ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
ခရီးထွက်နေစဉ် ထူးဆန်းစွာပျောက်ဆုံးသွားကြသူများအကြောင်းပြောကြလျှင် ၂၀၀၅ ခုနှစ်က အာရူဘာကျွန်းသို့ တက္ကသိုလ် ကျောင်းသားများလေ့လာခရီးတွင် လိုက်ပါခဲ့သည့် ၁၈ နှစ်အရွယ် အမေရိကန်ကျောင်းသူ Natalee Holloway ကို အမှတ်အရ ဆုံးဖြစ်ကြသည်။ ထိုအချိန်မှစ၍ Natalee Holloway ကို ယနေ့တိုင် ပြန်လည် မတွေ့ရှိရတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။ လူသားတစ်ဦးပျောက်ဆုံးသွားခြင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပြီး ပျောက်ဆုံးသွားသူကိုရှာဖွေရခြင်းသည် အလွန်ခက်ခဲ သည့် အလုပ်တစ်ခုဖြစ်ရာ ခရီးသွားနေစဉ် ကြေကွဲဖွယ် ပျောက်ဆုံးသွားခဲ့ပြီး အိမ်သို့ပြန်လည် မရောက်ရှိလာကြသူများ အနက် ထင်ရှားသူများကို အင်တာနက် စာမျက်နှာများတွင်စုစည်းဖော်ပြထားသည်။
၁၀။ John Reed
၁၉၈၀ ပြည့်နှစ်တွင် အသက် ၂၈ နှစ် အရွယ်ရှိ John Reed သည် မိမိနေထိုင်ရာ ကာလီဖိုးနီးယားပြည်နယ်၊ တွင်စီတီး မှ ဘရာဇီးလ်နိုင်ငံသို့ ခရီးထွက်ခွာခဲ့သည်။John Reed သည် Akakor မြို့တော်အကြောင်းကို Karl Brugger ရေးသားသည့် The Chronicle of Akator စာအုပ်တွင် ဖတ်ရှုလေ့လာခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်ထောင်များစွာက အမေဇုန်တောအတွင်း၌ ရှိခဲ့သည်ဟု ယုံကြည်ကြပြီး ပျောက်ဆုံးနေသည့် ရှေးဟောင်းမြေအောက် Akakor မြို့တော်ကို ရှာဖွေရန် မျှော်လင့်ခဲ့သည်။ Karl Brugger သည် ယင်းပျောက်ဆုံးမြို့တော်အကြောင်းကို ဘရာဇီးလ်တောတွင်းလမ်းညွှန် Tatunca Nara (ပုံတွင်ဝဲဘက် ၌ ရပ်နေသူ)နှင့် တွေ့ဆုံပြီး ရေးသားခဲ့သည်။
လမ်းညွှန် Tatunca က သူသည် လွန်ခဲ့သည့် နှစ် ၃၀၀၀ က ယင်းမြို့တော်ကိုအုပ်ချုပ်ခဲ့သည့် အကြီးအကဲတစ်ဦး ဖြစ် ခဲ့သည်ဟုဆိုသည်။သူသည် Barcelos ကျေးရွာတွင် နေထိုင်ကာ Akakor မြို့တော်ကို ရှာဖွေရန် ရောက်လာကြသည့် ခရီး သွားများကို လမ်းညွှန်လုပ်ကာ ဝင်ငွေ မျိူးမျိုးမြက်မြက်ရရှိသူဖြစ်သည်။ John Reed သည် သူ၏ ခရီးတွင် Tatunca ကို ငှား ရမ်းရန်ဆုံးဖြတ်ခဲ့သည်။သို့သော် သူတည်းခိုခဲ့သည့် Manaus ရှိ ဟိုတယ်တွင် သူ၏ခွေးလည်ပတ်တစ်ခုနှင့် အပြန် လေယာဉ် လက်မှတ်ကို ထားခဲ့ပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိတော့ချေ။
