ရေးသားသူ – ကောင်းစည်သူ
ကမ္ဘာ့သမိုင်းတစ်လျောက်တွင် ထင်ရှားကျော်ကြားခဲ့သည့် မင်းဧကရာဇ်များနှင့် မိဖုရားများကွယ်လွန်ခဲ့ပြီးနောက် ယင်း တို့ကို သဂြိုဟ်မြှုပ်နှံရန် ခမ်းနားသောဂူဗိမာန်များကိုဆောက်လုပ်ခဲ့ကြရာ နှစ်ကာလ ရှည်ကြာလာချိန်တွင် ယင်းတို့သည် သမိုင်း ဝင် ရှေးဟောင်းအဆောက်အအုံများ ဖြစ်လာကြသည်။
ပါရှန်အင်ပါရာ၏ ဧကရာဇ် တစ်ပါးဖြစ်ခဲ့သူ Mausolus ကွယ်လွန်ချိန်တွင်သူ၏ ဂူဗိမာန်ကို Halicarnassus တွင် တည် ဆောက်ခဲ့သည်။ယင်းအဆောက်အအုံသည် ရှေးဟောင်းကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ကာ အနုသုခုမ အောင်ပွဲတစ်ရပ်အဖြစ် ယူဆခဲ့ကြသည်။ ယင်းအချိန်မှစ၍ Mausolus ကို မြှုပ်နှံခဲ့သည့် Mausoleum ဟူသည့် ဝေါဟာရအား ကြီးမားသော ဂူဗိမာန်များအတွက် ညွှန်းဆို သုံးစွဲခဲ့ကြသည်။

သို့သော် ကမ္ဘာ့အထင်ရှားဆုံး ဂူဗိမာန် ၁၀ ခုကို တင်ပြရာတွင် Mausolus ၏ ဂူဗိမာန်ပါဝင်ခြင်းမရှိခဲ့ခြင်းသည် ယင်းဗိမာန်သည် ၁၅ ရာစုတွင် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ပြီး ခရုဆိတ် စစ်ပွဲကာလတွင် စုစည်းတည်ရှိနေမှု အဆုံးသတ်ခဲ့သောကြောင့်ဖြစ်ပေသည်။
၁၀။ ဆိုင်းရပ်စ် ဂူဗိမာန် Cyrus
ခရစ်တော် မပေါ်မီ ခြောက်ရာစုတွင် ကြီးမားကျယ်ဝန်းသော ပါရှန် အင်ပါရာကို Cyrus the Great က တည်ထောင် အုပ်ချုပ်ခဲ့သည်။ သူကွယ်လွန်ချိန်တွင်မြှုပ်နှံခဲ့သည့် ဂူဗိမာန်သည် မျက်မှောက်ခေတ်တွင် အီရန်ဟု ခေါ်ဆိုသည့် ပါရှန် ဒေသ၏ ရှေးဟောင်း မြို့တော် Pasargadae တွင် အရေးအပါဆုံး အဆောက်အအုံ တစ်လုံး အဖြစ် တည်ရှိခဲ့သည်။
အလက်ဇန္ဒားဘုရင်က ပါရှန် မြို့ပြနိုင်ငံကို တိုက်ခိုက်ဖျက်ဆီးခဲ့ချိန်တွင် အလက်ဇန္ဒားသည် ဆိုင်းရပ်စ်၏ဂူဗိမာန်သို့သွား ရောက်လည်ပတ်ခဲ့ကာ သူ၏ စစ်သည်တစ်ဦးအား ဂူဗိမာန်အတွင်းသို့ ဝင်ကြည့်စေခဲ့သည်။ ဂူဗိမာန်အတွင်း၌ ရွှေဖြင့်ပြုလုပ်ထား သည့် ကုတင်တစ်လုံး၊ စားပွဲ တစ်စုံ ၊ သေရည်သောက်ခွက်များနှင့် ရွှေအခေါင်းတစ်လုံးတို့ကို တွေ့ရှိခဲ့သည်။
