ဂျိုးဇက် ပူလစ်ဇာသည် ဟန်ဂေရီ နွယ်ဖွား အမေရိကန်နိုင်ငံသား ရှေ့နေ၊ သတင်းထောက်၊ သတင်းစာထုတ်ဝေ သူနှင့် သတင်းအရေးအသား တီထွင်သူ သတင်းစာ ပညာရှင်ဖြစ်ပြီး သတင်းစာ ပညာဖြင့် အကျင့်ပျက် ခြစားမှုများကို စွမ်းစွမ်းတမံ တိုက်ဖျက်ခဲ့သူဖြစ် သည်။ ပထမဆုံး သတင်းစာပညာ သင်ကျောင်း ထူထောင်ခဲ့သူ ဖြစ်ပြီး ပထမဆုံး သတင်းနှင့် သတင်းဓာတ်ပုံ တို့ အဖြစ် သမိုင်း၊ ကဗျာ၊ ဂီတနှင့် ပြဇာတ်တို့ အတွက် ပူလစ်ဇာဆုကို တီထွင် ပေးအပ် ခဲ့သူဖြစ်သည်။
ဂျိုးဇက်ပူလစ်ဇာကို ၁၈၄၇ ခုနှစ်၊ ဧပြီ ၁ဝ ရက်တွင် ဩစတြီးယားပိုင် ဟန်ဂေရီနိုင်ငံ မာကိုမြို့တွင် ဂျူးလူမျိုး ဖခင်နှင့် ဂျာမန် လူမျိုး မိခင်တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က ဘူဒါပက်(စ)မြို့ တွင် ပညာသင်ကြား ခဲ့ပြီး အသက် ၁၄ နှစ်သားအရွယ် တွင် ဖခင်ကွယ်လွန်ခဲ့၍ မိသားစုဘဝ ဆင်းရဲမွဲတေသွားခဲ့သည်။ ကျည်ဆန် အမြောက်ဆန်တွေ ရှိတဲ့ စစ်ပွဲတွေကြားထဲမှာ သူ စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့သည်။ ထို့ကြောင့် အသက် ၁၇နှစ် အရွယ်တွင် အိမ်မှထွက်ခဲ့သည်။ ပိန်လှီလွန်းတဲ့ခန္ဓာကိုယ်နဲ့ မျက်စိမှုန်တာကြောင့် ဟန်ဂေရီစစ်တပ် နှင့် ပြင်သစ်စစ်တပ် နှစ်ခုလုံးက သူ့အားငြင်းပယ်ခဲ့သည်။ ဥရောပတစ်လွှား စစ်တပ်များ သို့ ဝင်ရန်ကြိုးစားခဲ့သေးသော်လည်း ကျန်းမာရေးကြောင့် ဝင်ခွင့်မရခဲ့ချေ။
ပြင်သစ်နိုင်ငံမှာ အမေရိကန်က စစ်သားလာစုရာ သူအရွေးခံခဲ့ရပြီး သူ့ဆန္ဒပြည့်သွားခဲ့သည်။ ထို့ကြောင့် ၁၈၆၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းပြီး လင်ကွန်း၏ မြင်းစီးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၈လကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် ပြီးသောအခါ သူ၏ စစ်သားဘဝလည်း နိဂုံးချုပ်သွားတော့သည်။ ပြင်သစ် နှင့် ဂျာမန်ဘာသာစကားသာ တတ်သောသူ့အတွက် ကောင်းကောင်းမွန်မွန်အလုပ်မရှိ။ ထို့ကြောင့် အငြိမ်းစားငွေ နဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရသည်။ သို့သော်သူအရှုံးမပေးခဲ့။
