ရေးသားသူ – TMK (သမန်းကျား)
ကမ္ဘာတစ်ဝန်းမှာပြောဆိုနေကြတဲ့ဘာသာစကားပေါင်း ၆၀၀၀ ကနေ ၇၀၀၀ အထိ ရှိပါတယ်။ ဒါပေမယ့် အဲဒီဘာသာစကားတွေထဲမှာ မကြာခင် သေဆုံးသွားမယ့်ဘာသာစကားတွေက အတော်များနေပါတယ်။ လာမယ့်နှစ် ၁၀၀ အတွင်းမှာ ကမ္ဘာကြီးပေါ်က ၈၀ ရာခိုင်နှုန်းသောဘာသာစကားများ သေဆုံးသွားနိုင် တယ်လို့ ဘာသာဗေဒကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါဘာကြောင့်ဖြစ်နေတာလဲ။ အဲဒီ လိုမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရနိုင်မလဲ။
ဘာသာစကားတွေ ဘယ်လိုကြောင့်သေဆုံးရတာလဲ။ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ ပထဝီအနေ အထားအရ သီးခြားဖြစ်နေတဲ့အတွက် အဲဒီဘာသာစကားကို လက်ဆင့်ကမ်းသင်ပေးနိုင်ခြင်းမရှိတော့လို့ ဘာသာစကားသေဆုံးမှုဖြစ်ပွားနိုင်သလို လူမျိုးသုဉ်းသတ်ဖြတ်ခြင်း၊ ရောဂါဘယဖြစ်ပွားခြင်းနဲ့ သဘာ၀ ဘေးအန္တရာယ်တို့ကြောင့်လည်း ဘာသာစကားတစ်ခုကိုပြောတဲ့လူမျိုး တစ်ယောက်မကျန်သေဆုံးသွား နိုင်ပြီး သူတို့နဲ့အတူ အဲဒီဘာသာစကားလည်း သေဆုံးသွားခြင်း ဖြစ်ပါတယ်။
ဥပမာ ၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံမှာမြေငလျင်လှုပ်တာ ကူချီလူမျိုးပေါင်း ၃ သောင်းကျော် တစ်ခါထဲသေဆုံးသွားခဲ့ပါတယ်။ ကူချီဘာသာစကားပြောတတ်သူ ၇ သိန်းကျော်ပဲ ကျန်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် လူအစု လိုက် အပြုံလိုက်သေဆုံးတဲ့အခါ သူတို့ပြောတဲ့ဘာသာစကားလည်း သေဆုံးသွားနိုင်ပါတယ်။
နောက်ထပ်အကြောင်းခံတစ်ခုကတော့ လူတွေ ဘာသာစကား နှစ်မျိုး ပြောလာခြင်းကြောင့် ဖြစ်ပါတယ်။ ဘာသာစကားနှစ်မျိုးပြောရာကနေ ဘာသာစကားတစ်ခုကို တဖြည်းဖြည်းပိုဦးစားပေး ပြောဆိုရင်း ကျန်တဲ့ဘာသာစကားက ကွယ်ပျောက်မှန်းမသိ ကွယ်ပျောက်သွားတာပါ။ ဒီအကြောင်းခံအတိုင်းဆိုရင် ဘာသာစကားတစ်ခုကိုပြောတတ်တဲ့သူတွေ အားလုံးသေဆုံးသွားတာမဟုတ်ဘဲ ရှင်သန်ကျန်ရစ်နေပေ မယ့်လည်း သူတို့က အခြားဘာသာစကားတစ်ခုကိုပြောဆိုဖို့ ရွေးချယ်ကြတာဖြစ်တဲ့အတွက် ဘာသာ စကားသေဆုံးမှု ဖြစ်ပွားမြဲဖြစ်ပွားနေဆဲ ဖြစ်နိုင်တဲ့ သာဓက ဖြစ်ပါတယ်။
နောက်ထပ်အကြောင်းခံတစ်ခုကတော့ အစိုးရက ဘာသာစကားသင်ကြားမှုကို တားမြစ်ကန့်သတ်ခြင်း ကြောင့် ဖြစ်ပါတယ်။ ဥပမာ ၁၈၉၈ တုန်းက ဟာဝိုင်အီကျွန်းပေါ်ကကျောင်းတွေမှာ ဟာဝိုင်အီဘာသာ စကား ထည့်သွင်းသင်ကြားမှုမပြုဖို့ အမေရိကန်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ကျောင်းတွေမှာ ဟာဝိုင် အီ စာလည်းမသင်ရ၊ စကားလည်းမပြောရဘဲ အမေရိကန်အင်္ဂလိပ်ကိုပဲပြောရတဲ့အခါ ဟာဝိုင်အီဘာသာ စကားဟာ တိမ်ကောပျောက်ကွယ်သေဆုံးလုနီးနီး ဖြစ်ခဲ့ရပါတယ်။