ထို့အတူ ကျောက် မျက်ရတနာများစီခြယ်ထားသည့် အဆင်တန်ဆာများနှင့်ကျောက်စာတစ်ချပ်ကိုလည်း တွေ့ရှိခဲ့သည်။ ကျောက်စာတွင် `ဖြတ်သန်းသွားလာကြသူများသို့၊ ပါရှန်အင်ပါရာကို ပေးအပ်ခဲ့သည့် အာရှဧကရာဇ် ကျွနု်ပ် ဆိုင်းရပ်စ်`ဟု ရေးသားထားခဲ့သည် ဟု ဆိုသော်လည်း မျက်မှောက်ခေတ်တွင် ယင်းကျောက်စာနှင့် စပ်လျဉ်း၍ မည်သည့် အထောက်အထား သဲလွန်စ တစ်ခုမျှ မကျန် ရှိတော့ပါချေ။
၉။ လီနင် ဗိမာန် Lenin Mausoleum

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဗလာဒီမာ လီနင်(၁၈၇၀-၁၉၂၄)၏ ဂူဗိမာန်သည် မော်စကိုမြို့တွင် တည်ရှိကာ ဆေး ရည်စိမ်ထားသည့် လီနင်၏ ရုပ်အလောင်းကို အများပြည်သူများအား ပြသထားသည်။ လီနင်၏ ရုပ်အလောင်းကို သူကွယ်လွန်ခဲ့သည့် ၁၉၂၄ ခုနှစ်မှ စ၍ ဂူဗိမာန်တွင်ပြသထားခဲ့ရာ ယခုအခါ နှစ်ပေါင်း ၉၄ နှစ်ကျော်ခဲ့ပြီဖြစ်သည်။
လီနင်၏ အလောင်းကို နေ့စဉ် အလှဆီ သုတ်လိမ်းပေးရပြီး ကြာရှည်ခံ မပုပ်ဆေးကို ထိုးပေးရသည်။ လီနင်၏ကျောက်ခေါင်းတလားကို အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်တွင် ထိန်းသိမ်းထားကာ စိုထိုင်းဆကို ၈၀ နှင့် ၉၀ ရာခိုင်နှုန်းအတွင်း ရှိနေစေရန် ဆောင်ရွက်ပေးထားရသည်။
အလောင်းကို ၁၈ လလျှင် တစ်ကြိမ် အခေါင်းမှ ထုတ်၍ ဓာတုဆေးရည်များဖြင့် ချိုးပေးရသည်။ လီနင်၏ အလောင်းကို လာရောက်ကြည့်ရှုသူများအား ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး ဂူဗိမာန် အတွင်း စကားပြောခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုပါချေ။
၈။ ဟွမ်မာယွန်၏ ဂူ Humayun’s Tomb
အိန္ဒိယနိုင်ငံ မဂို အင်ပါရာ၏ ဧကရာဇ် တစ်ပါးဖြစ်ခဲ့သည့် ဟွမ်မာယွန်၏ ဂူဗိမာန်ကို ၁၅၆၂ ခုနှစ်တွင် ဧကရာဇ်မင်းမိဖုရားက ဖွင့်လှစ်ပေးခဲ့သည်။ ဟာမာယွန် ဂူဗိမာန်သည် အိန္ဒိယတိုက်ငယ်တွင် ပထမဆုံးသော ဥယျာဉ်အတွင်းတည်ဆောက်ထားရှိသည့် ဂူဗိမာန်ဖြစ်သည်။ ယင်း၏ တည်ဆောက်မှုပုံစံများသည် နောက်ပိုင်းကာလများတွင် ဂူဗိမာန်များကို မဂိုဗိသုကာ လက်ရာများဖြင့် ပြုလုပ်ခဲ့သည့် ထုံးတမ်းတစ်ခု ဖြစ်လာစေခဲ့သည်။
ယင်းဂူဗိမာန်သည် နယူးဒေလီမြို့တွင် တည်ရှိကာ ပါရှန်ဗိသုကာ လက်ရာများဖြင့် ၄၇ မီတာ(၁၅၄ ပေ) အမြင့် တည် ဆောက်ထားသည်။ အမိုးခုံး နှစ်ခုသည် မာဘယ်ကျောက်ဖြူသား ဖြင့်ပြုလုပ်ထားသည့် အပြင်ပိုင်းအလှ ကို ပံ့ပိုးပေးထားသည်။ ဗိမာန်၏ အတွင်းပိုင်းက လိုဏ်ဂူကြီးတစ်ခုသဏ္ဍာန် ပုံဖော်ထားသည်။
