြည်ကြပေ။ သို့ရာတွင် စစ်ဆင်ရေးကြီးမှာ အမှန်တစ်ကယ်ပင် စတင်နိုင်ခဲ့သည်။ ဇွန်လ ၅ရက်နေ့ ညမှာပင် မဟာမိတ်စစ်လေယာဉ်များက ထောင်ပေါင်းများစွာသော လေထီး စစ်သည်များကို နော်မန်ဒီကမ်းခြေအတွင်းပိုင်း ဂျာမန်တို့၏နောက်တန်းသို့ ချပေးနိုင်ခဲ့ သည်။
ထို့နောက်မဟာမိတ်ဗုံးကြဲလေယာဉ်ကြီးများက ဂျာမန်ခံစစ်ကြောင်းများကို ဗုံးမိုးရွာခဲ့သည်။ ဇွန်လ ၆ ရက်နေ့နံနက်ပိုင်းတွင် ထောင်ပေါင်းများသော စစ်သင်္ဘောများသည် သတ်မှတ်ထား သော နော်မန်ဒီ ကမ်းခြေ နေရာ (၅) နေရာ (Sword Beach, Juno Beach, Gold Beach, Omaha Beach, Utah Beach) သို့စစ်သည် လက်နက် အထောက်အပံ့ အပြည့်အစုံဖြင့် ချဉ်းကပ်လာနိုင်ခဲ့သည်။ တိုက်ပွဲများသည် လျှင်မြန်ပြင်းထန်ပြီး သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ခဲ့သည်။ နော်မန်ဒီကမ်းခြေ တစ်လျှောက် ဂျာမန်ခံစစ် ကြောင်းများသည် တောင့်တင်းခိုင်မာလှသော်လည်း မဟာမိတ် စစ်သည်တို့၏ ကြီးမားလှစွာသော အလုံးအရင်းနှင့်ထိုးစစ်ဆင်မှုကို မခံနိုင်ဘဲပြိုလဲ ခဲ့ရသည်။
ထို့ကြောင့် မဟာမိတ်စစ်သည်တို့သည် နော်မန်ဒီကမ်းခြေ တစ်လျှောက် တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်၍ အောင်ပွဲရခဲ့သည်။ ထို့နောက်မဟာမိတ် တပ်များပြင်သစ်နိုင်ငံကို အခြေချနိုင်ခဲ့သည်။ ရက်သတ္တတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံ အတွင်းသို့ မဟာမိတ် တပ်သားပေါင်းခြောက်သိန်း (၆၀၀၀၀၀) နှင့် ယာဉ်အစီးရေ ကိုးသောင်း (၉၀၀၀၀) ခန့် သယ်ဆောင်ဝင်ရောက် နိုင်ခဲ့သည်။ ဂျာမန်တို့သည် မဟာမိတ်တပ်များကို မည်သို့မျှ ထိမ်းချုပ်၍မရနိုင် တော့ဘဲ သြဂုတ်လနှောင်းပိုင်းတွင် မဟာမိတ်တပ်များမြို့တော် ပဲရစ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဂျာမန်တို့စစ်ရှုံး၍ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါထံတွင် လက်နက်ချခဲ့ရသည်။
အချုပ်ဆိုရသော် အာဏာရှင်ဝါဒဖြင့် ကမ္ဘာကြီးကိုစိုးမိုး၍ နှစ်ပေါင်းတစ်ထောင်ခံမည့် တတိယအင်ပါယာ (Third Reich) တည်ထောင်ရန်ကြံရွယ်သည့် ဟစ်တလာ၏ စီမံကိန်းမှာ ပျက်ပြားခဲ့ရ၍ ၎င်းကိုယ်တိုင်မှာ လည်းနောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြင့် နိဂုံးချုပ်ခဲ့ရသည်။
(သို့သော် ထိုစဉ်က ဟစ်တလာ မသေခဲ့ပဲ ထွက်ပြေးသွားခဲ့သည်ဟူသော ယုံကြည်ငြင်းဆိုမှုများသည် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။)
ကိုးကား
American Mosaic 2003 Series (USIS)
d-day (Official Website of US Army)
dday Org
americandday org
Discussion about this post