လမ်းညွှန်အဖြစ် အသက်မွေးနေသည့် Tatunca Nara သည် Gunther Hauck အမည်ရှိ ဂျာမနီ နိုင်ငံသားတစ်ဦးဖြစ် ကြောင်းသိရှိခဲ့ကြသည်။ Tatunca ၏ ပြောကြားချက်အရ John Reed သည် Barcelos ကျေးရွာသို့ ပြန်ရန် ဆုံးဖြတ်ပြီးနောက် တောတွင်းသို့ ထွက်ပြေးကာ ပုန်းအောင်းခဲ့သည်ဟု ဆိုသည်။ Tatunca နှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ် ပျောက်ဆုံးခဲ့သူများ သည် John Reed တစ်ဦးတည်း မဟုတ်ခဲ့ချေ။ ၁၉၈၀ ပြည့်နှစ်တွင် ဆွစ်လူမျိုး Herbert Wanner နှင့် ဇနီးဖြစ်သူ Christine Heuser တို့သည်လည်း Tatunca နှင့် အတူ ခရီးသွားစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် Wanner ၏ မေးရိုး ကို တွေ့ရှိခဲ့သည်။
ထို့အပြင် ၁၉၈၄ ခုနှစ်တွင် Karl Brugger ဆိုသူသည် ရီယိုမြို့ လမ်းတစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။ တာဝန်ရှိသူများက ယင်းလူသတ်မှုတွင် Tatunca Nara ခေါ် Gunther Hauck တွင် တာဝန်ရှိကြောင်း ယုံကြည်ခဲ့ကြသည်။ သို့သော် သူနှင့်အတူ ခရီးသွားစဉ် ပျောက်ကွယ်ခဲ့သည့် လူသုံးဦးနှင့် ပတ်သက်၍ လုံလောက်သော သက်သေအထောက် အထားများမရှိ သဖြင့် အရေးမယူနိုင်ခဲ့ချေ။
၉။ Judy Smith
အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ နယူတန်မှ ကလေးနှစ်ယောက်မိခင်၊ အသက် ၅၀ အရွယ်ရှိသည့် Judy Smith သည် Jeffrey အမည်ရှိ ရှေ့နေနှင့် ၁၉၉၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ သူသည် ခင်ပွန်းဖြစ်သူနှင့် တွေ့ဆုံရန် ဖီလာဒယ် ဒီးယားသို့ လေယာဉ်ဖြင့် ခရီးသွားခဲ့သည်။ ဧပြီလ ၁၀ ရက်တွင် Jeffrey သည် ညီလာခံတစ်ခုကို တက်ရောက်နေသဖြင့် Judy သည် မြို့တွင်းသို့ လိုက်လံကြည့်ရှုခဲ့ပြီးနောက် ဟိုတယ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။ ။ထို့ကြောင့် ခင်ပွန်းဖြစ်သူ Jeffrey က လူပျောက်တိုင်ကြားခဲ့ရာ ငါးလကြာမှ ဇနီးဖြစ်သူ၏ ပုံပန်းပျက်နေသည့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
ထိုနှစ် စက်တင်ဘာလ ၇ ရက်တွင် တောင်တက်သမားများသည် လူသွားလူလာနည်းပါးသည့်တောင်တန်းနေရာတစ်ခု တွင် တစ်ဝက်တစ်ပျက်မြှုပ်ထားသည့် အလောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ ခေါင်းခြောက်စေသည့် အချက်မှာ ထိုနေရာသည် မြောက် ကာရိုလိုင်းနားပြည်နယ်မှ မိုင် ၆၀၀ ကွာဝေးသည့် နေရာဖြစ်နေပေသည်။ Judy သေဆုံးရခြင်း အကြောင်းရင်းကို တိကျ စွာ မဖော်ထုတ်နိုင်ဘဲ မြေတိမ်တိမ်တွင်မြုပ်ခဲ့သည့် အလောင်းကိုသာတွေ့ရသဖြင့် အာဏာပိုင်များက ဂျူဒီသည် ရာဇဝတ်မှု တစ်ခု ၏ သားကောင်ဖြစ်ခဲ့ရသည်ဟုသာ ယူဆခဲ့ကြသည်။
ဂျူဒီ၏ အလောင်းတွင် လက်ထပ်လက်စွပ်နှင့် ငွေ ၁၆၇ ဒေါ်လာကို တွေ့ရှိရသဖြင့် လုယက်သတ်ဖြတ်ခဲ့ခြင်း မဖြစ်နိုင်ခဲ့ချေ။ ဂျူဒီသည် အနီရောင်အိတ်ကိုသယ်ယူနေကျဖြစ်သော်လည်း အလောင်း အနီးမှ အပြာရောင် ကျောပိုးအိတ်ကို တွေ့ရှိခဲ့သည်။ မျက်မြင်သက်သေ လေးဦးက ဂျူဒီကို ယင်းနေရာတစ်ဝိုက်တွင် တွေ့ရှိခဲ့ကြောင်းပြောဆိုခဲ့ကြရာ ဂျူဒီသည် အဘယ် ကြောင့် မိသားစုကို တစ်စုံတစ်ရာမပြောကြားဘဲ ယင်းနေရာသို့ ရောက်သွားခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။