ဗိမာန် အပြင်ပိုင်း ၏ ဖြူဖွေးနေမှုကို ဆန့်ကျင်လျက် ဗိမာန်၏ ကျန်အစိတ်အပိုင်းများကို အနီရောင်သဲကျောက်များဖြင့် ပြုလုပ်ထားသည်။ ဧက ၃၀ ကျယ်ဝန်း၍ ပါရှန်ဟန်အတိုင်းပြုလုပ်ထားသည့် ဥယျာဉ်အလယ်၌ ဟွမ်မာယွန်၏ ပင်မ အုတ်ဂူကြီး ကို ရှစ်နှစ်ကြာ တည်ဆောက်ခဲ့ရသည်။
၇။ စန့် အန်ဂျလို ရဲတိုက် Castel Sant’ Angelo
စန့်အန်ဂျလို ရဲတိုက်ဟု ထင်ရှားသည့် ဟာဒရီယန် ဗိမာန် (Hadrian Mausoleum) သည် ရောမမြို့တွင် တည်ရှိသည့် ဆလင်ဒါပုံစံ မျှော်စင် အဆောက်အအုံဖြစ်သည်။ ယင်းဗိမာန်ကို ရောမဧကရာဇ်ဟာဒရီယန် ကိုယ်တိုင်က သူနှင့် သူ၏မိသားစု ဂူဗိမာန်အဖြစ် ဖွင့်လှစ်ခဲ့သည်။ အေဒီ ၁၃၈ ခုနှစ်တွင် ဧကရာဇ် ဟာဒရီယန်ကွယ်လွန်ခဲ့ပြီးနောက် သူ၏ အရိုးပြာများကို ယင်း ဂူဗိမာန်တွင် မြှုပ်နှံခဲ့သည်။ ဧကရာဇ်၏ မိဖုရားဖြစ်သူ ဆာဘီနာနှင့် သူ၏ ပထမဆုံး မွေးစားသားတို့ကိုလည်း ယင်းဗိမာန်၌ပင် မြှုပ်နှံခဲ့သည်။
ဟာဒရီယန်ကို ဆက်ခံခဲ့သည့် ဧကရာဇ်များကိုလည်း ဗိမာန်တွင် မြှုပ်နှံခဲ့ကာ နောက်ဆုံးမြှုပ်နှံခဲ့သူမှာ အေဒီ ၂၁၇ ခုနှစ်တွင်ကွယ်လွန်ခဲ့သည့် ကာရာကော်လာဖြစ်သည်။ နောက်ပိုင်းတွင် ယင်းဂူဗိမာန်ကို ခံတပ်နှင့် ရဲတိုက်တစ်ခုအဖြစ် အသုံးပြုခဲ့ပြီး ယခုအချိန်တွင်ပြတိုက်တစ်ခုအဖြစ် ထားရှိသည်။
၆။ ဂျာဟန်ဂါ ဂူ Tomb of Jahangir
အေဒီ ၁၆၀၅ ခုနှစ်မှ ၁၆၂၇ ခုနှစ်အထိ မဂို အင်ပါယာကို အုပ်ချုပ်ခဲ့သာ ဧကရာဇ် ဂျာဟန်ဂါ ၏ ဂူဗိမာန်သည် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့တွင်တည်ရှိသည်။ ဂျာဟန်ဂါ ကွယ်လွန်ပြီး ၁၀ နှစ်အကြာတွင် သားဖြစ်သူက ဖခင်အတွက် ဂူဗိမာန် ကို တည်ဆောက်ခဲ့သည်။
ဂျာဟန်ဂါ ဂူဗိမာန်နေရာတည်နေရာသည် တံတိုင်းများကာရံထားသည့် ဆွဲဆောင်မှု အပြည့်အဝရှိသော ဥယျာဉ်တစ်ခု ဖြစ်ကာ မီတာ ၃၀ မြင့်သော ဗလီမျှော်စင် လေးခု ပြုလုပ်ထားသည်။
ဂူဗိမာန် အတွင်းပိုင်း၌ အတွင်းပိုင်း အင်္ဂတေ ပန်းချီများနှင့် ရောင်စုံ ကျောက်သားများဖြင့် အလှဆင်ထားကာ အမြင့် တစ်နေရာတွင် ကျောက်ဖြူသားဖြင့် ပြုလုပ်ထားသည့် ခေါင်းတလား တစ်လုံးရှိသည်။ခေါင်းတလား၏ ဘေးဘက်ပတ်လည်ကို မှန်စီရွှေချ ပန်းများအား သတ္ထုဖြင့် ပုံဖော်ထားသည်။