ဝမ်းရေးအတွက် မြင်းထိန်း ၊ စားပွဲထိုး ၊ သင်္ဘောနောက်လိုက် ၊ လယ်သမားစသည့် ရရာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ပြီး တစ်ဖက်တွင် ဥပဒေပညာနှင့် အင်္ဂလိပ်စာကို လေ့လာခဲ့သည်။ ဥပဒေဘွဲ့ရရန် စာ ကြည့်တိုက်တွင် အပတ်တကုတ်လေ့ လာခဲ့ရာ ၁၈၆၈ ခုနှစ်တွင် ရှေ့နေ ဖြစ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ သို့ရာတွင် ဝက်(စ)လစ်(ချ)ပို့(စ) သတင်းစာ (Westliteche) ၌ သတင်းထောက် အလုပ်ကို ရလိုက်ရာမှ သူ၏ဘဝသည်လည်း ပြောင်းလဲသွားတော့သည်။
“ကျွန်တော့်လို ဘာမှမသိ မတတ် တဲ့ အိုးမဲ့အိမ်မဲ့တစ်ယောက်က ဒီလိုအလုပ်ကိုရလိုက်တဲ့အတွက် အိပ်မက်တစ်ခုလိုပဲထင်မိပါတယ်” လို့ အဲဒီတုန်းက အသက် ၂၁နှစ် အရွယ်သာရှိသေးသည့် ဂျိုးဇက်က ပြောခဲ့သည်။
ထိုအလုပ်တွင် အောက်ခြေမှစ၍ အစွမ်းကုန်သူလုပ်ခဲ့သည်။ တစ်နေ့ကို အနည်းဆုံး ၁၆နာရီခန့်လုပ်သည်။ သူ့စိတ်ထဲတွင် အလုပ်…အလုပ်…အလုပ်သာ ရှိသည်။ သို့သော် အဆင်ပြေလှသည်တော့မဟုတ်ပဲ အားလုံး၏နှိမ်ခြင်းကို ခံခဲ့ရသည်။ ပိန်လှီတဲ့ခန္ဓာကိုယ် ၊ ထူထဲတဲ့မျက်မှန် ၊ ကောက်လွန်းတဲ့နှာခေါင်း နှင့် အထစ် အထစ် အင်္ဂလိပ်စကား တို့ကြောင့် တရုံးလုံးကသူ့အား “အရုပ်ဆိုးတဲ့ဂျူးလေး” ဟု နှိမ်၍ခေါ်ခဲ့ကြသည်။ သို့သော် သူစိတ်ဓာတ်မကျခဲ့ပဲ ဆထက်ထမ်းပိုးကြိုးစားခဲ့သည်။ သူ့ပင်ကိုယ်ဟန်နှင့် ကြိုးစား အားထုတ်မှုကြောင့် အထက်လူကြီးများ၏ ချီးမွမ်းခြင်းကို ခံရပြီး မကြာမီမှာပင် အောင်မြင် ကျော်ကြား လာခဲ့သည်။
ကြိုးစားမှုနှင့် အစွမ်းအစတို့ကြောင့် တစ်နှစ်အကြာတွင်ပင် အားလုံးဝိုင်းထောက်ခံသဖြင့် ပါတီဥက္ကဌ ဖြစ်လာခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်လာပြီး ၁၈၇၁ ခုနှစ် တွင် သတင်းစာအယ်ဒီတာနှင့် ပိုင်ရှင် တစ်ပိုင်း ဖြစ်လာခဲ့သည်။ ၁၈၇၈ ခုနှစ် တွင် အင်္ဂလိပ်စကားကို အထူးကျွမ်းကျင်ခဲ့ပြီဖြစ်ပြီး ထူးချွန်တဲ့သတင်းသမားဖြစ်ရန် ဆက်လက်ကြိုးစားခဲ့သည်။ ထို့နောက် စိန့်လူဝီ ညနေခင်း သတင်းစာနှင့် စိန့်လူဝီပို့(စ)သတင်းစာ ၂ စောင်ကို ဝယ်ယူ ပြီး “St Louis Post Dispatch” အဖြစ် ပေါင်း၍ ထုတ်ဝေခဲ့ရာ အောင်မြင်ခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် “NewYork