၈။ Frank Lenz
လေယာဉ်ဖြင့် ခရီးသွားစဉ်ပျောက်ဆုံးခဲ့သူများစွာရှိသော်လည်း စက်ဘီးဖြင့် ကမ္ဘာပတ်ရန် ကြံရွယ်ကာ ပျောက်ဆုံးသွား ခဲ့သူသည် Frank Lenz တစ်ဦးသာရှိပေသည်။အသက် ၂၅ နှစ်အရွယ် Frank Lenz သည် အမေရိကန်ပြည်ထောင်စု၊ ပင်ဆီ ဗေးနီးယား ပြည်နယ်မှ စက်ဘီးသမားတစ်ဦးဖြစ်ကာ နှစ်နှစ်ကြာမြင့်မည့် ကမ္ဘာပတ်စက်ဘီးခရီးကို စီးနင်းရန် ကြိုးပမ်းခဲ့သူဖြစ် သည်။သူသည် ၁၈၉၂ ခုနှစ် မေလ ၂၅ ရက်တွင်သူ၏ ကမ္ဘာပတ်ခရီးကို စတင်ခဲ့သည်။အာရှတိုက်သို့ မရောက်မီ သူသည်မြောက်အမေရိကတိုက်ကို လ များစွာ ဖြတ်သန်းခဲ့သည်။
၁၈၉၄ ခုနှစ် မေလတွင် Frank Lenz သည် အီရန်နိုင်ငံ Tabriz တွင်စက်ဘီးစီးနင်းနေခဲ့ကာ သူနောက်ထပ်ရပ်နား မည့် နေရာသည် မိုင် ၃၀၀ ကွာဝေးသည့် တူရကီနိုင်ငံ Erzurum ဖြစ်သော်လည်း ယင်းနေရာသို့ ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များနှင့် မိတ်ဆွေများက လိုက်လံရှာဖွေခဲ့ကြသည်။ကံမကောင်းစွာပင် တူရကီနိုင်ငံမှ Lenz ဖြတ်သန်းချိန်သည် အောတိုမန်တို့က အာမေနီးယန်းတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်နေရချိန် ဖြစ်၍ Lenz သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရခြင်း ဖြစ်နိုင်ကြောင်းယူဆခဲ့ကြသည်။
Lenz ကို ရှာဖွေရန် Erzurum သို့ ခရီးထွက်ခဲ့သည့် စက်ဘီးစီးသမား William Sachtleben သည် Lenz ၏ သတင်း ကို ကြားသိခဲ့ရသည်။ Lenz သည်တူရကီကျေးရွာငယ်တစ်ခုကို ဖြတ်သန်းခဲ့စဉ် ရွာလူကြီးအား အမှတ်မထင် စော်ကားမိခဲ့ရာမှ ရွာလူကြီးအမိန့်ဖြင့် သတ်ဖြတ်ခံခဲ့ရပြီး အလောင်းကို မြေမြှုပ်ခဲ့သည်။သတ်ဖြတ်သူများသည် ထွက်ပြေးလွတ်မြောက်သွားသဖြင့် အရေးမယူနိုင်ခဲ့ဘဲ တူရကီအစိုးရက Lenz မိသားစုအားလျော်ကြေးပေးရန် သဘောတူညီခဲ့သည်။ အလောင်းကိုကားပြန်လည် မတွေ့ရှိခဲ့ရပါချေ။
၇။ Leo Widicker
အသက် ၈၆ နှစ်ရှိပြီဖြစ်သော်လည်း Leo Widicker သည် တက်ကြွဖျတ်လတ်သူတစ်ဦးဖြစ်ကာ ဗာဂျီးနီးယားသူဇနှီး နှင့် ၅၅ နှစ်ကြာပေါင်းသင်းခဲ့သည်။သူတို့ဇနီးမောင်နှံသည် Maranatha Volunteers International အမည်ရှိ ခရစ်ယာန် ဖောင်ဒေးရှင်းကို ပိုင်ဆိုင်ထားကြပြီး သူတို့သည် ဖောင်ဒေးရှင်း အလုပ်ကိစ္စများဖြင့် အကြိမ် ၄၀ ခရီးထွက်ခဲ့ကြရသည်။ ၂၀၀၁ ခုနှစ်တွင် သူတို့နှစ်ဦး၏ ၄၁ ကြိမ်မြောက်ခရီးစဉ်သည် ယင်းတို့နေထိုင်ရာ မြောက်ဒါကိုတာပြည်နယ်၊ ဘိုဒန်မှ ကော့စ်ကာရီကာ နိုင်ငံ၊ Tabacon ရေပူစမ်းသို့ဖြစ်သည်။
ထိုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ဇနီးဖြစ်သူက ရေပူစမ်းဘက်သို့ ထွက် သွားချိန်တွင် Leoသည် ခုံတန်းလျားတစ်ခုတွင် အနားကာကျန်နေရစ်ခဲ့သည်။နာရီဝက်ခန့်အကြာတွင် ဇနီးဖြစ်သူ ပြန်ရောက်လာချိန်၌ Leo မရှိ တော့ချေ။ Leo သည် ခုံတန်းလျားတွင်အိပ်ပျော်ခဲ့ပြီးနောက် နိုးလာခဲ့ချိန်တွင် မျက်စိလည် လမ်းပျောက်သွားခဲ့သည်ဟုသာ ယူဆ ကြသည်။ Leo အိပ်ပျော်ရာမှ နိုးလာချိန်တွင် ဇနီးဖြစ်သူ မည်သည့်နေရာရောက်နေသနည်းဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။
သူသည် ရေပူစမ်းအပမ်းဖြေစခန်း၏ ဂိတ်ပေါက်သို့ လျှောက်သွား၍ အစောင့်များကို ထွက်၍ ရ မရ မေးပြီးနောက် အစောင့် များက တံခါးဖွင့်ပေးလိုက်ချိန်တွင် လမ်းအတိုင်းလျှောက်သွားခဲ့သည်ဟု ဆိုပေသည်။နောက် ၁၅ မိနစ်အကြာတွင် Leo ၏ မိတ်ဆွေများသည် Leo ထွက်သွားသည့် လမ်းအတိုင်းကားဖြင့် လိုက်ရှာကြရာ ၁၀ မိုင်ရောက်သည်အထိ Leo ကို မတွေ့ရှိခဲ့ ကြ ချေ။ Leo သည် ဤခရီးကို အလွန်လျင်မြန်စွာ လျှောက်နိုင်မည် မဟုတ်သဖြင့် တစ်စုံတစ်ယောက်က ကားဖြင့် တင်ခေါ်သွား ဟု တွေးမိခဲ့ကြကာ ယင်းနေရာတစ်ဝိုက်ကို အသေးစိတ်ရှာဖွေကြသည့်တိုင် Leoကို ယနေ့တိုင်ပြန်လည် မတွေ့ရှိခဲ့ပါချေ။
၆။ Karen Denise Wells
အိုကလာဟိုးမားပြည်နယ်၊ Haskell တွင် နေထိုင်သည့် ၂၃ နှစ်အရွယ် ကလေးတစ်ယောက်မိခင် Karen Denise Wells သည် ကလေးကို မိဘများနှင့် ထားခဲ့ကာ နယူးဂျာစီပြည်နယ်၊ နယူးဘာဂန်ရှိ မိတ်ဆွေတစ်ဦးဖြစ်သူ Melissa Shepard ထံသို့ ကားတစ်စီးငှားရမ်းကာ သွားရောက်လည်ပတ်ခဲ့သည်။သို့သော် Wells ကို ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် နောက်ဆုံး မြင်တွေ့ခဲ့ကြရသည်။
Wells သည် သူငယ်ချင်း Shepard နှင့် ပင်နီဆာဗေးနီးယားပြည်နယ်၊ Carlisle ရှိ မိုတယ်တစ်ခုတွင်တွေ့ဆုံရန် ချိန်း ဆိုခဲ့ပြီး Shepard သည် မိုးချုပ်မှ အခြား လူနှစ်ဦးနှင့် အတူ မိုတယ်သို့ ရောက်ရှိခဲ့ရာ Wells သည် မိုတယ်အခန်းတွင် မရှိ တော့ဘဲ ပစ္စည်းများသာကျန်ရှိနေခဲ့သည်။ နောက်နေ့နံနက်တွင် Wells ငှားရမ်းလာခဲ့သည့် ကားကို ၃၅ မိုင်ကွာဝေးသည့် လမ်း ပေါ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိ ခဲ့ရသည်။ကားတွင်ဓာတ်ငွေ့များကုန်နေကာ တံခါးများလည်းပွင့်နေခဲ့ပြီးကားအတွင်း ၌ ဆေးခြောက် အနည်းငယ်တွေ့ရှိခဲ့ရကာ Wells ၏ ခေါက်ပိုက်ဆံအိတ်နှင့် အကြွေအိတ်ကိုအနီးရှိ မြောင်းအတွင်းမှရရှိခဲ့သည်။