၅။ အီမန် ဟူဆန် ဝတ်ပြုဆောင် Imam Husayn Shrine
အီရတ်နိုင်ငံ ကာဘလာမြို့တွင် တည်ရှိသည့် အီမန် ဟူဆန် ဝတ်ပြုဆောင်ကို ဟူဆန် အီဘင်အလီ ဂူဗိမာန်၏ မျက်နှာ ချင်းဆိုင်တွင် တည်ဆောက်ထားသည်။ ဟူဆန် အီဘင်အလီသည် ကာဘလာ စစ်ပွဲအတွင်း သတ်ဖြတ်ခံရသူ မိုဟာမက်၏ ဒုတိယမြေးဖြစ်ကာ ဗိမာန်ကို မိုဟာမက် ကျဆုံးခဲ့သည့် နေရာအနီးတွင် တည်ဆောက်ထားသည်။ ယင်းဂူဗိမာန်သည် ရှီးဟိုက် ဘာသာဝင်များအတွင် မြင့်မြတ်သော နေရာများအနက် တစ်ခုဖြစ်ကာ ဝတ်ပြုဆောင်သို့ လာရောက်ဝတ်ပြုလေ့ရှိကြသည်။
၀တ်ပြုဆောင်၏ နယ်နိမိတ်တံတိုင်းကို မှန်များဖြင့် အလှဆင်ထားသည့် သစ်သားတံခါးပေါက်များဖြင့် ဝန်းရံထားသည်။ တံခါးပေါက်များကို သီးခြား အခန်းငယ် ၆၅ ခုရှိသည့် ကွက်လပ်တစ်ခုသို့ ဝင်ရောက်နိုင်ရန် ပြုလုပ်ထားသည်။ ဝတ်ပြုဆောင်၏ အတွင်းအပြင်အားလုံးကို လှပစွာ မွမ်းမံခြယ်လှယ်ထားသည်။ ဟူဆန် အီဘင်အလီ၏ ရုပ်အလောင်းကို ရွေရောင် ခုံးဝိုင်း၏ အောက်တွင် လှောင်အိမ်တစ်ခုနှင့် တူသည့် နေရာတွင် သီးသန့်ထားရှိသည်။
၄။ ရှာဗန်ရှားစ် ဗိမာန် Mausoleum of Shirvanshahs
ရှာဗန်ရှားစ် ဗိမာန်သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့အတွင်းပိုင်း၌တည်ရှိသည့် ရှာဗန်ရှားစ်နန်းတော်၏အစိတ်အပိုင်း တစ်ခုဖြစ်သည်။ယင်းဂူဗိမာန်သည် အဇာဘိုင်ဂျန်ဗိသုကာ လက်ရာတစ်ခုဖြစ်သည့် ရှာဗန်အက်ဘ်ရှီရွန် (Shirvan Absheron) အဆောက်အအုံများအနက် အကြီးဆုံးဖြစ်သည်။
ရှာဗန်ရှားစ် ဗိမာန် အပြင် နန်းတော် အဆောက်အအုံ၊ကျောက်မဏ္ဍပ်ငယ် တစ်ခု၊ အလောင်းများမြှုပ်နှံသည့် အမိုးခုံးများပါဝင်သည့် အဆောက်အအုံများ၊ ပလီတစ်ခုနှင့် ရေချိုးအိမ် အကြွင်းအကျန်များ လည်း စုစည်း တည်ရှိနေသည်။
ဂူဗိမာန်သည် ထောင့်မှန်စတုဂံပုံရှိပြီး ထောင့် ခြောက်မြှောင့်ပါရှိသည့် အမိုးခုံးငယ်ဖြင့် အုပ်မိုးထားသည်။ အမိုးကို အပြင်ဘက်မှ ကြယ်များ အတန်းလိုက်ဖြာထွက်သွားဟန် အလှဆင်ထားသည်။ ဆူလတန် ပထမ ခါလီလူလာက သူ၏ မိခင် နှင့် သားကို မြှုပ်နှံရန်အတွက် ယင်းဂူဗိမာန်ကို တည်ဆောက်ရန် ၁၅ ရာစုတွင် အမိန့်ပေးခဲ့သည်။