World” သတင်းစာကို စီမံ ထုတ်ဝေခဲ့ရာ လူစိတ်ဝင်စားမည့် သဲထိတ်ရင်ဖို အဖြစ်အပျက်များ၊ အသေအချာ လေ့လာ ထောက် လှမ်းရေးသားသော သတင်းများ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် အလုပ်သမား ဦး စားပေး အာဘော်များကြောင့် အထင်ကရ သတင်းစာကြီး တစ်စောင်ဖြစ် လာခဲ့သည်။

၁၈၆၉ ခုနှစ်တွင် ရီဗတ်ဘလီကန် ပါတီမှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံရာ အနိုင်ရခဲ့ သော်လည်း ရီပတ်ဘလီကန် ပါတီတွင်း အကျင့်ပျက်ခြစားမှု များကို စိတ်ကုန်၍ ၁၈၈၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် အဖြစ် ပြောင်းလဲ အရွေးခံရာ အနိုင်ရခဲ့ပြန်သည်။ သို့သော် သတင်းစာ အလုပ်ပိသဖြင့် ၁၈၈၆ ခုနှစ်တွင် နှုတ်ထွက်ခဲ့သည်။
ပူလစ်ဇာသည် သတင်းစာ ပညာကို အဆင့်အတန်း မြင့်မားအောင် မြှင့်တင်အားပေးခဲ့သူ ရှေ့ဆောင်ရှေ့ရွက် ပုဂ္ဂိုလ်ဖြစ်ကာ သတင်းစာပညာ ဖြင့် လူ့အဖွဲ့အစည်း တွင်းမှ မတရားမှုများ၊ အလွဲသုံးစားမှုများကို ပြုပြင် တည့်မတ် ပေးနိုင်ရမည်ဟု ယုံကြည်သည်။ အများပြည်သူ၏ ထင်မြင်ချက်ကို သတင်းစာများမှ ဖော်ထုတ်ပေး ရမည် ဟု လှုံ့ဆော်သည်။ သူမကွယ်လွန်မီ ရန်ပုံငွေတစ်ရပ် မတည်ထားခဲ့ပြီး သတင်းစာနှင့် စာပေဆိုင်ရာ ပူလစ်ဇာဆုများ ချီးမြှင့်ရန် သေတမ်းစာ ရေးသားထားခဲ့သည်။
ပူလစ်ဇာသည် ၁၉၁၁ ခုနှစ်၌ သူ၏ ဆောင်းရာသီနေအိမ် ရှိရာ ဂျော်ဂျီယာပြည်နယ် ဂျက်ကဲ(လ)ကျွန်းသို့ သူပိုင် လစ်ဘာတီရွက်လှေဖြင့် အသွား တောင် ကယ်ရိုလိုင်းနား ပြည်နယ် ချာ လက်စတန်ဆိပ်ကမ်းအရောက်၊ အောက်တိုဘာ ၂၉ ရက်တွင် ကွယ်လွန်ခဲ့သည်။ သူ၏ သေတမ်းစာတွင် ကိုလံဘီယာ တက္ကသိုလ် အတွက် ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့ရာ ပူလစ်ဇာ ကွယ်လွန်ပြီးနောက် ၁ နှစ်အကြာ ၁၉၁၂ ခုနှစ်တွင် ကိုလံဘီယာ သတင်းစာ အတတ်သင်ကျောင်း (Columbia School of Journalism) ကို တည် ထောင်ခဲ့သည်။