Wells ပျောက်ဆုံးမှုနှင့် ပတ်သက်သည့် ဦးနှောက်အခြောက်ရဆုံး သဲလွန်စသည် မော်တော်ကားတွင်ပြနေသည့် မိုင် ခွက်ဖြစ်ပေသည်။သူသွားခဲ့သည့် ခရီးသည် Haskell မှ Carlisle သို့ သွားခဲ့သည့် ပုံမှန်ခရီးအကွာအဝေးထက်များစွာ ကျော် လွန်နေကာ မိုင် ၇၀၀ ကျော်ကြောင်းပြသခဲ့သည်။ Wells သည် Shepard နှင့်နောက်ဆုံး ဖုန်းဆက်ခဲ့သည့် အချိန်တွင် သူသည် အကြိမ်ကြိမ် လမ်းပျောက်နေကြောင်း ပြောဆိုခဲ့သည်။မည်သို့ပင်ဖြစ်စေ Wells ၏ ပျောက်ဆုံးမှုကို အဖြေရှာနိုင်ခြင်း မရှိသေး ပါချေ။
၅။ Charles Horvath
အင်္ဂလန်နိုင်ငံမှ အသက်၂၀ အရွယ်ရှိ Charles Horvath သည် ၁၉၈၉ ခုနှစ်တွင် အင်္ဂလန်မှ ကနေဒါတွင် လ အတန် ကြာ ကားကြုံစီး၍ ခရီးထွက်ခဲ့ရာ မေလ ၁၁ ရက်တွင် ဗြိတိသျှ ကိုလံဘီယာပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ယာယီ တဲတစ်လုံးထိုး ၍ နေထိုင်ခဲ့သည်။သူသည် မိခင် Denise ထံ သူ၏ အသက် ၂၁ နှစ်မွေးနေ့တွင် ဟောင်ကောင်တွင် ဆုံကြမည်ဖြစ်ကြောင်း စာ တစ်စောင်ကို Fax ဖြင့် ပို့ခဲ့သည်။သို့သော် လ အတန်ကြာသည်အထိ Denise သည် သားဖြစ်သူထံမှ မည်သည့် သတင်း မှ မကြားရသဖြင့် စိတ်ပူကာ သားကို ရှာဖွေရန် ဗြိတိသျှ ကိုလံဘီယာပြည်နယ်သို့ လိုက်လာခဲ့ သည်။
Denise သည် သားဖြစ်သူ၏ ယာယီတဲနှင့် သူ၏ ပစ္စည်းများကို တွေ့ရှိခဲ့သော်လည်း Charles Horvath မှာမူ ပျောက် ဆုံးနေခဲ့သည်။ထို့ကြောင့် Denise သည် လူပျောက်ကြေညာများကပ်ကာ လူအများသိရှိအောင်ပြုလုပ်ခဲ့ပြီး တည်းခိုသည့် ဟိုတယ်သို့ ပြန်ရောက်လာချိန်တွင် စာတစ်စောင်ရောက်ရှိနေခဲ့သည်။ ယင်းစာတွင် မေလ ၂၆ ရက်တွင် Charles ကို တွ့ရှိခဲ့ ကြောင်း၊ပါတီပွဲတစ်ခုကျင်းပနေစဉ် Charles ကို လူနှစ်ယောက်က လာခေါ်သွားကြောင်း၊ Charles သည် သေဆုံးသွားခဲ့ပြီးသူ၏ အလောင်းသည် တံတားအနီး ရေကန်တွင်ရှိနေကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် Denise သည် စာတွင်ပါရှိသည့် ရေကန်တွင် သားဖြစ်သူ၏ အလောင်းကို သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ချေ။သို့သော် Denise သည် ရှာဖွေသည့် နေရာသည် တံတား၏ တစ်ဘက်ခြမ်းဟု ထင်မြင်ကြောင်းရေးသားထား သည့် စာတစ်စောင်ကိုထပ်မံ ရရှိ ခဲ့ပြန်သည်။ထိုနေရာကို ရှာဖွေခဲ့ရာတွင် ရဲများက အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ ကာ ယာယီအားဖြင့် Charles ၏ အလောင်းဟု ယူဆခဲ့သည်။သို့သော် နောက်ပိုင်းတွင် ယင်းအလောင်းသည် Charles မဟုတ် ဘဲ မိမိကိုမိမိသေကြောင်းကြံခဲ့သည့် ဒေသခံတစ်ဦး၏ ရုပ်အလောင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ရာ Charles ၏ ပျောက်ဆုံးမှုကို ၂၅ နှစ်ကြာသည့်တိုင် မဖော်ထုတ်နိုင်ခဲ့ပါချေ။
၄။ Ettore Majorana