၃။ ရှားအီဇင်ဒါး Shan i Zinda
ဗဟိုအာရှတွင်ရှိသည့် ဂူဗိမာန်များအနက် ရှားအီဇင်ဒါး ဗိမာန်သည် အထင်ရှားဆုံးတစ်ခု ဖြစ်ကာ ဥဇဘက် ကစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်း၌ တည်ရှိသည်။ ရှားအီဇင်ဒါး ဂူဗိမာန်ရှိသည့် အဆောက်အအုံစု သုံးခု တွင် အဆောက်အအုံများကို အမိုးခုံး လူသွားလမ်း လေးခုဖြင့် ဆက်သွယ်ထားသည်။ ယင်းတို့အနက် အစောဆုံး အဆောက်အအုံသည် ၁၁ရာစု နှင့် ၁၂ ရာစု အကြား လက်ရာဖြစ်သည်။ ကျန်အဆောက်အအုံ အများစုကို ၁၄ ရာစုနှင့် ၁၅ ရာစု အတွင်း တည်ဆောက်ခဲ့ကြသည်။
ရှားအီဇင်ဒါးဟူသည့် အမည်သည် ရှင်သန်နေသူ ဘုရင်မင်းမြတ်ဟု အဓိပ္ပာယ်ရှိကာ အစ္စလာမ်ဘာသာဝင်များ၏ တမန်တော် မိုဟာမက်၏ ညီအစ်ကို ဝမ်းကွဲ ကူဆန်အီဘင် အက်ဘ်ဘားစ်နှင့် ဆက်စပ်နေပေသည်။ အစဉ်အဆက် ပြောစကား များအရ သူသည် ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သူ၏ဦးခေါင်းကို ပျော်ရှင်ဖွယ် ဥယျာဉ်တော် ဖြစ်လာသည့် နက်ရှိုင်းသည့် ရေကန်ကြီးအတွင်းသို့ ယူဆောင်သွားခဲ့ကာ ယခုတိုင်အသက်ရှင်သန်နေသည်ဟု ယုံကြည်ကြသည်။
၂။ မြေရုပ် တပ်မတော် Terracotta Army
ဘီစီ ၂၂၁ ခုနှစ်မှ ၂၀၆ ခုနှစ်အတွင်း ထွန်းကားခဲ့သည့် ချင်မင်းဆက်၏ ပထမ ဧကရာဇ်သည် ရန်သူများအားလုံးကို အောင်နိုင်ခဲ့ကာ တရုတ်နိုင်ငံတော်ကြီးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏ ဂူဗိမာန်သည် တရုတ်နိုင်ငံ စီယန် မြို့တော်အနီးတွင် တည်ရှိသည်။ဂူဗိမာန်ကို တူးဖော်ခြင်း မပြုလုပ်ရသေးသော်လည်း သူမြှုပ်နှံခဲ့သည့် စစ်သည်တော် မြေရုပ်များကို တူးဖော်တွေ့ရှိခဲ့ကာ ယင်းတို့သည် တရုတ်နိုင်ငံသို့ ခရီးသွားများလာရောက်ရန်ဆွဲဆောင်နိုင်ခဲ့သည်။
ယင်းစစ်သည်တော် ရုပ်များသည် အရေအတွက် ၈၀၀၀ ကျော်ရှိပြီး တွင်း ကျင်းသုံးခုအတွင်း၌ မြုပ်နှံခဲ့သည်။အရုပ်များ နှင့် အတူ လှည်း အစီး ၁၃၀၊ မြင်း ကောင်ရေ ၅၂၀ ၊ စစ်သည်မြင်း ၁၅၀ ရုပ်ကိုလည်း မြုပ်နှံခဲ့ပြီး ယင်းတို့အနက် အများစုကို ယခုတိုင် မတူးဖော်ရသေးပါချေ။ ယင်းအရုပ်များသည် သက်ရှိ အရွယ်အစားအတိုင်း ထုလုပ်ထားသည့် ယွန်း အညိုရောင် အရုပ် များဖြစ်ကြကာ တစ်ရုပ်နှင့် တစ်ရုပ်မျက်နှာ အနေအထားများ မတူညီကြသည့်အပြင် လက်နက် အစစ်များကို ကိုင်တွယ်ထား သဖြင့် ပိုမို သရုပ်ပီပြင်လျက်ရှိနေပေသည်။