၁၉၁၇ ခုနှစ်တွင် ပထမဆုံး ပူလစ်ဇာဆုများကို သူကိုယ်တိုင် ရွေး ချယ်လွှဲအပ်ခဲ့သော အကြံပေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စတင်ပေးအပ်ခဲ့ရာ ပူလစ်ဇာဆုမှာ အမေရိကန် သတင်းစာ လောကတွင် အမြင့်ဆုံး ဆုအဖြစ် ယနေ့တိုင် ကိုယ်စားပြုနိုင်ခဲ့သည်။ “နိုင်ငံရဲ့ အနာဂတ်ကို ပုံသွင်းပေး နိုင်စွမ်းဟာ အနာဂတ်သတင်းစာ ဆရာ မျိုးဆက်တွေ ရဲ့ လက်ထဲမှာရှိ ပါလိမ့်မယ်”ဟု အရည်အချင်းမြင့် သတင်းစာ ပညာ၏ လိုအပ်ချက်ကို ပူလစ်ဇာ က ထောက်ပြခဲ့ပါသည်။
၁၉၈၉ ခုနှစ်တွင် ဂျိုးဇက် ပူလစ်ဇာကို စိန့်လူဝီ၏ ကျော်ကြားထင်ရှား သူများ လမ်းမ (St.Louis Walk of Fame) တွင် ထိုက်ထိုက်တန်တန် စာရင်းသွင်း၍ ဂုဏ်ပြုဆု နှင်းအပ်ခဲ့ပါသည်။ အိုးမဲ့အိမ်မဲ့ အခြေနေမဲ့ဘဝမှ ကမ္ဘာသိသတင်းစာတိုက်ပိုင်ရှင်ကြီးဖြစ်လာခဲ့သူ ဂျိုးဇက်ပူလစ်ဇာ၏ စကားတစ်ခွန်းမှာကား “ဘာပဲလုပ်လုပ် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ပါ” ဟူ၍ဖြစ်သည်။
ပူလစ်ဇာဆု(Pulitzer Prize)
မှန်ကန်သောအသံထွက်မှာ “Pull it, sir” တွင်ပါရှိသော Pull (ပူးလ်) အသံထွက်အတိုင်း ထွက်ရမည် ဖြစ်သည်။ ထို့ကြောင့် ပူးလစ်ဇာဆု ဟုခေါ်ဆိုမှ မှန်ကန်ပါမည်။ ပူလစ်ဇာဆုသည် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့်သော သတင်းနှင့် အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ထားပါသည်။ သတင်းစာ၊ ဂျာနယ်၊ စာပေ၊ ဂီတအရေးအဖွဲ့ စသည်တို့တွင် ထူးချွန်သူများကို နှစ်စဉ် ဆုချီးမြှင့်သည်။
ဟန်ဂေရီလူမျိုး အမေရိကန်နိုင်ငံသား ပုံနှိပ်ထုတ်ဝေသူ ဂျိုးဇက်ပူလစ်ဇာ (Joseph Pulitzer)က စတင် ရန်ပုံငွေထောင်ပြီး ၁၉၁၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ကြီးကြပ်ရွေးချယ် ပါသည်။ အစပိုင်းတွင် ဂျာနယ်ဘာသာရပ်အတွက် သီးသန့်ဆုဖြစ်သော်လည်း ဓာတ်ပုံ ၊ ဂီတ ၊ ကာတွန်းစသည့် ကဏ္ဍတို့အတွက်ပါ တိုးချဲ့ချီးမြှင့်ခဲ့ရာ လက်ရှိတွင် ကဏ္ဍ ၂၁ ခုအတွက် နှစ်စဉ် ဆုချီးမြှင့်နေပြီဖြစ်သည်။ ဆုပေါင်းနှစ်ဆယ်တွင် ဆုကြေးငွေသား အမေရိကန်ဒေါ်လာ တစ်သောင်းစီချီးမြှင့်ပြီး ပြည်သူ့အကျိုးပြု ဂျာနယ်လစ်ဇင်ဆု အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်သည်။
အတ္ထုပ္ပတ္တိအဘိဓာန် (မောင်ဝံသံ)
VOA Burmese
Wikipedia
Discussion about this post