Ettore Majorana သည် အီတလီနိုင်ငံမှ ထင်ရှားသည့် ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည်။သူသည် ၁၉၃၈ ခုနှဏ်တွင် နေပယ်လ်တက္ကသိုလ် ရူပဗေဒပါမောက္ခအဖြစ်တာဝန်ယူခဲ့ကာ မတ်လ ၂၅ ရက်တွင် ထူးဆန်းသော စာတစ်စောင်ကိုတက္ကသိုလ် ရူပဗေဒ ညွှန်ကြားရေးမှူးထံ ပေးပို့ခဲ့သည်။စာတွင် သူသည် မလွဲမရှောင်သာသော ဆုံးဖြတ်ချက်ကိုချခဲ့ရကာ သူ မရှိတော့သည့် အတွက် အဆင်မပြေမှုများကို တောင်းပန်ပါကြောင်းရေးသားခဲ့သည်။ထို့အတူ သူ၏ မိသားစု ထံသို့လည်း သူ့အားလွမ်း ဆွေး နေခြင်းဖြင့် အချိန်မကုန်ကြစေရန် စာရေးပြောကြားခဲ့သည်။
ပါမောက္ခသည် သူ၏ ဘဏ်ငွေစာရင်းမှ ငွေများကို ထုတ်ယူခဲ့ပြီး Palermo သို့ ထွက်ခွာခဲ့ပြီး တက္ကသိုလ် ညွှန်ကြားရေး မှူးထံသို့ Palermo မှ စာတစ်စောင်းပေးပို့ခဲ့ရာ သူသည် သေကြောင်းကြံရန် ပြန်လည် စဉ်းစားနေကြောင်း အိမ်သို့ ပြန်ရန် စိတ်ကူးနေကြောင်း ဖော်ပြခဲ့သည်။ထို့နောက် သူသည် နေပာ်လ်သို့ သင်္ဘောဖြင့်ပြန်လာခဲ့ရာ လမ်းတွင် ထူးဆန်းစွာပျောက်ဆုံး သွားခဲ့သည်။
Majorana ပျောက်ဆုံးမှုအပေါ် အချို့က သေကြောင်းကြံခဲ့သည်ဟု ယူဆသကဲ့သို့ အချို့က အခြားတစ်နေရာတွင် ဘ၀ သစ်ထူထောင်နေခြင်းဖြစ်နိုင်ကြောင်းစသည်ဖြင့် ယူဆချက်အမျိုးမျိုးထွက်ပေါ်ခဲ့သည်။ပါမောက္ခပျောက်ဆုံးမှုသည် အဖြေ မထွက်ရှိခဲ့ဘဲ ၂၀၀၈ ခုနှစ်တွင် Majorana ဟု ယူဆရသူကို ၁၉၅၅ ခုနှစ်က Caracas တွင်တွေ့ခဲ့ရကြောင်း ပြောဆိုသူ တစ်ဦး ပေါ်ထွက်လာခဲ့သည်။ထိုသူသည် အာဂျင်တီးနားနိုင်ငံတွင်ကာလရှည်ကြာစွာနေထိုင်ခဲ့ပြီး သူတွေ့ခဲ့သည့် Majorana ၏ ဓာတ်ပုံ ကိုပြသခဲ့သည်။ကျွမ်းကျင်သူများက ယင်းဓာတ်ပုံကို Majorana ၏ မူရင်းပုံနှင့် တိုက်ဆိုင် စစ်ဆေးပြီးနောက် မှန်ကန် ကြောင်း အတည်ပြုခဲ့သည်။သို့သော် Majorana ပျောက်ဆုံးမှုကို ယနေ့တိုင် မည်သူမျှ တိကျစွာ မသိရှိကြပါချေ။
၃။ Devin Williams
ကင်ဆက်ပြည်နယ်၊ လိုင်ယွန်မြို့တွင်နေထိုင်သည့် ခရီးဝေး ထရပ်ကားမောင်းသူ Devin Williams သည် ဇနီးနှင့် သားသမီးသုံးယောက် ရှိသည်။ ၁၉၉၅ ခုနှစ် မေလတွင် Devin Williams သည် ကုန်ပစ္စည်းပို့ဆောင်ရန် ကာလီဖိုးနီးယား ပြည်နယ်သို့ ထွက်ခွာခဲ့ပြီးနောက် အလုပ်ကိစ္စများပြီးဆုံးချိန်တွင် ကင်ဆက်ပြည်နယ်သို့ သယ်ဆောင်မည့် ကုန်များကို တင် ဆောင်လာခဲ့သည်။ မေလ ၂၈ ရက်တွင် Williams မောင်းနှင်လာသည့် ၁၈ ဘီးကားသည် အာရီဇိုးနားပြည်နယ်ရှိ Tonto အမျိုးသား သစ် တော ဥယျာဉ်အနီးမှ ဖြတ်သန်းလာခဲ့သည်။
ထိုအချိန်တွင် ဥယျာဉ်အတွင်း စခန်းချနေကြသူများ၏ တဲများနှင့် မော်တော် ယာဉ် များကို တိုက်လုနီးပါး ဖြစ်ခဲ့ကာ သစ်တောအလယ်၌ ကားကို ရပ်တန့်ခဲ့ရသည်။ထိုအချိန်တွင် Williams သည် ကားအပြင် ထွက် ကာ လမ်းပေါ်တွင် လျှောက်သွားနေလျက် ဆောက်တည်ရာမရဘဲ `ငါထောင်ကျတော့မယ်`ဟု ဗလုံးဗထွေးပြောနေကြောင်း သက်သေများက မြင်တွေ့ခဲ့ကြသည်။ရဲများရောက်ရှိလာချိန်တွင် ၁၈ ဘီးကားကိုသာ မြင်တွေ့ရပြီး Williams က ပျောက်ဆုံး သွား ခဲ့သည်။