အရုပ်များကိုင်ဆောင်ခဲ့သည့် လက်နက်များသည် ခိုးယူခြင်းခံခဲ့ရကာ အရုပ်များသည် အရာင်များ မှိန်လာခဲ့သော်လည်း ယင်းအရုပ်များ တည်ရှိနေခြင်းသည် ယင်းတို့ကို ထုလုပ်ခဲ့သည့် လုပ်သားအင်အားနှင့်ကျွမ်းကျင်မှု သက်သေအထောက်အထား များပင် ဖြစ်ပေသည်။
၁။ တာ့ဂျ်မဟာ Taj Mahal
အိန္ဒိယနိုင်ငံ၊ အာဂရာမြို့ရှိ တာ့ဂျ်မဟာသည် ၁၆၃၂ ခုနှစ ်မှ ၁၆၅၃ ခုနှစ်အထိ တည်ဆောက်ခဲ့သည့် ကျောက်ဖြူ ဂူ ဗိမာန် ဖြစ်သည်။ယင်းဂူဗိမာန်ကို မဂိုဘုရင် ရှားဂျာဟန်၏ အမိန့်အရ ဇနီးဖြစ်သူအတွက် အမှတ်တရ တည်ဆောက်ခဲ့သည်။ တာ့ဂျ်မဟာသည် ကမ္ဘာပေါ်တွင် ထိန်းသိမ်းမှု အကောင်းဆုံး အဆောက်အအုံတစ်လုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဗိသုကာ လက်ရာ အလှပဆုံး ဂူဗိမာန် တစ်ခုပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ယူနက်စ်ကိုအဖွဲ့ ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
မဂို ဗိသုကာ လက်ရာများတွင် စံထားရသည့် လက်ရာတစ်ခုဖြစ်သည့် တာ့ဂျ်မဟာသည် အိန္ဒိယနိုင်ငံ၏ အံ့ဖွယ်တစ် ပါးဖြစ်ကာ ပါးပြင်ထက်သို့ စီးကျနေသည့် မျက်ရည်တစ်စက်ဟု တင်စားခေါ်ဝေါ်ကြသည်။ ဖြူဖွေးနေသည့် ပင်မ အမိုးခုံးဂူဗိမာန် အဆောက်အအုံအပြင် လှပသော အဆောက်အအုံများနှင့် သစ်ပင် ပန်းမာန်များဖြင့် သာယာသည့် ကျယ်ဝန်းသော ဥယျာဉ် တစ်ခု ကိုပါ ဝန်းရံတည်ဆောက်ခဲ့သည်။
မင်းဧကရာဇ်တို့ ကွယ်လွန်ချိန်တွင် မြှုပ်နှံသဂြိုဟ်သည့် ဂူဗိမာန်များသည် ဘုရင်မင်းမြတ်တို့၏ အရှိန်အာဏာဖြင့် ခေတ်အလျောက် ခမ်းနား ဆန်းပြားစွာ တည်ဆောက်ခဲ့ကြမြဲဖြစ်သည်။ ယင်းတို့သည် နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့် လာချိန် တွင် ယင်းတို့ကို တည်ဆောက်ခဲ့သည့် ခေတ်၏ ဗိသုကာလက်ရာများနှင့်အတူ ခေတ် သမိုင်းကို ထင်ဟပ်နေလျက်ရှိရာ စိတ်ဝင် စား သူ ခရီးသွားများ လာရောက်လည်ပတ်ကြည့်ရှုကြရသည့် နေရာများ ဖြစ်လာခဲ့ကြပေသည်။
မောင်သာ (ရှေးဟောင်း သုတေသန)
၂၀၁၈ ခုနှစ် မေလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post