ဘာသာစကားတစ်ခု သေဆုံးနိုင်ခြေ ရှိ၊မရှိကို ကြိုတင်ခန့်မှန်းပေးနိုင်တာကတော့ အဲဒီဘာသာစကားကို ကလေးတွေကို သင်ပေးနေသလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေလောက်ကပဲ တစ်ရက်ကိုနည်းနည်းပြောမယ်၊ လူလတ်တွေက မပြောတော့ဘူး၊ ဆယ်ကျော်သက်တွေဆိုတာကလည်း သူတို့လုပ်ချင်ရာလုပ်ဖို့ မယုံနိုင်လောက်အောင် တစ်ကိုယ်ကောင်းဆန်တဲ့အရွယ် ဆိုတော့ ဘာသာ စကား တစ်ခုကို နှစ်တွေအများကြီးကြာအောင် သယ်ဆောင်လာနိုင်တာက ကလေးတွေပဲ ဖြစ်ပါတယ်။ ကလေးတွေကို မသင်ပေးတဲ့ဘာသာစကားက သေဆုံးနိုင်ခြေမြင့်မားတယ်လို့ သုတေသီများက ဆိုပါ တယ်။
ပြီးကျတော့ globalization ဆိုတာကြီးကြောင့်လည်း တစ်ကမ္ဘာလုံးမှာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ် အစ ရှိတဲ့ စကားတွေကိုပဲ ဦးစားပေးပြောဆိုလာကြလေတော့ ကျန်ရှိနေတဲ့ တိုင်းရင်းသားဘာသာစကားတွေ က သက်တမ်းအားဖြင့် ဘယ်လောက်မှ မကျန်တော့ပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းက ဘာသာ စကား ၆ မျိုးပဲ သုံးနေပါတယ်။ ကျန်ရှိနေတဲ့ ဘာသာစကား ၉၄ ရာခိုင်နှုန်းကို ပြောနေတဲ့လူဦးရေက ၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီတော့ ဘာသာစကားတွေနောက်ထပ် ဘယ်လောက်တောင် သေဆုံးသွားမလဲ ဆိုတာ ခန့်မှန်းလို့ရနေပါပြီ။
မှန်ပါတယ်။ တစ်ကမ္ဘာလုံးက ဘာသာစကားတစ်မျိုးပဲပြောရင် သိပ်ကောင်းမယ်ဆိုတာ၊ ရုံးသုံးဘာသာ စကား တစ်မျိုးပဲပြောရင် အစစအရာရာ ပိုလွယ်သွားမယ်ဆိုတာ၊ ပြဿနာတွေ၊ ပဋိပက္ခတွေ အများကြီး လျော့သွားမယ်ဆိုတာ။ ဒါပေမယ့် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ယဉ်ကျေးမှုရှိပြီး အဲဒီယဉ်ကျေးမှုကို အမြတ်တနိုး ထိန်းသိမ်းချင်ကြပါတယ်။ ယဉ်ကျေးမှုကိုထိန်းသိမ်း ရာမှာ ဘာသာစကားက အဓိက ကျပါတယ်။
စကားတစ်မျိုးပျောက်ကွယ်သွားရင် အဲဒီစကားနဲ့ဘုရားရှိခိုးတာ၊သီချင်းဆိုတာ၊စာရေးတာ၊ရုပ်ရှင်ရိုက် တာ၊ စည်းမျဉ်း၊စည်းကမ်း၊ဥပဒေ၊သမိုင်း၊ပုံပြင်၊ဆိုရိုး အစရှိသည်ဖြင့် အကုန်ပျောက်ကွယ်သွားမှာမို့ စကားသေဆုံးခြင်းက လူမျိုးနဲ့ယဉ်ကျေးမှုသေဆုံးခြင်းပဲဖြစ်တဲ့အတွက် ကိုယ့်မိခင်ဘာသာစကားကို တစ်ကြောင်းရရ၊ တစ်လုံးရရ ပြောကြဖို့ လူကြီးသူမတွေက တိုက်တွန်းနေတာကို မကြာခဏ မြင်တွေ့ ကြားသိနေရပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
TMK ရတနာပုံသတင်းစာ။
Discussion about this post