Tonto အမျိုးသား သစ်တောဥယျာဉ်သည် Williams ပုံမှန်မောင်းနေကျ လမ်းမှ မိုင်၅၀ ကွာဝေးသည့် နေရာတွင် ရှိ နေသဖြင့် Williams သည် မည်သို့ ထူးဆန်းစွာ ယင်းနေရာသို့ ရောက်ရှိခဲ့ကြောင်း မသိရှိကြချေ။သူသည် မူးယစ် ဆေးသုံးစွဲသူ သို့မဟုတ် စိတ်ကျန်းမာရေးမကောင်းသူလည်း မဟုတ်သည့်အပြင် သူ၏ ကြီးကြပ်ရေးမှူးအား သူအိပ်ချင်နေကြောင်း ဖုန်းဖြင့် ပြောခဲ့သေးသည်။ Williams ၏ ပျောက်ဆုံးမှုသည် ဆန်းပြားနေသဖြင့် နာမည်ကြီးခဲ့သည်။ ၁၉၉၇ ခုနှစ် မေလတွင် တောင်တက်သမားများ Williams နောက်ဆုံးရှိခဲ့သည့် နေရာမှ မိုင်ဝက်အကွာတွင် အရိုး ခေါင်း တစ်ခုကို တွေ့ရှိခဲ့ရာ ယင်းသည် Williams ၏ ဦးခေါင်းဖြစ်သော်လည်း Williams သည် မည်သို့ ဖြစ်ပျက်ခဲ့ကြောင်းကို ကား မဖော်ထုတ်နိုင်ခဲ့ကြပါချေ။
၂။ Virginia Carpenter
Texarkana မြို့သည် ၁၉၄၆ ခုနှစ်တွင် Phantom Killer ဟု အမည်ပေးထားသည့် မဖော်ထုတ်နိုင်သေးသူတစ်ဦးက လူငါးယောက်ကို သတ်ဖြတ်ခဲ့ရာ မဖြေရှင်းနိုင်သေးသည့် ဆန်းကြယ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။သေဆုံးသူ သုံးဦးကို သိရှိ သည့် ဒေသခံ အမျိုးသမီးငယ် Virginia Carpenter သည် နှစ်နှစ်အကြာတွင် သူမကိုယ်တိုင်မဖြေရှင်းနိုင်သည့် ဆန်းကြယ်မှုနှင့် ရင် ဆိုင်ခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ Virginia Carpenter သည် ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက်တွင် Texarkana မှ ခြောက်နာရီကြာ စီးရသည့် Denton သို့ Texas အမျိုးသမီးကောလိပ်တက်ရောက်ရန် ရထားဖြင့် ခရီးထွက်ခဲ့သည်။ Virginia သည်Denton သို့ ထိုနေ့ညပိုင်းတွင် ရောက်ရှိခဲ့ပြီး မီးရထားဘူတာရုံမှ ကောလိပ်ကျောင်းဆောင်သို့ ကားတစ်စီးငှားရမ်းကာ သွားရောက်ခဲ့သည်။
သို့သော် Carpenter သည် သူ၏ ခရီးဆောင်အိတ်ကို မီးရထားမှ ရွေးယူရန် မေ့နေခဲ့သဖြင့် ဘူတာသို့ ပြန်မောင်းစေခဲ့သည်။ ဘူတာသို့ ရောက်ရှိချိန်တွင်သူ၏ အိတ်မရောက်လာသေးသဖြင့် ယာဉ်မောင်း Jack Zachary အား နောက်နေ့နံနက်တွင် ရွေး ယူပေးရန် ပစ္စည်းရွေးရမည့် စာရွက်ကို ပေးခဲ့ပြီး အဆောင်သို့ ယင်းကားဖြင့်ပင် ပြန်လာခဲ့သည်။ နောက်နေ့နံနက်တွင် Zachary သည် Carpenter ၏ အိတ်ကို မီးရထားဘူတာမှ ရွေးယူပြီး Carpenter ၏ အဆောင် ရှေ့တွင်သွားရောက်ချထားပေးခဲ့သည်။သို့သော် နှစ်ရက်ကြာသည့်အထိ ယင်းအိတ်ကို မည်သူမှ လာရောက်ယူဆောင်ခြင်း မရှိ သည့်အတွက်တက္ကသိုလ် အာဏာပိုင်များနှင့် မိသားစုများသည် Carpenter ပျောက်ဆုံးနေကြောင်းသိရှိခဲ့ကြရသည်။
ထို့ကြောင့် မသင်္ကာသူ ကားမောင်းသမား Zachary ကို စစ်ဆေးခဲ့ရာ Zachary ၏ ဇနီးဖြစ်သူက Zachary သည် ထို နေ့က Carpenter ကို ပို့ပေးပြီးနောက် အိမ်သို့ စောစီးစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။သို့သော် နောင်နှစ် နှစ် အကြာတွင် Zachary ၏ ဇနီးက သူ၏ ထွက်ဆိုခဲ့မှု မမှန်ကန်ကြောင်း ပြောခဲ့သည်။သို့တိုင်အောင် Carpenter ပျောက်ဆုံး မှု နှင့် စပ်လျဉ်း၍ အထောက်အထားမရှိသဖြင့် Zachary အး စွပ်စွဲနိုင်ခြင်းမရှိခဲ့ပါချေ။
၁။ Benjamin Bathurst
အသက် ၂၅ နှစ်သာ ရှိသေးသည် ဗြိတိသျှ သံတမန် Benjamin Bathurst သည် ရည်ရွယ်ချက် ကြီးမားသူတစ်ဦးဖြစ် ကာ ၁၈၀၉ ခုနှစ်တွင် ဗြိတိန် သြစတြီးယား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ လန်ဒန်မှဗီယင်နာသို့ခရီးထွက် ခဲ့ သည်။ သို့သော် ပြင်သစ်တပ်များက ဗီယင်နာကို သိမ်းပိုက်ခဲ့ပြီးနောက် Bathurst ကို လန်ဒန်သို့ အတင်းအကြပ် ပြန်သွားစေ ခဲ့သည်။ နိုဝင်ဘာလ ၂၅ ရက်တွင် Bathurst နှင့် သူ၏ အစေအပါးသည် ဂျာမနီနိုင်ငံ Perleberg မြို့ရှိ White Swan Inn တွင် တည်းခိုခဲ့ကြသည်။ည ၉ နာရီအချိန်တွင် ခရီးဆက်ရန် မြင်းရထား အသင့်ဖြစ်နေသဖြင့် Bathurst သည် အခန်းမှ ထွက်လာခဲ့ပြီး နောက် ပျောက်ဆုံးသွားခဲ့သည်။
နှစ်ရက်အကြာတွင် Bathurst ၏ သားမွေးကုတ်အင်္ကျ ီကို White Swan Inn တွင် အလုပ်လုပ် သူ အမျိုးသားတစ်ယောက်၏ တည်းခိုဆောင်အပြင်ရှိအိမ်တွင် တွေ့ရှိခဲ့သည်။ယင်းအမျိုးသား၏ မိခင်က ယင်းကုတ် အင်္ကျ ီ ကို တည်းခိုဆောင်တွင်တွေ့ရှိသဖြင့် အိမ်သို့ယူခဲ့ကြောင်း ပြောခဲ့သည်။သက်သေတစ်ဦးက Bathurst သည် ထိုညက ယင်း အိမ်အနီး ဝန်းကျင်တွင် လမ်းလျှောက်နေသည်ကို မြင်ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ Bathurst ၏ ဘောင်းဘီရှည်ကို မြို့အပြင်ဘက် သုံးမိုင်အကွာ သစ်တော အတွင်းမှ ရရှိခဲ့သည်။ဘောင်းဘီအိတ်ထဲ တွင် ဇနီးဖြစ်သူထံ ရေးသားထားသည့် Bathurst ၏ ရေးလက်စ စာတစ်စောင်ကို တွေ့ရှိခဲ့ရာ သူသည် အင်္ဂလန်ရှိ အိမ်သို့ ပြန်မရောက်မည်ကို ကြောက်ရွံ့နေကြောင်း ရေးသားထားခဲ့သည်။
ပြင်သစ် စစ်သားများက Bathurst ကို ပြန်ပေးဆွဲခဲ့ကြောင်း ကောလဟလများ ထွက်ပေါ်ခဲ့သော်လည်း ပြင်သစ် အစိုးရက ငြင်းပယ်ခဲ့သည်။၁၈၆၂ ခုနှစ်တွင် တစ်ချိန်က White Swan Inn မှ ဝန်ထမ်းတစ်ဦးပိုင်ဆိုင်ခဲ့သည့် အိမ်အောက်မှ အရိုးစု တစ်ခုကို တွေ့ရှိခဲ့သည်။ ယင်းအရိုးစုသည် Bathurst ၏ ရုပ်အလောင်း ဖြစ်ပြီး သူပျောက်ဆုံးခဲ့ရခြင်းအကြောင်းကိုမူ နှစ်၂၀၀ ကျော်လာသည့်တိုင် မသိရှိခဲ့ကြပါချေ။
ကိုးကား
10 People Who Mysteriously Vanished While Traveling
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post